စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့တွင် ဇန်နဝါရီ ၂၈ ရက်နေ့က မြို့ပေါ်ရှိ စစ်တပ်က မြို့အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ နယ်လှည့်ဈေးရောင်းနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထိုနေ့ နေ့လည် ၃ နာရီခန့်တွင် မြို့ပေါ်ရှိ စစ်တပ်၏ ခြေမြန်တပ်ရင်း(၃၀၉)မှ လက်နက်ကြီးများဖြင့် မြို့အနောက်မြောက်ဘက်သို့ ပစ်ခတ်ခဲ့ရာ ကသာမြို့မှ အင်းတော်မြို့သို့ ချိတ်ဆက်ထားသည့် မြို့ရှောင်လမ်းပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်။
လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အဆိုပါလမ်းတွင် သွားနေသည့် ဆိုင်ကယ်တစ်စီးကို ထိမှန်ခဲ့ရာ ဆိုင်ကယ်ပေါ်တွင် စီးနင်းနေသည့် အမျိုးသမီးတစ်ဦးမှာ နေရာတွင်ပင်မီးလောင်သေဆုံးသွားခဲ့ပြီး အမျိုးသားမှာလည်း ဒဏ်ရာများ ရရှိပြီးနောက် ထပ်မံသေဆုံးသွားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကသာမြို့ထဲကနေ ဟောင်ဝှစ်ဇာနဲ့ လှမ်းပစ်တာ နှစ်လုံးကျတာ တစ်လုံးက သူတို့တည့်တည့်ကို ကျပြီးမှ ဆိုင်ကယ်လည်း မီးလောင်သွားတယ် အမျိုးသမီးလည်း ပွဲချင်းပြီသေသွားတယ်၊ အမျိုးသားက လက်တစ်ဖက်ပြတ်သွားတယ်၊ အဲဒီဒဏ်ရာနဲ့ပဲ ည ၁၀ နာရီမှာ ဆုံးသွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ မိတ်ဆွေများဖြစ်ကြပြီး ကချင်ပြည်နယ် မံစီမြို့နယ်ဇာတိများဖြစ်ကာ ရှမ်းမြောက် နမ့်ခမ်းမြို့မှ ဆိုင်ကယ်များကို အင်းတော်၊ မော်လူးစသည့် မြို့များသို့ သယ်ဆောင်ကာ ရောင်းချကြသူများဖြစ်သည်ဟု သိရသည်။
“ရှမ်းမြောက် နမ့်ခမ်းကနေ ဆိုင်ကယ်သယ်ပြီး မော်လူးတို့ အင်းတော်တို့ဘက်မှာ လာရောင်းတဲ့ သူတွေပေါ့၊ သူတို့ရဲ့ ဇာတိကတော့ မံစီမြို့ကလို့သိရတယ်၊ နှစ်ယောက်က လင်မယားတွေမဟုတ်ဘူး အသိတွေလို့ သိရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်မှာလည်း စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ဒါဇင်ဝက်ထက်မနည်း သေဆုံးခဲ့ကြပြီး အရေအတွက် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ကသာမြို့ပေါ်ရပ်ကွက်အချို့နှင့် အနီးအနားရှိ ကျေးရွာများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင်တစ်ဦးဒဏ်ရာရခဲ့သလို ၎င်း၏ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့သည်။
ကသာမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တပ်များနှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တို့ ပူးပေါင်းကာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပြီး မြို့၏ အနောက်ဘက်နှင့် မြောက်ဘက်ရှိ ရပ်ကွက်အချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ဇန်နဝါရီ လဆန်းပိုင်းမှစတင်ကာ စစ်ရေးအရှိန်လျော့ကျသွားပြီဖြစ်ပြီး တိုက်ပွဲကြီးများ မရှိတော့ဘဲ မြို့တောင်ဘက်ရှိ ခမရ(၃၀၉)အနီးတွင်တော့ တိုက်ပွဲငယ်အချို့ မကြာခဏဖြစ်နေသည်ဟု သိရသည်။
လတ်တလောတွင် စစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲများ လျော့ကျသွားသည့်အတွက် မြို့ပေါ်တွင်ကျန်ရစ်သည့် ဒေသခံများမှာလည်း စာသင်ကျောင်းများဖွင့်လှစ်နေကြသလို ဈေးအချို့လည်း ပြန်လည်ရောင်းချနေကြသည်ဟု သိရသည်။
သီတင်းတစ်နှစ်ပတ်ခန့်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း ကသာမြို့၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ ရပ်ကွက်အချို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထားခဲ့သော်လည်း ပြန်လည်နောက်ဆုတ်ခဲ့ရသလို ခမရ(၃၀၉)နှင့် မြို့ပေါ်ရပ်ကွက်အများစုကို စစ်တပ်က ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။
စစ်ကိုင်း-ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိသည့် ကသာမြို့မှာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းတို့မှ ဝင်ရောက်နိုင်သည့် စစ်ရေးအရ အရေးပါသည့်မြို့ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀၀၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။
ကသာမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး ကျေးရွာ ၂၀၀ နီးပါးခန့်ရှိကာ မြို့ပေါ်ရပ်ကွက်များမှလွဲပြီး ကျေးရွာအများစုကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်ခန့်မှစတင်ကာ ထိန်းချုပ်ထားနိုင်သည်။
အာဏာသိမ်းစစ်တပ်ကို NUG အစိုရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားနိုင်သည်။



