တနင်္သာရီတိုင်း၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်များတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်၏ ဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သား ၂၀ ဦးကျော် သေဆုံးသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာ မောင်မယ်ရှောင် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်စခန်းများကို ဓဝယ် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(DNLA) ၏ ဒူရက စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ စစ်ကြောင်းက ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၁၉ ဦး သေဆုံးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် Type 81 စက်လက် တစ်လက်၊ G 3 ၁၃ လက်၊ G 4 နှစ်လက်၊ AK 47 တစ်လက်၊ MA 5 သုံးလက်၊ G 3 ကျည်ဘောက် ၇၃ ခု၊ လက်ဗစ်ဗုံး၊ ကျည်တောင့်အပါအဝင် စကားပြောစက် ငါးလုံးတို့ကိုလည်း သိမ်းဆည်းမိသည်ဟုလည်း ဒူရက စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်မူ စစ်ကူတက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့ရာ ထိုစစ်ကြောင်းကို ဦးဆောင်သည့် ဗိုလ်မှူးအေးလွင်အပါအဝင် စစ်သားငါးဦး ထပ်မံသေဆုံးသည်ဟုလည်း ဒူရက စစ်ကြောင်းက ဆိုသည်။
စစ်ကော်မရှင်၏ အရာရှိများနှင့် စစ်သားများသေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိသလို စစ်ကော်မရှင်ကလည်း ထိုတိုက်ပွဲသတင်းကို မထုတ်ပြန်ပေ။
ဒူရက စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်မူ သိမ်းဆည်းမိသည့် လက်နက်ခဲယမ်းများနှင့် သုံ့ပန်း ၁၁ ဦး ကိုလည်း ဖမ်းမိထားကြောင်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ အရှင်ဖမ်းဆီးရမိသူများထဲတွင် အရပ်ဝတ်စစ်သားများ နှင့် ရဲယူနီဖောင်းဝတ်ဆင်ထားသူများကို မြင်တွေ့ရသည်။
လတ်တလောတွင် တိုက်ပွဲဖြစ်ရာသို့ စစ်ကော်မရှင်တပ်က စစ်ကူများထပ်မံရောက်ရှိလာပြီး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟုလည်း ထားဝယ်ခရိုင်တွင် လှုပ်ရှားနေသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလ လဆန်းမှစ၍ စစ်ကော်မရှင်တပ်သည် နယ်မြေရှင်းလင်းမှုများ၊ စစ်ကူအင်အားဖြည့်၍ စစ်ကြောင်းထိုးနေသည်ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်း တိုက်ခိုက်ပြီးတာနဲ့ စစ်တပ်က ပြန်တုံ့ပြန်တဲ့ အနေနဲ့ လေကြောင်း၊မြေပြင်စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်တော့တာပဲ” ဟု အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ရေးတင်းမာနေခြင်းကြောင့် မြိတ်-ထားဝယ် လမ်းပိုင်းလည်း ပိတ်ထားရပြီး ယင်းလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းမှ အရပ်သားများ တိမ်းရှောင် နေကြရကြောင်း ထားဝယ်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
“ပြင်းထန်တဲ့ တိုက်ပွဲတွေက ရှိလာနိုင်တော့ စစ်ရေးလမ်းကြောင်းနဲ့ နီးစပ်ရင်ကြိုတင်ပြင်ဆင်မှုလုပ်ပါ။အခက်အခဲတွေရှိလာရင်လည်း ကူညီတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ဖို့လိုပါတယ်” ဟု ယင်းဒေသခံက ဆိုသည်။၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၇၀,၀၀၀ ကျော်ရှိရာ ၂၀၂၅ ခုနှစ်
အကုန်တွင် စစ်ဘေးရှောင် ၉၀,၀၀၀ အထိရှိလာသည်ဟု တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များကို စောင့်ကြည့်မှတ်တမ်းတင်သော လွတ်လပ်သည့်သုတေသနအဖွဲ့ Fe5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။ ထိုသူများအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနှင့် အကူအညီများ လိုအပ်နေသည်ဟုလည်း Fe5 Tanintharyi အဖွဲ့က ဆိုသည်။



