အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တိုက်ပွဲအတွင်း ပြည်သူ့စစ် ၄ ဦးကို KIA ဖမ်းမိ

ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ တစ်ပတ်ကြာ ဖားကန့်မြို့တိုက်ပွဲအတွင်း ကလေးနှစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်တိုက်ပွဲအတွင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ် လေးဦးကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိထားသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်မြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ အမှိုက်ပုံရွာအနီး စစ်ကော်မရှင်တပ်နှင့် KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမှိုက်ပုံရွာအနီး အရပ်ဝတ်ဖြင့်တွေ့ရသည့် ပြည်သူ့စစ် လေးဦးကို KIA က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သည့် ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ပြည်သူ့စစ်လေးယောက်။ လက်နက်မပါ မသင်္ကာလို့ ဖမ်းစစ်တော့ ပြည်သူ့စစ် ဖြစ်နေတာ။ ထွက်ပြေးလာတာလား၊ သတင်းလာယူတာလားတော့ သေချာမသိဘူး လူကြီးတွေလက်ထဲ အပ်လိုက်ပြီ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ထိုသူများ၏ သတင်းကို KPDF တာဝန်ခံတစ်ဦးကလည်း အတည်ပြုပြီး အသေအချာ မစစ်ဆေးရသေးသည့်အတွက် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးဟု ပြောသည်။

တိုက်ပွဲများဖြစ်နေစဉ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်သား ခြောက်ဦး KIA ထံ လက်နက်ချခဲ့သည်ဟုလည်း သိရသည်။

ဖားကန့်တွင် လအတော်ကြာတိုက်ပွဲများ တိုက်ပွဲများ ပြင်းပြင်းထန်ထန်မဖြစ်ဘဲငြိမ်သက်နေခဲ့သော်လည်း ရွေးကောက်ပွဲပြီးသည့်နောက် စစ်တပ်က မြို့အနီးစစ်ကြောင်းများ ပြန်ထိုးလာသည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ တစ်ပတ်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်တပ်များအကျအဆုံးများရှိခဲ့သလို ကလေးနှစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်က ဖားကန့်မြို့မြောက်ဘက် ကပ်လျက်တွင်ရှိသည့် ကာလီချောင်ရွာသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၇)နှစ်အရွယ် အောင်တည်ကြည်ဖြူနှင့်အသက်(၁၃)နှစ်အရွယ် မောင်ဆွတ်ဂျာအောင်တို့နှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့အနောက်ဘက် ဆန်းကြွယ်ရွာမှ ဖားပြင်ရွာသို့သွားသည့် လမ်းပိုင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် အသက်(၁၅)နှစ်မှ(၂၀) ကြားရှိသည့်လူငယ်နှစ်ဦး သေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်က ဖားကန့်မြို့အနောက်ဘက် ထုံးဘိုရွာအနီးတွင် စစ်တပ်နှင့် KIA၊ KPDFပူးပေါင်းတပ်တို့ကြား တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က Y 12 အမျိုးအစားတိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မြေပြင် ရင်ဆိုင်တိုက်ပွဲလည်းရှိတယ်။ လေကြောင်းတိုက်ခိုက်တာလည်းရှိတယ်။ ဖားကန့်ဘက်မှာ။ ပြည်သူလူထုတွေထိခိုက်တာတွေလည်းရှိတယ်။ သေသွားတာတွေလည်း ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းတွင်မူ စစ်တပ်၏ ပန်ကာလေးခုပါ အရှည် ၁၀ ပေခန့်ရှိသည့် အကြီးစား ဒရုန်းတစ်ခုကို KPDF တပ်များက ဆက်သွယ်ရေးဖြတ်တောက်စက် (ဂျန်မာ)ဖြင့် ထိန်းချုပ်ရယူနိုင်ခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့အပြင် ကချင်ပြည်နယ်ရှိ ဝိုင်းမော်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသနှင့်ဗန်းမော်မြို့တို့တွင်လည်း ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်တပ်၏ခြေကုပ်စခန်းအချို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ရေးဆက်လက် တင်းမာနေသလို စစ်တပ်က စစ်ကြောင်း ဆက်ထိုးနေသည့်အတွက် အချိန်မရွေး တိုက်ပွဲဆက်ဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်က ဝိုင်းမော်မြို့ အရှေ့တောင်ဘက်ရှိ KIA တပ်များ သိမ်းပိုက်ထားသည့်ရွှေညောင်ပင်ရွာနှင့် စစ်တပ်၏ ခြေလျှင်တပ်ရင်း ခလရ (၃၂၁) အနီးကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ရွှေညောင်ပင်က ခလရ ၃၂၁ စခန်းထိုင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာကို မနေ့ ညနေကဂျက်ဖိုက်တာတစ်စီးနဲ့ လာပြီးဗုံးကြဲတာ။ ပြည်သူလူထုရဲ့ ကားဝပ်ရှော့ကို ထိပြီးမှကားတော်တော်များများပျက်စီးသွားတယ်။ ပြည်သူက တစ်ယောက်သေသွားတယ်။ လေးယောက်ကတော့ ဒဏ်ရာရတယ်ပြောတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်း အနည်းဆုံး လေးမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီးကချင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စစ်ရေးများ ပိုမိုပြင်းထန်လာနိုင်ကြောင်းဗိုလ်မှူးကြီးနော်ဘူက ဖေဖော်ဝါရီလ၂ ရက်တွင် Myanmar Now ကို ပြောဆိုထားသည်။


Related Articles

Back to top button