အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နွေဦးတော်လှန်ရေး စကားလုံးဖြင့် မဲဆွယ်သည့် ပြည်သူ့ပါတီအမတ်လောင်း ထောင် ၁ နှစ် ချခံရ

နိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်သူ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းသည် စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်သောရွေးကောက်ပွဲတွင် ပထမဆုံး ထောင်ဒဏ်ချခံရသူ ကိုယ်စားလှယ်လောင်း ဖြစ်လာသည်။

“၂၀၂၁ နွေဦးတော်လှန်ရေး နှင့် လူထုအရေးတော်ပုံ” ဟူသည့် နိုင်ငံရေး စကားလုံးများ သုံးစွဲမဲဆွယ်ခဲ့သည့် ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။ 

အသက် ၆၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလွင်မြင့်သည် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခု ဖြစ်သော Tik Tok မှ တဆင့် မဲဆွယ်စည်းရုံးစဉ် “၂၀၂၁ နွေဦးတော်လှန်ရေး” တွင်ပါဝင်ခဲ့ကြောင်း ပြောဆို စည်းရုံးခဲ့ပြီး “ ၂၀၂၁ အရေးတော်ပုံ” ဟူသည့် စကားရပ်ကို သုံးစွဲခဲ့မှုကြောင့် အကြမ်းဖက်အားပေးသူဟု ဆိုကာ စစ်တပ်ဝါဒဖြန့်သူများက လှုံဆော်ရေးသားခဲ့သည်။ 

ထို့သို့ လှုံ့ဆော်ခဲ့ပြီးနောက်  ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သည်။ ထို့နောက် ယနေ့ (ဇန်နဝါရီလ ၈ ရက်) တွင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ဖောက်ဖျက်ကျူးလွန်ခြင်း ပုဒ်မ ၅၈ (ဂ) အရ  အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရခြင်းဖြစ်သည်။

ဦးလွင်မြင့်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP) ၏ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဖမ်းဆီးသွားသည်။ 

သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို မြို့နယ်တရားရုံးက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဂ ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ကြောင်း ပြည်သူ့ပါတီ၏ ဥပဒေရေးရာအဖွဲ့ ခေါင်းဆောင် ဦးဝဏ္ဏစိုးက ပြောသည်။ 

“ဦးလွင်မြင့်က တရားစွဲဆိုကတည်းက အာမခံနဲ့ အမှုရင်ဆိုင်တာပေါ့။ အခု အမိန့်ချလိုက်တော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုတော့ တခါတည်း အချုပ်ထဲထည့်တာပေါ့ ။ အခုက ဦးလွင်မြင့်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအချုပ်ထဲမှာပါ” ဟု ၎င်းက ပြောသည်။ 

ဦးလွင်မြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဆက်လက် အယူခံဝင်သွားမည်။ ပြည်သူ့ ပါတီဗဟိုကလည်း သတင်းထုတ်ပြန်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့ ဦးဆောင်သည့် ရွေးကောက်ပွဲတွင် ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံရသည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။  

အလားတူ ရှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ လွှတ်တော်အမတ်လောင်းနှင့် သားဖြစ်သူတို့ကို လူသတ်မှုဖြင့် ၂၀၂၅ ခု နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခံထားရသည်။

ဦးလွင်မြင့်သည် ၁၉၈၈ လူထုအရေးတော်ပုံတွင်  ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည်နှစ် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေး ပုဒ်မ ၅ (ည) ဖြင့် ထောင် ၁၀ နှစ် ကျခဲ့သည်၊ စစ်အာဏာသိမ်ပြီးနောက် နွေဦးတော်လှန်ရေးတွင်လည်း ၎င်း၏ သားဖြစ်သူသည် နိုင်ငံရေးပုဒ်မ ၅၀၅ ဖြင့် ဖမ်ဆီးခံခဲ့ရသည်ဟု ၎င်း၏ မဲဆွယ် လက်ကမ်းစာစောင်တွင် ထည့်သွင်းရေးသားခဲ့သည်။ 

ထို့အပြင် ဖခင်ဖြစ်သူနှင့် သားဖြစ်သူ အပါအဝင် ၎င်း၏ မျိုးဆက် သုံးခုလုံးသည် ခေတ်အဆက်ဆက်  ဒီမိုကရေစီ အရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သောကြောင့် မျိုးဆက်သုံးဆက် နိုင်ကျဉ်း ဖြစ်ခဲ့ရသည်ဟု လက်ကမ်းစာစောင်တွင် ထည့်သွင်းကြေညာခဲ့သည်။ 

 ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပါတီဆိုင်းဘုတ်ထောင်နေသော ပြည်သူ့ပါတီ အမတ်လောင်းများ။ (ဓာတ်ပုံ- Su Lwin Myint)

အာဏာသိမ်း စစ်တပ်က ၎င်းတို့ စိတ်ကြိုက်ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကို အပိုင်း (၁) ကို ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး မဲဆန္ဒနယ်အများစုတွင် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိခဲ့သည်။ 

ရွေးကောက်ပွဲ အပိုင်း (၂) ကို လာမည့် ဇန်နဝါရီလ  ၁၁ ရက်၊ ရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်တို့တွင် ထပ်မံ ကျင်းပသွားမည်ဖြစ်သည်။

စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခု ယှဉ်ပြိုင်မည်ဖြစ်ကာ ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၅၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင် လုံခြုံရေးအင်အား တိုးမြှင့်မည်၊ ရွေးကောက်ပွဲ လုံခြုံရး ထိခိုက်စေသော ဝါဒဖြန့်သူများကို စုံစမ်း အရေးယူမည်ဟု ဇန်နဝါရီလ ၆ ရက်က နေပြည်တွင်တွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ထဲရေး ဝန်​ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထုတ်ဖော်ပြောဆိုထားသည်။ 

စစ်ကော်မရှင်က ၎င်းတို့ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ရွေးကောက်ပွဲဥပဒေတွင် အမြင့်ဆုံး သေဒဏ်အထိ အရေးယူနိုင်သည့် ပုဒ်မများလည်း ပါဝင်သည်၊ ဥပဒေ ပြဠာန်းခဲ့သည့် ၂၀၂၅ ဇူလိုင်လမှ ၂၀၂၆ ဇန်နဝါရီလ ၅ ရက် အထိ ဖမ်းဆီးခံရသူ ၃၃၅ ဦးထိရှိပြီဟု သိရသည်။  

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဂ) သည် လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ မဲပေးရန် သို့မဟုတ် မပေးရန် ဟောပြောလှုံ့ဆော်ပါက ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ကျခံရမည့်အပြင် တရားမဲ့ ပြုကျင့်မှုမြောက်သဖြင့် ရွေးကောက်ပွဲအနိုင်ရပါကလည်း ကန့်ကွက်သူရှိပါက ရွေးကောက်ခံ ကိုယ်စား လှယ်အဖြစ်မှ ရုပ်သိမ်းခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။  

မူလက ပြဋ္ဌာန်းထားသည့် အဆိုပါပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဆဋ္ဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက်  အပိုဒ်ခွဲ (ဂ) တွင် “ နည်းဥပဒေများပါ  မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း “ ဟု ပါရှိသည်။ 

Related Articles

Back to top button