ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့်မြောက်ဦးမြို့တို့ကို ပြည်ထောင်စုနေ့ဖြစ်သော (ဖေဖော်ဝါရီလ ၁၂ ရက်) ယမန်နေ့ည ၉ နာရီကျော်အချိန်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သုံးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ခုနစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ကို ဗုံးကျရောက်ပေါက်ကွဲစဉ် ထိုရပ်ကွက်နေ ကိုညီချေ(၃၁ နှစ်)၊ ကိုဆန်းဝင်း(၂၃ နှစ်) နှင့် စစ်တွေမြို့မှ တိမ်းရှောင်လာသော ဒေါ်အေးနု(၅၃ နှစ်)၊ ဒေါ်မစောလှ(၆၁ နှစ်) တို့ သေဆုံးကာ ကိုးဦးဒဏ်ရာရရှိသွားသည်။
တချိန်တည်းမှာပင် မြောက်ဦးမြို့၊ ဝေသာလီဟိုတယ်ဟောင်းကို လေယာဉ်က ဗုံးကြဲရာတွင် စစ်တွေမြို့မှ စစ်ဘေးရှောင်လာ၍ ထိုနေရာ၌ ခြံစောင့် လုပ်ကိုင်နေသော ဦးအောင်လင်းစိုးနှင့်ဇနီး ဒေါ်သန္တာစိုး၊ ၎င်းတို့၏ သားဖြစ်သူ သုံးလသားအရွယ် မောင်အောင်လင်းဟိန်းတို့ သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု လူမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်နေသည့် စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“ဒါက ရှင်းရှင်းလင်းလင်းပဲ။ ပြည်ထောင်စုနေ့ကို သူတို့ ဂရုမစိုက်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး ပေါ်လွင်တယ်။ တခြားတစ်ဖက်မှာရောဆိုရင် ပြည်ထောင်စုနေ့မှာ ကိုယ်တိုင်က ငါတို့ မင်းတို့တိုင်းရင်းသားပါဆိုတဲ့ ရခိုင်တွေကို ပြည်သူလူထုတွေကို သတ်ပြတယ်ပေါ့”
“ ကျောက်တော်တို့၊ မြောက်ဦးတို့ ဆိုတာက ဘာ တိုက်ပွဲမှမရှိဘူး။ တကယ်တည်ငြိမ် အေးချမ်းတဲ့နေရာ ဖြစ်တယ်။ ဒီနေရာတွေကိုမှ လေယာဥ်နဲ့လာပစ်တယ်ဆိုတာကတော့ သူတို့ရဲ့လုပ်ရပ်က ကမ်းကုန်သွားပြီ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို လက်လွှတ်ထားရသည့် အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်( AA ) ထိန်းချုပ်ထားသည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေရာ အရပ်သားအများအပြားသေဆုံး ဒဏ်ရာရရှိနေသည်။
စစ်ကို စစ်နှင့်တူအောင်မတိုက်ဘဲ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က Myanmar Now က မေးမြန်းထားသည့် အင်တာဗျူးတစ်ခုတွင် ပြောထားသည်။
“ဒီလိုလုပ်တာလည်း လူသား ဆန်တာ၊မဆန်တာထက် လူစိတ်မရှိတာပေါ့နော်”ဟု ၎င်းက မှတ်ချက် ပြုထားသည်။
အာဏာသိမ်းစစ်တပ်ဘက်ကမူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဟု ဆိုသော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သလို စစ်ခေါင်းဆောင်နှင့် ဇနီး တက်ရောက်ခဲ့ကြပြီး နိုင်ငံအတွင်း စစ်တပ် ထိန်းချုပ်ရာဒေသများ၌ ထိုအခမ်းအနားများ ပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပနေစဉ် ယမန်နေ့ တပြိုင်နက်တည်းတွင် ရခိုင်ဒေသသာမက စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ သေဆုံးထိခိုက်မှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ရှိ AA ၏ အကျဥ်းစခန်းတစ်ခုကို စစ်ကော်မရှင် လေတပ်က ဗုံးကြဲမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်တပ်မိသားစုဝင်များနှင့်စစ်သုံ့ပန်း ၂၁ ဦး သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိသွားသည်။
အလားတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်ကလည်း မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလူနာများနှင့်လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများ စုစုပေါင်း ၃၃ ဦးသေဆုံးပြီး ၇၇ ဦးဒဏ် ရာရရှိခဲ့သည့် ဖြစ်စဉ် ရှိသည်။
AA ထိုးစစ်စတင်သည့်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိနှစ် နှစ် အတွင်း အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၁၅၂ ဦး သေဆုံးပြီး ၂၁၅၃ ဦး ထိခိုက်ဒဏ်ရာရရှိသည်၊ စစ်တပ်က ဖမ်းဆီးထားသူ ၁၀၃၄ ဦးရှိသည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ကျောက်ဖြူမြို့နယ်နှင့်စစ်တွေမြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက် နေကာ ရခိုင်အစပ်ရှိ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတို့ရှိ စစ်စခန်းများကိုလည်း တိုက်ခိုက်နေသည်။
AA သည် ချင်း ပြည်နယ်ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။




ပုံစာ-မြောက်ဦးမြို့ လေကြောင်းတိုက်ခိုက်မှုမှ အပျက်အစီးများကို ယနေ့ နံနက် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)



