အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းအများစုနေထိုင်ရာ မိုင်းရယ်နှင့်တန့်ယန်းတွင်  ရှမ်းပါတီ SNDP မဲရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းနှင့် မိုင်းရယ်သည် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ပြီး ရွေးကောက်ပွဲ အဆက်ဆက်တွင် ရှမ်းပါတီများကသာ အနိုင်ရလေ့ရှိသော်လည်း စစ်တပ်စီစဉ်သည့် ယခုရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက် နောက်ခံပေးထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရသွားခဲ့သည်။

စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခု ပါဝင်ပြီး စစ်ပွဲများပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တန့်ယန်းနှင့် မိုင်းရယ် မြို့နှစ်မြို့၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။

အဆိုပါ မြို့နှစ်ခုတွင် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ပြီး ရွေးကောက်ပွဲ အဆက်ဆက်တွင် ရှမ်းပါတီများကသာ အနိုင်ရလေ့ရှိသော်လည်း စစ်တပ်စီစဉ်သည့် ယခုရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက် နောက်ခံပေးထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရသွားခဲ့သည်။

“ကြိုတင်မဲတွေမှာပဲ အပြတ်အသတ် ကွာနေတာ။ မဲလာပေးတဲ့သူလည်း နည်းတယ်။ ရွာကလူတွေက မဲပေးစက်ကို ကောင်းကောင်း နားမလည်တာလည်းပါတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံရေးပါတီများနှင့် နီးစပ်သည့် မိုင်းရယ်မြို့ခံကပြောသည်။

စစ်တပ်လက်အောက်ခံ ထွေအုပ်စာရင်းများအရ မိုင်းရယ်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက် (၃) ခုနှင့် ကျေးရွာအုပ်စု (၂၈) အုပ်စုရှိ ပြီး လူဦးရေ ခုနစ်သောင်းနီးပါး နေထိုင်သည်။ ထိုအနက် ငါးသောင်းကျော်သည် ရှမ်းတိုင်းရင်းသားများ ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် မိုင်းရယ်မြို့နယ်၌ မဲပေးနိုင်သူ နှစ်သောင်းခုနစ်ထောင်ဝန်းကျင်ရှိပြီး မဲလာပေးသူသည် တစ်သောင်းခြောက်ထောင်ကျော်သာ ရှိသည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများက ဆိုသည်။

မိုင်းရယ်မြို့တွင် ကျားဖြူဟုလူသိများသည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ စုစုပေါင်း နှစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ကျေးရွာအုပ်စု (၁၇) အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ မဲရလဒ် ထုတ်ပြန်ချိန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလွှတ်တော်အမတ်များက မဲရလဒ် ငါးထောင်ကျော် အသာဖြင့် အနိုင်ရသွားခဲ့သည်ဟု နိုင်ငံရေး ပါတီများနှင့် နီးစပ်သူများထံမှ သိရသည်။

“ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်တဲ့သူက အရင်က ကျားဖြူပါတီကသူပဲ။ သူက ပါတီပြောင်းသွားတာ။ ပြီးတော့ သူက နယ်ခံဖြစ် နေတော့ ရှမ်းအချင်းချင်း ပြိုင်ခိုင်းသလို ဖြစ်နေတာပေါ့” ဟု မိုင်းရယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုယ၊ လွယ်ငင်းစသည့် ကျေးရွာအုပ်စု အချို့အား ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသည်။ 

အဆိုပါ ရွာများတွင် ကိုးကန့်တပ်ဖွဲ့က မဲပုံးထောင်ခွင့် မပြုသဖြင့် ဒေသခံများသည် မိုင်းရယ်မြို့သို့ မဲလာပေးကြရသည်ဟု ဒေသခံများထံမှ သိရသည်။

“လွယ်ငင်းရော ဟိုယရော မိုင်းရယ်မှာပဲ သွားပေးရတယ်။ လေးအုပ်စု လောက်ရှိတယ်။ တချို့က ပထမရက်မှာ ကြိုတင်မဲ ပေးခဲ့တာ” ဟု မိုင်းရယ်မြို့ခံတစ်ဦးက ပြောသည်။

မိုင်းရယ်မြို့ပေါ် ရပ်ကွက်များအား စစ်ကော်မရှင်က အဓိက အုပ်ချုပ်နေပြီး ကျေးရွာအများစုကို ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့က စိုးမိုးထားသည်။

စစ်ကော်မရှင်၏ စစ်သင်တန်းကျောင်းများရှိသည့် တန့်ယန်းမြို့နယ်တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့သည်။

မဲပေးသူ နည်းပါးသဖြင့် ကြိုတင်မဲများသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့သည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံမှ သိရသည်။

တန့်ယန်းမြို့တွင် မြို့ပေါ်ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၄၉) အုပ်စုရှိပြီး လူဦးရေ တစ်သိန်း ခုနစ်သောင်းကျော် နေထိုင်ကြသည်။

 ရှမ်းတိုင်းရင်းသား လူဦးရေသည် ကိုးသောင်းကျော်ရှိပြီး အများဆုံးဖြစ်သည်။ တအာင်းနှင့် “ဝ” တိုင်းရင်းသား လူဦးရေသည် သုံးသောင်းကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် တန့်ယန်းမြို့နယ်အတွင်း မဲပေးနိုင်သူ ရှစ်သောင်းကျော်ရှိပြီး ကြိုတင်မဲများ အပါအဝင် မဲပေးလာသူ လေးသောင်းဝန်းကျင်သာ ရှိသည်ဟု နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံမှ သိရသည်။

တန့်ယန်းမြို့တွင် ယခု ရွေးကောက်ပွဲ အပိုင်း (၂) တွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က လွှတ်တော်နေရာ သုံးခုတွင် အဓိကယှဉ်ပြိုင်ခဲ့ကြပြီး “ဝ” အမျိုးသားပါတီက ပြည်သူ့လွှတ်တော် နေရာတစ်နေရာ အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“ရပ်ကွက်တွေထဲမှာ မဲပေးတဲ့သူတွေ မရှိသလောက်ပဲ။ သူတို့ လော်စပီကာနဲ့ အော်နေတာပဲ။ တချို့ မဲရုံတွေဆို လူမရှိဘူး။ တချို့က ကျားခေါင်းပါတီမပါလို့ မပေးဘူးဆိုပြီး မသွားကြဘူး” ဟု တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တန့်ယန်းနှင့်မိုင်းရယ်မြို့တို့တွင် ဦးခွန်ထွန်းဦး  ဦးဆောင်သည့် ကျားခေါင်းပါတီဟု လူသိများသည့်  ရှမ်းတိုင်းရင်းများသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က လွှတ်တော်နေရာအားလုံးတွင် အနိုင် ရခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် SNLD ပါတီသည် ပါတီမှတ်ပုံတင်ခြင်းမရှိခဲ့သလို ယခုရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုခဲ့ပေ။

၁၀၂၇ စစ်ဆင်ရေးကာလမှ စတင်၍ တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာ အချို့ကို UWSA “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်က မြို့တွင်း အုပ်ချုပ်ရေးကို တာဝန်ယူထားသည်။ အချို့ကျေးရွာများကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ထိန်းချုပ်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချို၊ သီပေါ၊ ကျောက် မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို TNLA က သိမ်းပိုက်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ တာမိုးညဲ၊ ကြူကုတ် (ပန်ဆိုင်း) နှင့် မုံးကိုးမြို့တို့ကို သိမ်းပိုက်ခဲ့သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်နှင့် ပန်လုံမြို့များကို UWSA “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားသည်။

အဆိုပါ မြို့များအနက် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ်က ယခုနှစ်အတွင်း ပြန်လည် သိမ်းပိုက်ထားပြီး တရုတ်၏ ကြားဝင်မှုကြောင့် လားရှိုးမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် MNDAA ထံမှ ပြန်လည် လွှဲပြောင်းရယူခဲ့သည့် လားရှိုးမြို့ပေါ်ရပ်ကွက်များနှင့် တရုတ်နယ်စပ် မူဆယ်မြို့၊ TNLA ထံမှ ပထမဆုံး သိမ်းယူခဲ့သည့် နောင်ချိုမြို့များတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သည်။

လာမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ရှမ်းပြည်မြောက်ပိုင်းမှ သီပေါနှင့် ကျောက်မဲ မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၂၀ ကျော်အနက် မြို့နယ် ခုနစ်ခုတွင်သာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး  TNLA၊ MNDAA နှင့် UWSA  ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မြို့များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပေ။

စစ်ကော်မရှင် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ အပိုင်း (၂) တွင် မိုင်းခတ်မြို့နယ်၌ ကျေးရွာအုပ်စု ၄ အုပ်စု၊ မိုင်းဖြတ်မြို့နယ်၌ ၁ အုပ်စု၊ တန့်ယန်းမြို့နယ်၌ ၁၆ အုပ်စု၊ မိုင်းရယ်မြို့နယ်၌ ၈ အုပ်စု၊ မိုင်းတုံ မြို့နယ်၌ ၃ အုပ်စု၊ မိုင်းယောင်းမြို့နယ်၌ ၈ အုပ်စု၊ မိုင်းယန်းမြို့နယ်၌ မိုင်း ပေါက် မြို့ပေါ် အမှတ် (၁) နှင့် (၂) ရပ်ကွက်များအပါအဝင် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ မောက်မယ်မြို့နယ်၌ ကျေးရွာအုပ်စု ၁ အုပ်စုတို့တွင် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ပထမပတ်တွင် ကြေညာခဲ့သည်။

Related Articles

Back to top button