အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၆ ဦး KIA ထံလက်နက်ချ

စစ်ကောင်စီတပ်သားတစ်ဦး KIA ထံ လက်နက်ချလာရာ KIA က ဆုကြေးငွေ သိန်း ၃၀ ကျပ် ပေးပြီးနောက် နောက်ထပ် ငါးဦး KIA ထံ ထပ်မံ လက်နက်ချလိုက်သည်။ ဖားကန့်မြို့တွင် ဖြစ်နေသည့် ပြင်းထန်သော တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ရှိသူလည်း သေဆုံးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားတစ်ဦး KIA ထံ လက်နက်ချလာရာ KIA က ဆုကြေးငွေ သိန်း ၃၀ ကျပ် ပေးပြီးနောက် နောက်ထပ် ငါးဦး KIA ထံ ထပ်မံ လက်နက်ချလိုက်သည်။ ဖားကန့်မြို့တွင် ဖြစ်နေသည့် ပြင်းထန်သော တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ရှိသူလည်း သေဆုံးသွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားတစ်ဦး KIA ထံ လက်နက်ချလာရာ KIA က ဆုကြေးငွေ သိန်း ၃၀ ကျပ် ပေးပြီးနောက် နောက်ထပ် ငါးဦး KIA ထံ ထပ်မံ လက်နက်ချလိုက်သည်။ ဖားကန့်မြို့တွင် ဖြစ်နေသည့် ပြင်းထန်သော တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ရှိသူလည်း သေဆုံးသွားသည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွပ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ခြောက်ဦး KIA ထံ လက်နက်ချလိုက်သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်မြို့ အနောက်ဘက်ရှိ မရှီကထောင်၊ ထုံးဘိုစသည့် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် KIA နှင့် ကချင်ဒေသ ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်များ ဇန်နဝါရီလ ၃၀ ရက်မှစတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သားများ သေဆုံးထိခိုက် များပြားခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားတစ်ဦး KIA ထံ စတင်လက်နက်ချသည်။ ထိုတပ်သားကို KIA က ဆုကြေးငွေ သိန်း ၃၀ ကျပ်ပေးပြီးနောက် နောက်ထပ်တပ်သား ငါးဦးသည် KIA ထံ ထပ်မံ လက်နက်ချလာခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က စစ်သား တစ်ယောက်၊ ဒီနေ့မနက်က ငါးယောက်၊ တော်လှန်ရေး အင်အားစုတွေဘက်ကို ချိတ်ဆက်ပြီးဝင်လာတာ။ အခု အဲဒါကို သွားကြိုပေးပြီး ခေါ်လာရတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

KIA ထံ လက်နက်ချသည့် စစ်သား ခြောက်ဦးသည် မိုးကောင်းမြို့အခြေစိုက် အမှတ်(၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံခြေမြန်တပ်ရင်း ခမရ(၃၈၁)မှ တပ်သားများဖြစ်သည်ဟု သိရသည်။ ထိုတပ်သားများ၏ အဆိုအရ ဖားကန့်မြို့တိုက်ပွဲများအတွင်း ယင်းတို့၏ တပ်ခွဲမှူး ဗိုလ်ကြီး ဇာနည်အောင် သေဆုံးသွားသည်ဟု ဆိုသည်။

စစ်သားခြောက်ဦး အလင်းဝင်လာကြောင်းကို ဖားကန့် KPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုပြီး တိုက်ပွဲကာလဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် မရှိသေးဟု ဆိုသည်။

ယနေ့နံနက် (ဖေဖော်ဝါရီလ ၃ ရက်) တွင်လည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် အနောက်ဘက်တွင်ရှိသည့် ထုံးဘိုရွာအနီးနှင့် ဖားကန့်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ အမှိုက်ပုံရွာတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု KPDF အဖွဲ့ထံမှ သိရသည်။

အမှိုက်ပုံကျေးရွာအနီး တပ်စွဲထားသည့် စစ်တပ်ကို KIA၊ KPDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက် နေခြင်းဖြစ်ပြီး စစ်တပ်ကလည်း အမှိုက်ပုံရွာအနီးရှိ သုသာန်တွင် နေရာယူ ခုခံနေသည်ဟု အထက်ပါ KPDF တပ်ဖွဲ့ဝင်က ပြောသည်။

“ကိုယ့်ဘက်က အရင်ဝင်စီးထားလိုက်တာ။ သူတို့လည်း မဆုတ်သေးဘူး။ အမှိုက်ပုံသင်္ချိုင်းထဲမှာ စုနေတယ်။ အခုက အတိအကျပြောလို့မဖြစ်သေးလို့” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ လက်နက်ကြီးကျည် အမှိုက်ပုံရွာအတွင်းသို့ ကျရောက်ခဲ့ရာ  အသက်နှစ် နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် ထိုကလေး၏ မိဘနှစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

ယနေ့နံနက် ၁၁ နာရီခန့်ကလည်း ဖားကန့်မြို့မြောက်ဘက် ကပ်လျက်ရှိ မိုးကာရွာအနီးသို့ စစ်ကော်မရှင်၏ လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းကြောင့် အသက် ၁၃ နှစ်အောက် ကလေးနှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားသည်ဟု ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦးနှင့် ပတ်သက်ပြီး အမည်နှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေသည်ဟုလည်း အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ယမန်နေ့နံနက်တွင်လည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ဖားကန့်မြို့ပေါ်ရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကျောင်းသူနှင့် ကျောင်းသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းနှင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုသည်။

ကချင်ပြည်နယ်အတွင်း ဖားကန့်အပြင် ဝိုင်းမော်နှင့် မိုးညှင်း အင်းတော်ကြီးဒေသတို့တွင် တိုက်ပွဲများဆက်ဖြစ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ အင်းတော်ကြီး အရှေ့ဘက် ဟဲပါးရွာနှင့် အနောက်ဘက် လုံးတုံရွာတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်နှင့် ရှမ်းနီတပ်(SNA)တို့ အထိုင်ချထားသည့် ကာကင်းစခန်းသုံးခုခန့်ကို KIA နှင့် KPDF ပူးပေါင်းတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) တွင် ရှင်းလင်းခဲ့သည်ဟု သိရသည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်၊ မြို့အထွက် လေးမိုင်၊ သုံးမိုင် အနီးဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်အချို့၊ ထောက်ပို့ရေးတပ် ၉၃၃ အနီးဝန်းကျင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

“သူတို့ (စစ်ကော်မရှင်တပ်) လည်း ထိုးစစ်ဆင်တာ၊ ကျွန်တော်တို့လည်း ခုခံတာ။ တစ်ခါတလေကျတော့ ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်တွေပြန်ထိုးတာတွေ အဲဒီလို အပြန်အလှန်ပေါ့။ အဲဒီလိုရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်း အနည်းဆုံး လေးမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စစ်ရေးများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောဆိုထားသည်။

Related Articles

Back to top button