ကရင်နီ (ကယား) ပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အကျဉ်းထောင်မှ ထွက်ပြေးသော အကျဉ်းသားများအား ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က Myanmar Now ကိုပြောသည်။
မယ်စဲ့မြို့နယ်ရှိ IEC ၏ အကျဉ်းထောင်အမှတ် (၂) မှ အကျဉ်းသား ၈၀ ကျော်သည် ထောင်ဝန်ထမ်း နှစ်ဦး၏ အကူအညီဖြင့် ဇန်နဝါရီလ ၁၈ ရက် နံနက် ၁ နာရီတွင် အကျဉ်းထောင်မှ လက်နက်ငယ် ကိုးလက်နှင့်အတူ ထိုင်းနိုင်ငံဘက် ဦးတည်ထွက်ပြေးမှု ဖြစ်ခဲ့သည်။
ထိုသို့ဖြစ်ပြီးနောက် ထွက်ပြေးသွားသူများ ပြန်လည်ဖမ်းမိနိုင်ရန် ကရင်နီပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်များက လိုက်လံရှာဖွေခဲ့သည်။
သို့သော်လည်း အခင်းဖြစ်ပွားပြီး တစ်ပတ်ကျော်အကြာတွင် လိုက်လံရှာဖွေမှုရပ်ဆိုင်းလိုက်ပြီဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကဆိုသည်။
“ထိုင်းနယ်မြေကို ကျော်လွန်ပြီး Operation ဘာမှမလုပ်ဖို့ ညွှန်ကြားချက်ရှိထားပြီးသားဖြစ်တယ်။ ဒါကြောင့် ခန့်မှန်းတာကတော့ တစ်ရက် နှစ်ရက် အတွင်းမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်သွားပြီးဖြစ်တယ်ပေါ့။ သူတို့ (စစ်သုံ့ပန်းအကျဉ်းသားများ) က မဝံ့မရဲနဲ့ ထိုင်းစစ်တပ်၊ ထိုင်းရဲဆီမှာ လက်နက်ချတာရှိတယ်။ ပြန်ချုပ်ရရင်တော့ ၁၈ ရက် ၊ ၁၉ ရက်နေ့လောက်ကတည်းက အများစုက ထိုင်းနိုင်ငံဘက်ကို ရောက်သွားတဲ့အတွက် Operation ရပ်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့နယ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထွက်ပြေးသည့် အကျဉ်းသားအရေအတွက်သည် ၇၀ ကျော်ရှိနိုင်သည်ဟု IEC ဘက်ကပြောသည်။
ထွက်ပြေးသွားသူ ၈၀ ကျော်အနက် ၁၀ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ပြန်လည်ဖမ်းမိထားသည်ဟု IEC ထံမှသိရသည်။
စစ်ကော်မရှင်ကို ထောက်ခံရေးသားလေ့ရှိသူများ၏ တယ်လီဂရမ်ချန်နယ်တွင် မယ်စဲ့ထောင်မှ ထွက်ပြေးလာသည့် အကျဉ်းသားများကို ထိုင်းအာဏာပိုင်များက စစ်ကော်မရှင်တပ်ထံသို့ ပြန်လွှဲပေးလိုက်ကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင် ဓာတ်ပုံများနှင့်တကွ ရေးသားကြသည်။
ကရင်နီပြည်နယ်သတင်းများ အထူးပြုဖော်ပြသည့် ကန္တရဝတီတိုင်းမ် သတင်းဌာနကလည်း မယ်စဲ့ရှိ အကျဉ်းထောင်မှ ထွက်ပြေးလာသည့် စစ်သုံ့ပန်းအကျဉ်းသား ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့် ဇန်နဝါရီလ ၂၆ ရက်တွင် လွှဲပြောင်းပေးလိုက်ကြောင်း နယ်စပ်သတင်းရင်းမြစ်အချို့ကို ကိုးကား၍ ရေးသားသည်။
အကျဉ်းသားများထွက်ပြေးသည့် ကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ချက် ထပ်မံထုတ်ရန်ရှိသည်ဟု IEC ဘက်ကဆိုသည်။
အကျဉ်းသားများ ထွက်ပြေးသွားနိုင်ခြင်းသည် IEC ဘက်က လုံခြုံရေးယူရာ၌ လစ်ဟာမှုအချို့ရှိခြင်းကြောင့်ဖြစ်သလို IEC အနေနှင့် အကျဉ်းသားများအား နိုင်ငံတကာစံနှုန်းနှင့် ထိန်းသိမ်းထားသည့်အပေါ် အကျဉ်းသားများဘက်က အခွင့်ကောင်းယူသွားခြင်းဖြစ်သည်ဟု ဦးဗညားခွန်အောင်က ပြောသည်။
“တော်တော်လေးကို ပွင့်ပွင့်လင်းလင်းထားတာရှိတယ်။ နိုင်ငံတကာ မီဒီယာတွေ Access ရဖို့ ခွင့်ပြုထားတာရှိတယ်။ ဒီအချက်တွေက ကျွန်တော်တို့က နိုင်ငံတကာစံကို တတ်နိုင်သမျှ ကျင့်သုံးတဲ့အချိန်မှာ ဒီစံနှုန်းအပေါ် အခွင့်ကောင်းယူပြီး ထောင်သားတွေထွက်ပြေးလွတ်မြောက်နိုင်အောင် ကြိုးစားတာတချို့ ရှိတယ်။ စစ်ကောင်စီဒလန်တွေအစီအမံနဲ့ ထွက်ပြေးတာမျိုးရှိတယ်။ ရိုးရိုးထောင်ဖောက်ထွက်ပြေးတာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
စစ်သုံ့ပန်းထွက်ပြေးလွတ်မြောက်ခြင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်၌ တစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။ စစ်သုံ့ပန်း အကျဉ်းသားခြောက်ဦးသည် အပြင်လုပ်ငန်းခွင် သွားနေစဉ် ထွက်ပြေးသွားကြပြီး လက်ရှိအချိန်အထိ ပြန်မမိသေးပေ။
ကရင်နီပြည်နယ်တွင် မယ်စဲ့ နှင့် ရှားတောမြို့နယ်တို့ကို တော်လှန်ရေးအင်အားစုများက အပြည့်အဝ ထိန်းချုပ်ထားသည်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်ရှိ မြို့များကို စစ်တပ်က နယ်မြေပြန်လည်စိုးမိုး ထိန်းချုပ်ထားသည်။
တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေရှိ အကျဉ်းထောင်၊ အချုပ်စခန်း စသည်တို့မှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ခြင်းသည် ၂၀၂၄ ခုနှစ်ကတည်းက ရှိသည်။
ကိုးကန့်တပ်ဟု လူသိများသော မြန်မာအမျိုးသားများဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အကျဉ်းထောင်မှ စစ်သုံ့ပန်းအကျဉ်းသား ၉၀ ကျော်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ထောင်မှ ထွက်ပြေးခဲ့ကြောင်း RFA သတင်းအရသိရသည်။
ထိုစဉ်က အကျဉ်းသား ၄၀ ကို ပြန်မိပြီး ၅၀ ကျော် လွတ်မြောက်သွားကြောင်း သတင်းတွင်ပါရှိသည်။



