ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် မတ်လ ၁၃ ရက်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်နေပြီး ထိုဒေသရှိ စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ် (SNA) တို့၏ ကာကင်းစခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၃ ရက်နေ့တွင် အင်းတော်ကြီးကန် အနောက်ဘက်ကမ်း လုံးတုံရွာအနီးရှိ စစ်တပ်နှင့် SNA တပ်များ အခိုင်အမာ ခံစစ်ပြင်ထားသော စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် မတ်လ ၁၄ ရက်တွင် လုံးတုံရွာရှိ ကာကင်းစခန်းနှစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်ခွာသွားကြသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ စခန်းကုန်းနှစ်ခုသည် လုံးတုံရွာရှိ စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များ၏ ပင်မစခန်းကြီးကို ကာကွယ်ထားသည့် ကာကင်းကုန်းများဖြစ်ကြောင်း သိရသည်။ ထိုကာကင်းစခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကြောင့် လုံးတုံရွာရှိ စစ်ကော်မရှင် ပင်မစခန်းကို KIA က တိုက်ခိုက်နိုင်ရန် ပိုမိုနီးစပ်လာကြောင်းလည်း အထက်ပါ စစ်ရေးရင်းမြစ်အမျိုးသားကပြောသည်။
ယမန်နေ့ (မတ်လ ၁၅ ရက်နေ့) အထိ နှစ်ဖက်တပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြသလို ဒရုန်းများဖြင့်လည်း အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လုံးတုံရွာတွင် SNA တပ်များအပြင် မိုးကောင်းမြို့အခြေစိုက် စစ်ကော်မရှင်တပ်၏ အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၃) လက်အောက်ခံ ဟိုပင်မြို့အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ ၃၈၉ မှ တပ်များလည်း ပူးပေါင်းထားသည်။
အင်းတော်ကြီးကန် အနောက်ဘက်ခြမ်းရှိ လုံးတုံ၊ မမုန်ကိုင်နှင့် မိုင်းနောင်ရွာတို့တွင် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက အင်အား ၁,၀၀၀ ခန့်ဖြင့် တပ်စွဲ၍ အခိုင်အမာ ခံစစ်ပြင်ထားကြောင်း သိရသည်။
အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းတွင်လည်း ပြီးခဲ့သည့် တစ်နှစ်ခန့်မှ စတင်၍ စစ်ကော်မရှင်တပ်စွဲထားသည့် ဟဲပါး၊ ဆနွင်းကုန်း၊ အင်းသာ စသည့် ရွာများတွင် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
အဆိုပါ ရွာသုံးရွာကို စစ်ကော်မရှင်တပ်နှင့် SNA တပ်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး KIA ၏ ထိုးစစ်ဆင်မှုကို ဆက်လက် ခုခံနေဆဲဖြစ်သည်။
တိုက်ပွဲတစ်လျှောက်လုံး စစ်တပ်က လေကြောင်းမှ မကြာခဏ ဗုံးကြဲခဲ့ပြီး စစ်ရေးပစ်မှတ်များအပြင် အရပ်သားများရှိသည့်ကျေးရွာများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါ စစ်ရေးရင်းမြစ်အမျိုးသားက ပြောသည်။
“တိုက်ပွဲမှာ အထိနာရင် တိုက်ပွဲဧရိယာမဟုတ်တဲ့ တပ်ရင်းအထိုင်စခန်းတွေ၊ ရွာတွေကို ဂျက်ဖိုက်တာ (တိုက်ခိုက်ရေးလေယာဉ်) သုံးစီး၊ တစ်ခါတလေ လေးစီးနဲ့ ပတ်ပြီး ကြဲချင်ကြဲနေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
အင်းတော်ကြီးကန်သည် မိုးညှင်းမြို့၏ မြောက်ဘက် ၂၈ မိုင်ခန့်အကွာတွင်ရှိပြီး ရှမ်းနီ၊ ကချင်နှင့် အခြားလူမျိုးများလည်း နေထိုင်ကြပြီး စစ်တပ်အာဏာ မသိမ်းမီက ခရီးသွားအများအပြား လာရောက်လေ့ရှိသည့် ဒေသဖြစ်သည်။
တိုက်ပွဲများကြောင့် အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းမှ ဒေသခံများသည် နီးစပ်ရာကျေးရွာများအပြင် အခြားဒေသမြို့ရွာများသို့ပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
အင်းတော်ကြီးကန် ဒေသအများစုကို ထိန်းချုပ်ထားသည့် SNA တပ်က ကျန်ရှိနေသည့် ဒေသခံများထဲမှ လူငယ်များနှင့်ကျောင်းသားများကို စစ်သင်တန်းပေးရန် ပြင်ဆင်နေပြီး ဒေသတွင်းမှ ထွက်ခွာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။
SNA တပ်သည် ယခင်က စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သော်လည်း စစ်တပ်အာဏာ သိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်းပြီး စစ်ကိုင်းနှင့် ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပူးပေါင်းလုပ်ဆောင်နေကြသည်။
ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသအပြင် ဗန်းမော်မြို့နှင့် ခေါင်လန်ဖူးမြို့တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။



