တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကြား တင်းမာမှု ပိုမြင့်လာပြီး မြို့ပတ်ဝန်းကျင်တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ စစ်အင်အားပိုဖြည့်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မြို့လုံခြုံရေးအတွက်ဟုဆိုကာ MNDAA တပ်ဖွဲ့သည် ယခုလဆန်းတွင် မြို့ပေါ်ရပ်ကွက်လမ်းများ၌ စောင့်ကြည့်ကင်မရာများ တပ်ဆင်ခဲ့ရာ ယခုလ ၁၃ ရက်နေ့တွင် TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များကြား ပဋိပက္ခများ စတင်ဖြစ်ခဲ့သည်။
အဆိုပါ ပဋိပက္ခအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင် အနည်းဆုံး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ရုံးများအား TNLA က ပိတ်သိမ်းခဲ့ပြီး တပ်ဖွဲ့ဝင်အချို့အား သိန္နီမြို့အထွက် ခုနစ်မိုင်အကွာရှိ အဆောက်အအုံ တစ်ခုသို့ ပို့ဆောင်လိုက်သည်။
နှစ်ရက်အကြာတွင် ကွတ်ခိုင်မြို့ အမှတ် ၆ ရပ်ကွက်ရှိ MNDAA တပ်ဖွဲ့ရုံး၊ မြို့တော်ခန်းမ၊ မိခင်နှင့် ကလေးရုံးများတွင် ဖွင့်လှစ်ထားသည့် MNDAA တပ်ဖွဲ့ရုံးများ အားလုံးအား TNLA တပ်ဖွဲ့က ပိတ်သိမ်းလိုက်ရာ နှစ်ဖက်တပ်ဖွဲ့များကြား တင်းမာမှု ပိုမြင့်တက်လာသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူများကြား ညှိနှိုင်းမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပြေလည်မှုမရှိဘဲ စစ်ရေးပိုမိုတင်းမာလာခဲ့သည်။
MNDAA တပ်ဖွဲ့မှ ကွတ်ခိုင်နှင့် ၁၀ မိုင်အကွာ မန်ပြိန်းရွာတွင် စစ်အင်အား ဖြည့်တင်းနေရာမှ ကွတ်ခိုင်မြို့အနီးသို့ တဖြည်းဖြည်း အင်အားတိုးလာသည်ဟု မြို့ခံများထံမှ သိရသည်။
“ကိုးကန့်တွေ မန်ပြိန်းမှာရော၊ ကွတ်ခိုင်အထွက် ကာလိုင်ရွာဘက်မှာရော အင်အားထပ်ဖြည့်လာတယ်။ မြို့ပတ်ပတ်လည်မှာ အင်အားအပြည့်နဲ့ ထပ်ရောက်နေပြီ။ နှစ်ဖက်လုံး အင်အားထပ်ဖြည့်နေတာ” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
သိန္နီမြို့နယ်အတွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များအား MNDAA တပ်ဖွဲ့များက ဖမ်းဆီးခဲ့သည့် ရုပ်သံဖိုင်တစ်ခုလည်း ယခုရက်ပိုင်း ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်သည့်နေရာသည် သိန္နီနှင့် လားရှိုးမြို့ကြားရှိ မိုင်းပါးကျေးရွာတွင် ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“TNLA အယောက် ငါးဆယ်လောက်ကို ကိုးကန့်ကဖမ်းပြီး နမ္မတူဘက်ကို ပြန်ပို့လိုက်တာ”ဟု ဖြစ်စဉ်အခြေအနေ သိရှိသည့် ဒေသခံတစ်ဦးက ပြော သည်။
ထိုဖြစ်စဉ်အပြီးတွင် TNLA ဘက်မှလည်း အင်အားထပ်မံဖြည့်ထားသည်ဟု ဒေသခံများက ဆိုသည်။
“အောက်ခြေမှာ ဖြစ်တဲ့ကိစ္စ အချင်းချင်း ညှိတာ အဆင်မပြေဘူး။ ကိုးကန့်က ကွတ်ခိုင်မှာ ပြန်ထိုင်ချင်တယ်။ TNLA ဘက်ကလည်း လက်ခံချင်ပုံ မရဘူး။ ဆိုတော့ ပြဿနာ မပြေလည်ရင် အခြေအနေ ပိုဆိုးနိုင်တယ်” ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နှစ်ဖက်ပဋိပက္ခနှင့်ပတ်သက်၍ TNLA နှင့် MNDAA တပ်ဖွဲ့တာဝန်ရှိသူများအား Myanmar Now က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။
ညှိနှိုင်းမှုများ မပြေလည်ပါက တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်နေရသည်ဟု ကွတ်ခိုင်မြို့ခံတို့က ဆိုသည်။
“ဘယ်လိုမှ မပြေလည်တော့ဘူးလား မသိဘူး။ နှစ်ဖက်လုံးက စစ်အင်အားတွေ ဖြည့်ပြီး ဟန်ရေးပြနေကြတာ။ မြို့ခံတွေကတော့ ဘယ်ကိုထပ်ပြေးရမလဲ ဖြစ်နေပြီ” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
TNLA နှင့် MNDAA တပ်ဖွဲ့ကြား ပဋိပက္ခ ပိုပြင်းထန်လာပြီးနောက် လားရှိုး၊ သိန္နီလမ်းပိုင်းတစ်လျှောက်တွင် MNDAA တပ်ဖွဲ့က စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ကွတ်ခိုင်မြို့တွင် မြို့ပေါ်တွင်ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာအုပ်စု ၆၈ စုတွင် လူဦးရေ တစ်သိန်းရှစ်သောင်းကျော် နေထိုင်သည်။ မုန်းဝန်း၊ တအာင်း (ပလောင်) နှင့် ကချင်လူမျိုးတို့ အများဆုံး ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့အား တအာင်းတပ် (TNLA) က သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ အရှေ့မြောက်အရပ် မိုင် ၅၀ အကွာ တာမိုးညဲမြို့ နှင့် အနောက်ဘက် မိုင် ၂၀ အကွာ သိန္နီမြို့တို့အား ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ထားသည်။
တိုက်ပွဲကာလအတွင်း မဟာမိတ်အချင်းချင်း အပြန်အလှန် ကူညီမှုများရှိခဲ့ပြီး မြို့သိမ်းတိုက်ပွဲအပြီး ကွတ်ခိုင်မြို့တွင် တအာင်းတပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့၏ ပူးတွဲအုပ်ချုပ်ရေးစနစ် ပေါ်လာသည်။
ကွတ်ခိုင်မြို့ပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆက်ဆံရေးရုံးရှိပြီး မြို့နယ်အတွင်း ကချင်တပ် KIA ၏ တပ်မဟာ (၁၀) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားမှုရှိသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မြို့နှင့် ၂၇ မိုင်အကွာရှိ စစ်ကောင်စီ၏ ခလရ- ၁၂၃ တပ်စခန်း အခြေစိုက်သည့် နမ့်ဖတ်ကာ ကျေးရွာအား ကချင်လွတ် မြောက်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးစနစ် ထူထောင်ထားသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ မြို့များအား TNLA က သိမ်းပိုက်ထားရာ လက်ရှိတွင် တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့များကို TNLA က လက်လွှတ်ထားရသည်။
ကိုးကန့်တပ်များ၏ အိမ်ပြန်ခရီး ဟု ဆိုသော “၁၀၂၇ “ စစ်ဆင်ရေးအတွင်း လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ တာမိုးညဲ စသည့် မြို့များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါမြို့များထဲမှ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား တရုတ်အစိုးရအကူအညီဖြင့် စစ်တပ်က ပြန်ရထားသည်။
MNDAA တပ်ဖွဲ့က ၎င်းတို့သိမ်းပိုက်ထားသည့် မြို့များအား လားရှိုးခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်၊ မုံးကိုးခရိုင် ဟူ၍ ခရိုင်လေးခုခွဲကာ အုပ်ချုပ်မည်ဟု ကြေညာခဲ့ရာ ကွတ်ခိုင်မြို့အား ထိန်းချုပ်ထားသည့် TNLA နှင့် ပဋိပက္ခများ ရှိလာခဲ့သည်။
TNLA၊ MNDAA၊ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့တို့သည် “ဝ” တပ်ဖွဲ့ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်ကြသည်။
“၁၀၂၇” စစ်ဆင်ရေးပြီးသည့်နောက် ၎င်းတို့အကြားတွင် နယ်မြေအငြင်းပွားမှုအပေါ် အခြေခံ၍ အောက်ခြေတပ်ဖွဲ့ဝင်များကြား မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ပွားလာခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းကလည်း KIA တပ်များ ကွတ်ခိုင်မြို့တွင်းသို့ ဝင်ရောက်ရန် ကြိုးစားရာမှ TNLA နှင့် တင်းမာမှုများ ဖြစ်ပေါ်လာသည်။ မြို့ပေါ်ရှိ KIA ဆက်ဆံရေးရုံးမှ ဝန်ထမ်းများကို TNLA က ထွက်ခွာခိုင်းခဲ့မှု ဖြစ်ပေါ်ခဲ့သေးသည်။
ထို့နောက် ဧပြီလတွင် ကွတ်ခိုင်မြို့ ဈေးအနီး၌ ငလျင်အတွက် အလှူငွေ ကောက်ခံနေသည့် MNDAA တပ်ဖွဲ့ဝင်များကို TNLA ရဲတပ်ဖွဲ့က လာရောက် တားမြစ်ရာမှ MNDAA က TNLA ရဲများကို ရိုက်နှက်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ KIA ၏ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ကိုးကန့်တပ် (MNDAA) က ဖျက်ဆီးရာမှ အငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားခဲ့သေးသည်။
အလားတူ သီပေါနှင့် လားရှိုးမြို့နယ်အတွင်း၌လည်း MNDAA နှင့် SSPP တပ်ဖွဲ့ကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ခဲ့သည်။
နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ MNDAA တပ်ဖွဲ့နှင့် ဒေသခံများကြားတွင်ပါ ပဋိပက္ခများ ရှိခဲ့သည်။
ယခုလဆန်းပိုင်းတွင် လားရှိုးမြို့နယ် မန်စယ်ရွာအတွင်း MNDAA တပ်ဖွဲ့၏ မြေသိမ်း၍ ရွှေတူးဖော်မည့် လုပ်ငန်းအား ကန့်ကွက်သည့် ကျေးရွာသား ကိုးဦးအား MNDAA တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် ရှမ်းကျောင်းသားသမဂ္ဂနှင့် ရှမ်းလူထုများက တောင်းဆိုခဲ့သည်။
SSPP တပ်ဖွဲ့၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) တွင် ပြန်လွှတ်ပေးလိုက် သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။



