“ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ထိန်းချုပ်သည့် မိုင်းပေါက်မြို့အတွင်း လုယက်မှုနှင့် လူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် အမျိုးသားသုံးဦးထဲမှ နှစ်ဦးအား “ဝ” တပ်ဖွဲ့ တရားရေးဌာနက သေဒဏ် စီရင်လိုက်သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်နေ့) နံနက်တွင် မိုင်းပေါက်ဈေးအနီး ဘောလုံးကွင်းအတွင်းအဆိုပါ အမျိုးသား သုံးဦးအား ခေါ်ဆောင်လာပြီး အများရှေ့တွင် တရားစီရင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရားစီရင်သည့်အခမ်းအနားသို့ မြို့ခံများအား လာရောက်ကြည့်ရှုခိုင်းခဲ့ပြီး တရားစီရင်ရေး အပြီး အဆိုပါအမျိုးသား သုံးဦးကို မြို့တွင်း၌ လှည့်လည်ပြသခဲ့သေးသည်ဟု မြို့ခံများက ပြောသည်။
“ဘာအမှုတွေ ကျူးလွန်တယ်ဆိုတာကို ‘ဝ’ လိုရော တရုတ်လိုပါ ဖတ်ပြတယ်။ လုယက်တယ်။ အဲဒီဖြစ်စဉ်မှာ လူသေစေတယ်ဆိုပြီး ပြောတယ်။ အဲဒီထဲက နှစ်ယောက်ကို ခေါ်သွားပြီး (သေဒဏ်) စီရင်လိုက်တယ်။ တစ်ယောက်ကိုတော့ ထောင်ချလိုက်တယ်” ဟု မိုင်းပေါက် ဒေသခံတစ်ဦးက ပြောသည်။
အမှု အခြေအနေ အသေးစိတ်နှင့် သေဒဏ်စီရင်မှုကို စွပ်စွဲခံရသူများဘက်မှ ချေပခွင့် ရမရ ဆိုသည်ကိုမူ တိတိကျကျ မသိရှိရပေ။
ယမန်နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း UWSA ထိန်းချုပ်ရာ ဟိုပန်မြို့အတွင်း ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှု ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးအား “ဝ” တပ်ဖွဲ့က အများရှေ့တွင် သေဒဏ်စီရင်ခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဟိုပန်မြို့ရှိ စတိုးဆိုင် ဓားပြတိုက်မှုအတွင်း လူသတ်မှု ကျူးလွန်သည့် အမျိုးသားတစ်ဦးအား အများရှေ့တွင် သေဒဏ်စီရင်ခဲ့သည်။ ယင်းအပြင် မုဒိမ်းမှု ကျူးလွန်သည့် အမျိုးသား ခြောက်ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်၊ တရုတ်နယ်စပ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်ခုကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။
ထို ခြောက်မြို့နယ်ထဲမှ ဟိုပန်နှင့် မက်မန်းမြို့နယ် နှစ်ခုကိုသာ နေပြည်တော် ဗဟိုအစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ကျန်မြို့နယ်များဖြစ်ကြသည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း နှင့် ပန်ဆန်း (ပန်ခမ်း) တို့ကို UWSA “ဝ” တပ်ဖွဲ့က အုပ်ချုပ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ဟိုပန်နှင့် ပန်လုံနှစ်မြို့ကိုပါ စစ်တပ်က လက်လွှတ်ခဲ့ရပြီး မက်မန်းမြို့နယ် တစ်ခုတည်းသာ စစ်တပ်အုပ်ချုပ်မှုအောက်တွင် ကျန်ရှိသည်။
ဟိုပန်နှင့် ပန်လုံအား “ဝ” ဒေသ နမ့်တစ်မြို့နှင့် ပေါင်းကာ ဟိုပန်ခရိုင်အဖြစ် “ဝ” တပ်ဖွဲ့က သတ်မှတ်ပြီး အုပ်ချုပ်နေသည်။
“ဝ” တပ်ဖွဲ့အနေဖြင့် ၎င်းတို့ထိန်းချုပ်သည့် ဒေသများအတွင်း“ဝ” ပြည်နယ် အခြေခံဥပဒေ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ အခန်း (၄) အရ နိုင်ငံသား၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများအား ချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်ကြောင်း ပြစ်မှုထင်ရှားလျှင် သေဒဏ်နှင့် နှစ်ရှည် ထောင်ဒဏ်များ စီရင်လေ့ရှိသည်ဟု “ဝ” တပ်ဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။
“ဝ” တပ်ဖွဲ့ကဲ့သို့ပင် ကိုးကန့် MNDAA တပ်ဖွဲ့ကလည်း ၎င်းတို့ ဒေသအတွင်း လူသတ်မှုနှင့် ဓားပြမှု ကျူးလွန်သူများအား မကြာခဏဆိုသလို သေဒဏ် ပေးလေ့ရှိသည်။
“ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့သည် တရုတ်နယ်စပ်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။
၎င်းတို့၏ ကိုယ်ပိုင်တရားစီရင်ရေး ပုံစံများသည် တရုတ်အစိုးရ၏ တရားစီရင်ရေး ပုံစံများအား မှီငြမ်းထားပြီး မြန်မာနိုင်ငံ၏ တရားဥပဒေစီရင်ရေးစနစ်မှ ကွဲထွက်နေသည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက ထောက်ပြကြသည်။



