အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်နှင့် မိုးမိတ်တွင် တစ်လကျော်အထိ စစ်ကော်မရှင် အုပ်ချုပ်ရေး မလည်ပတ်နိုင်

စစ်တပ်က တရုတ်အကူအညီဖြင့် ပြန်ရယူထားသော မိုးကုတ်၊ မိုးမိတ်နှစ်မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ဘဲ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးကို ဦးစားပေးနေရသည်ဟု ဒေသခံများထံက သိရသည်။

တရုတ်အစိုးရ ကြီးကြပ်မှုဖြင့် မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို တအာင်းတပ် (TNLA) ထံမှ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည်မှာ တစ်လကျော်ကြာရှိနေပြီ ဖြစ်သော်လည်း ယနေ့အထိ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးကြောင်း ဒေသခံများထံက  သိရသည်။

မိုးကုတ်မြို့ရှိ စစ်တပ်အခြေစိုက်နေရာများအား တော်လှန်ရေးတပ်များက ဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေရာ အုပ်ချုပ်ရေးထက် လုံခြုံရေးကိုသာ စစ်တပ်က ဦးစားပေးနေရသည်ဟု မြို့ခံများက ဆိုသည်။

“မြို့ထဲမှာ အဓိကပြဿနာက ဒရုန်းပါပဲ။ စစ်တပ်ရှိတဲ့နေရာတွေကို နေ့တိုင်းလို ဒရုန်းတွေ လာဝဲနေတယ်။ အုပ်ချုပ်ရေးကတော့ သူတို့ဘာမှ မလုပ်နိုင်သေးဘူး။ စစ်သားတွေပဲရှိတယ် ဝန်ထမ်းတွေ မလာနိုင်သေးဘူး” ဟု မိုးကုတ်မြို့အရှေ့ပိုင်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

မြို့၏ အချက်အချာကျသည့် နေရာများတွင် စစ်ကော်မရှင်တပ်သားများကိုသာတွေ့ရပြီး ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု သိရသည်။

မိုးကုတ်မြို့နှင့် သုံးမိုင်ခန့်အကွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF)၊ မိုးကုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မိုးကုတ်ဗျူဟာစသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ  ခြေကုပ်ယူကာ စစ်တပ်ကို တုံ့ပြန်တိုက်ခိုက်နေကြသည်။

မိုးကုတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာရုံးများထက် ဘုန်းကြီးကျောင်းများ၊ ဆေးရုံအဆောက်အအုံများနှင့် စာသင်ကျောင်းတို့တွင် အဓိကတပ်စွဲထားသည်ဟု မြို့ခံများက ဆိုသည်။

ထို့ကြောင့် တော်လှန်ရေးတပ်များက အဆိုပါနေရာများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ်နေကြသလို မြို့တွင်းစစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေရာ သံဃာနှင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အတွင်း လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု များကြောင့် သံဃာနှစ်ပါး ပျံလွန်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ လယ်ဦးရပ်ကွက်၊ သီရိရတနာ ဘုန်းကြီး ကျောင်းအတွင်း ဒရုန်းဖြင့် ဗုံးချစဉ် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

“အဲဒီကျောင်းမှာတော့ ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက် စစ်တပ်က လာထိုင်နေသေးတယ်။ သူတို့ထွက်သွားပြီး နှစ်ရက်လောက်ကြာမှ ဗုံးကျတာပါ။ ကျောင်းထိပ်ကို (ဗုံး) ကျတော့ ဆရာတော် ပျံလွန်တော်မူသွားတယ်။ လာကြည့်တဲ့ ဒကာမတစ်ယောက်လည်း ဆုံးသွားတယ်” ဟု မိုးကုတ်မြို့ခံ နောက်တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား အပြန်အလှန် စွပ်စွဲမှုများရှိခဲ့ပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို တိတိကျကျမသိရဟု မိုးကုတ်မြို့ခံများက ဆိုသည်။

ဒီဇင်ဘာလအတွင်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ အောင်မြေကျောင်းအနီး လက်နက်ကြီးကျည် ကျရောက်ခဲ့သဖြင့် သံဃာတစ်ပါး ပျံလွန်ခဲ့သည်။

မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်ကျောင်း၊ သဖန်းပင်ဘုန်းကြီးကျောင်း၊ ညောင်သုံးပင်ကျောင်းနှင့် ပိန်းပစ်ရွာ စာသင်ကျောင်းများတွင်လည်း ဒရုန်းဖြင့် ပစ်ခတ်ခံရမှုများကြောင့် အဆောက်အအုံအချို့ ထိမှန် ပျက်စီးခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

“စစ်တပ်က သူတို့နေတဲ့နားမှာ ဂျန်မာတွေ လွှတ်ထားတယ်ဗျ။ ဒရုန်းကျပြီဆိုတာနဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းထုနေတယ်” ဟု အထက်ပါ မိုးကုတ်မြို့ အရှေ့ပိုင်းနေထိုင်သူက ပြောသည်။

ပတ္တမြားအပါအဝင် အဖိုးတန် ကျောက်မျက်ရတနာများ ထွက်ရှိသော မိုးကုတ်မြို့၏ မြို့ပေါ်ရပ်ကွက် ငါးခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး နေထိုင်သည်။​​

မိုးကုတ်မြို့အတွင်း နေ့စဉ်နီးပါး လက်နက်ကြီးကျည်များ ကျရောက်နေသဖြင့်  သံဃာတော်အချို့ အပါအဝင် မြို့ခံအချို့သည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ဆိုသည်။

မိုးမိတ်မြို့၏ အုပ်ချုပ်ရေးအခြေအနေ

မိုးကုတ်မြို့နှင့် ၂၈ မိုင်အကွာရှိ မိုးမိတ်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သော်လည်း မိုးကုတ်ကဲ့သို့ပင် မြို့အုပ်ချုပ်ရေး မတည်ဆောက်နိုင်သေးဟု မြို့ခံများက ဆိုသည်။

မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်တွင်ရှိသည့် မိုးမိတ်မြို့ပေါ်တွင် ရပ်ကွက် လေးခုရှိပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်သည်။

မိုးမိတ်သို့ စစ်တပ် ပြန်လည်ဝင်ရောက်လာပြီးနောက် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မြို့ခံအများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး ယနေ့အထိ နေရပ်မပြန်နိုင်ကြသေးဟု သိရသည်။

မြို့ပေါ်ရပ်ကွက်များနှင့် မြို့အထွက်နေရာများတွင် စစ်တပ် တပ်စွဲထားပြီး တော်လှန်ရေးအင်အားစုဖြစ်သော KIA၊ ABSDF၊ AA နှင့် PDF တပ်ဖွဲ့များက မြို့ကို ဝိုင်းပတ်ထားဆဲဖြစ်သည်ဟု မြို့ခံများထံက သိရသည်။

“အုပ်ချုပ်ရေးအဖွဲ့တွေ ပြန်ဝင်မယ်ဆိုတဲ့ သတင်းတော့ ကြာပြီထွက်နေတယ်။ ဒါပေမဲ့ အခြေအနေ မကောင်းသေးလို့ မဝင်နိုင်သေးဘူး။ မြို့ပြန်လည် ထူထောင်ရေးအတွက်တော့ စာရင်းတွေ ယူထားပြီးသားပါ။ တိုက်ပွဲတွေ မငြိမ်သေးတော့ မြို့ထူထောင်ရေးက မလွယ်သေးဘူး ထင်တယ်” ဟု စစ်ကော်မရှင်၏ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိုးမိတ်မြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးမိတ်မြို့နှင့် ရှစ်မိုင်အကွာရှိ သပိတ်ကျင်း၊ တွင်းငယ်လမ်းပေါ် မန်ကျီးပင်ရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

မြို့အထွက်နေရာများတွင် KIA နှင့် စစ်ကော်မရှင်တပ်တို့သည် လေးဖာလုံခန့်သာ ကွာဝေးနေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု မိုးမိတ်မြို့ခံများက ပြောကြသည်။

“မိုးမိတ်မှာ စစချင်းဖြစ်ခဲ့တဲ့ အဖွဲ့တွေနဲ့ အခုစစ်တပ်က ဆိုင်ထားတာ လေးဖာလုံလောက်ပဲ ရှိတယ်။ ရွှေဇာလီဘက်မှာဆိုင်ထားကြတာ။ တိုက်ပွဲထပ်ဖြစ်လာမှာကို ကြောက်နေရတယ်” ဟု မိုးမိတ်မြို့ခံ တစ်ဦးက ပြောသည်။

တရုတ်အစိုးရက ကြီးကြပ်သည့် နယ်မြေခွဲဝေရေး စီမံချက်ကို လက်မခံကြောင်းနှင့် မိုးကုတ်၊ မိုးမိတ် မြို့နှစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် အတွက် “မိုးကုတ်- မိုးမိတ် ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့” အမည်ဖြင့် တပ်ဖွဲ့သစ်ကို  နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။

မိုးကုတ်မြို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း စစ်တပ် နှင့် NUG လက်အောက်ခံတပ်ဖွဲ့များကြား တိုက်ပွဲကြီးငယ် စုစုပေါင်း ကိုးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်မှ စစ်သား ၁၈ ဦး သေဆုံးခဲ့သည်ဟု NUG က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Related Articles

Back to top button