အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းနယ်စပ်နေ မြန်မာဒုက္ခသည် ၉၀ ရာခိုင်နှုန်းခန့် ရိက္ခာထောက်ပံ့ကြေးမရနိုင်တော့

ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုမှ မြန်မာဒုက္ခသည် ၉၀ ရာခိုင်နှုန်းဝန်းကျင်သည် ယခု ဖေဖော်ဝါရီလမှစ၍ စားနပ်ရိက္ခာအတွက် ထောက်ပံ့ကြေးမရနိုင်တော့ကြောင်း ဒုက္ခသည်များထံက သိရသည်။

ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုမှ မြန်မာဒုက္ခသည် ၉၀ ရာခိုင်နှုန်းဝန်းကျင်သည် ယခု ဖေဖော်ဝါရီလမှစ၍ စားနပ်ရိက္ခာအတွက် ထောက်ပံ့ကြေးမရနိုင်တော့ကြောင်း ဒုက္ခသည်များထံက သိရသည်။

မြန်မာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လူသားချင်း စာနာမှုအကူအညီများကို အဓိက ထောက်ပံ့ပေးနေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း The Border Consortium (TBC) သည် နိုင်ငံတကာ အကူအညီများ မရတော့ခြင်းကြောင့် မြန်မာဒုက္ခသည်များကို အကူအညီမပေးနိုင်တော့ဟု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်းတစ်ခုနေ အမည်မဖော်လိုသည် ဒုက္ခသည်အမျိုးသား တစ်ဦးက ပြောသည်။

အမေရိကန်၏ အကူအညီများရပ်ဆိုင်းသွားပြီးနောက် အခြားနိုင်ငံများမှ ကူညီထောက်ပံ့မှုများဖြင့်နယ်စပ်ရှိ ဒုက္ခသည်များကို ကူညီပေးနေခြင်းဖြစ်ရာ လစဉ်ထောက်ပံ့မှုများသည် ရတစ်လှည့်မရတစ်လှည့် ဖြစ်လာကြောင်း ၎င်းက ဆိုသည်။  

ယခုအခါ ဒုက္ခသည်စခန်းကိုးခုတွင် ခိုလှုံနေသူစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော သာမန်အုပ်စုဝင် ဒုက္ခသည်များအား ရိက္ခာထောက်ပံကြေး မပေးတော့ဘဲ ထမင်းဟင်းချက်ရန် မီးသွေးကိုလည်း ငါးကီလိုဂရမ် ပေးရာမှ တစ်ကီလိုဂရမ်သာ ပေးတော့မည်ဟုလည်း ၎င်းက ဆိုသည်။

“ဒါပေမဲ့ မီးသွေးက ၂၅ ရာခိုင်နှုန်း ရဦးမယ်။ ရိက္ခာတော့မရတော့ဘူး ပေါ့နော်” ဟု ၎င်းက ပြောသည်။

“တသမတ်တည်း ဘာမှပြောလို့မရဘူး။ တစ်လနဲ့တစ်လကတော့ မတူဘူး။ မရတာတော့များတယ်။ ကျွန်တော်တို့ကို ကူညီပံ့ပိုးတဲ့ TBC က ပြောတယ်။ ကြိုးစားပေးကြည့်မယ် မသေချာဘူး။ ဒါကြောင့် ဘာမှ အတိအကျပြောလို့မရဘူး။ အခုလက်ရှိ ဘတ်ဂျက် (ဘဏ္ဍာငွေ) အရကြည့်မယ်ဆိုရင် မရတော့ဘူး။ ဒါပေမဲ့ အလှူရှင်တွေက သနားသဖြင့် နည်းနည်းပါးပါး ကူညီလာမယ်ဆိုရင် နည်းနည်းပါပါးပြန်ရမယ်” 

ဒုက္ခသည်များကို Standard(သာမန်)၊ Vulnerable(လိုအပ်သူ)၊ Most vulnerable(အထူးလိုအပ်သူ) စသဖြင့် ခွဲခြားသတ်မှတ်ထားသည်။ စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် သာမန်အုပ်စုဝင် တစ်ဦးသည် တစ်လလျှင် ဘတ် ၃၀၀၊ လိုအပ်သူအဖြစ် သတ်မှတ်ခံရသူသည် ဘတ် ၃၆၀ ရရှိပြီး အထူးလိုအပ်သူကို ဘတ် ၄၀၀ ကျော် ပေးခဲ့ဖူးသည်။

သို့ရာတွင် လိုအပ်သူနှင့် အထူးလိုအပ်သူအုပ်စုဝင်များမှာ ပုံမှန်အတိုင်း ဆက်ရနေဦးမည်ဖြစ်သည်။ ယင်းအပြင် သာမန်အုပ်စုဝင် ဖြစ်သော်လည်း စခန်းစီမံခန့်ခွဲရေးလုပ်ငန်း လုပ်ကိုင်သူအချို့မှာမူ ထောက်ပံ့မှုများ ရရှိဦးမည်ဖြစ်ကြောင်း သိရသည်။

မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီ၊ ရာချ်ဘူရီခရိုင်တို့တွင် မြန်မာဒုက္ခသည်စခန်း ကိုးခုထိရှိပြီး မြန်မာဒုက္ခသည်ပေါင်း တစ်သိန်းဝန်းကျင်ခန့် ဆယ်စုနှစ်နှင့်ချီခိုလှုံနေခြင်းဖြစ်သည်။ 

ထိုစခန်းအားလုံးအတွက် ကူညီထောက်ပံ့မှု ၆၀ ရာခိုင်နှုန်းအား အမေရိကန်က ပေးခြင်းဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက် ပြည်ပအကူအညီများ ရပ်ဆိုင်းမှုနှင့်အတူ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများအတွက် အကူအညီများရပ်ဆိုင်းခံခဲ့ရသည်။ 

ထို့ကြောင့် အခြားနိုင်ငံများ ကူညီထောက်ပံ့သည့် ရန်ပုံငွေ ၄၀ ရာခိုင်နှုန်းဖြင့် ဒုက္ခသည်များအား ဆက်လက်ကူညီပေးခဲ့ရာမှ ထိုအကူအညီများလည်း လျော့ပါးလာခဲ့သည်။ အကူအညီပေးရေး အဖွဲ့များက အကူအညီများရရန် ကြိုးစားမည်ဟု ပြောဆိုထားသော်လည်း မသေချာမရေရာကြောင်း ဒုက္ခသည်တို့က ပြောသည်။

ထောက်ပံ့မှုရစဉ်အချိန်ကတည်းက လောက်ငှမှုမရှိသလို ယခုအခါ လုံးဝမရတော့သဖြင့် ပိုခက်ခဲကြောင်း တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးစခန်းမှ ဒုက္ခသည် ဦးဗညားဇင်က ပြောသည်။ 

“အခက်ခဲကတော့ ရှိတာပေါ့။ ပထမ ရတဲ့အချိန်တုန်းကလည်း တကယ်တမ်းပြောရင် မလောက်ငှဘူး။ မရတော့ ပိုဆိုးတာပေါ့။ မရတော့ အစအဆုံး ကိုယ့်ဘာသာ ဖြေရှင်းရတာပေါ့။ ဧပြီမှာတော့ နည်းနည်း မျှော်လင့်ချက် ရှိတယ် ပြောတာပဲ။ ပြန်ရနိုင်ခြေရှိတယ်ပြောတယ်။ အခုက TBC နဲ့ ချိတ်ဆက်ထားတဲ့ အလှူရှင်တွေရှိမှသာ ပြန်ပေးနိုင်မှာပေါ့” ဟု သူကဆိုသည်။

ဒုက္ခသည်များရပ်တည်ရှင်သန်းရေးအတွက် အကူအညီများနည်းပါးလာချိန် ထိုင်းအစိုးရက ခွင့်ပြုသည့် ဒုက္ခသည်များ အလုပ်လုပ်ခွင့်အစီအစဉ်ကို ပိုမိုအာရုံစိုက်ရန်လိုသည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူများက ဆိုသည်။ 

အမေရိကန်၏ အကူအညီ ရပ်ဆိုင်းခြင်းကြောင့် စခန်းများတွင် အခက်တွေ့နေစဉ်  ထိုင်းအစိုးရက ဒုက္ခသည်များကို  တရားဝင် အလုပ်လုပ်ခွင့်ပြုကြောင်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။ 

Related Articles

Back to top button