အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူး၊ နတ်တလင်းနှင့် ကြို့ပင်ကောက်မြို့နယ်များအတွင်း စစ်တပ်နှင့် NUG တပ်များ တိုက်ပွဲများဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း ပဲခူး၊ နတ်တလင်းနှင့် ကြို့ပင်ကောက်စသည့် မြို့နယ်သုံးခုတွင် ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်၍ စစ်တပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များနှင့် ဒေသခံများကပြောသည်။ 

ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ပဲခူးရိုးမအနီး နတ်တလင်းမြို့နယ် အရှေ့ဘက် တယ်လေးကျေးရွာကို စစ်တပ်၏တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အမျိုးသမီးလေးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရရခဲ့သည်ဟု  NUG လက်အောက်ခံ နတ်တလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(နတ်တလင်း ပကဖ)က သတင်းထုတ်ပြန်သည်။

ဒဏ်ရာရသူများကို NUG ၏ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ရင်း အမှတ်(၁) မှ ဆေးတပ်သားများက ကုသပေးနေပြီး တစ်ဦးသည် စိုးရိမ်ရသည်ဟု နတ်တလင်း ပကဖ ကဆိုသည်။

“(တယ်လေးရွာကိုစစ်တပ်က) ဗုံးနဲ့တင်ကြဲတာမဟုတ်ဘူး။ စက်သေနတ်နဲ့ပါ ငါးချက်ပစ်တာ။ သေတဲ့သူတွေက အဲဒီရွာမှာပဲနေတဲ့သူတွေပါ” ဟု နတ်တလင်းမြို့နယ် စစ်ဘေးရှောင်များကိုကူညီနေသည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း၊ သာယာတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်ရှိ ဥယျာဉ်ကြီးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အသက်၂၇ နှစ်အရွယ် ကလေးမိခင်တစ်ဦးသေဆုံးခဲ့ပြီး အသက် ၃၃ နှစ်အရွယ် အမျိုးသားနှင့် အသက် ၈၀အရွယ် အဘွားအိုတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ယင်းအမျိုးသမီးက ဆက်ပြောသည်။ 

သေဆုံးသွားသည့်အမျိုးသမီးတွင် အသက်လေးနှစ်အရွယ် ကလေးကျန်ရစ်ခဲ့ကြောင်းသိရသည်။

နတ်တလင်းနှင့် ကြို့ပင်ကောက်မြို့နယ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်နေသူ သောင်းနှင့်ချီရှိပြီး နတ်တလင်းမြို့နယ်မှ အုန်းနှဲကန်၊ ဖလံပင်၊ တာဂွ၊ ငုတ်တိုနှင့်  သရက်ပင်ကန်ရွာစသော ကျေးရွာတို့ ပါဝင်ကြောင်း ယင်းအမျိုးသမီးက ပြောသည်။

“ကြို့ပင်ကောက်မှာလည်း လေယာဉ်ကို ကြောက်လို့ ပြေးကြတာ။ နှစ်ရက်ဆက်တိုက် ဗုံးကြဲတော့ ရွာပေါင်း ၁၀ ရွာလောက်လူပေါင်း ငါးထောင်ကျော်တယ်။ စစ်ရှောင်တာ။ နတ်တလင်းကလည်း စစ်ရေးတင်းမာတာ လနဲ့ချီကြာပြီဆိုတော့ လူပေါင်းသောင်းနဲ့ချီပြီးရှိတယ်” ဟု ၎င်းကဆိုသည်။

အရပ်သားများသည် ပဲခူးရိုးမနှင့်အစပ် တောင်ကုန်းများအပါအဝင် နေရာလွတ်များတွင် တိမ်းရှောင်နေထိုင်၍ စစ်ဘေးရှောင်နေရပြီး ငွေကြေးတတ်နိုင်သူများက နတ်တလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးနီးစပ်များထံ တိမ်းရှောင်ကြကြောင်းသိရသည်။

ဆောင်းရာသီဖြစ်၍ စစ်ရှောင်များအတွက် စောင်နှင့် ဆေးဝါးများလိုအပ်နေပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ပွဲအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲမကျင်းပမီ ဒီဇင်ဘာလ ၂၈ ရက် မတိုင်ခင်ကတည်းက နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်တို့ရှိ ပဲခူးရိုးမအခြေပြု၍ တော်လှန်ရေးတပ်ဖွဲ့များ မြို့ပေါ်မရောက်ရှိလာစေရန် စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲများဖြစ်၍ စစ်ရေးတင်းမာသည့် အခြေအနေတွင်ရှိနေကြောင်း နတ်တလင်းမြို့နယ် အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဆိုသည်။

“ပဲခူးမြို့ တိုက်ပွဲ”

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင်ပါရှိသည့် ကျေးရွာတစ်ခုတွင် စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြနေချိန် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဆေးဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် တပ်သားအဆင့် စုစုပေါင်းခြောက်ဦး သေဆုံးခဲ့သည်။

 ထို့အပြင် စစ်တပ်မှ တပ်သားငါးဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ငယ် ၁၂ လက်၊ ခဲယမ်း၊ လက်ဗစ်ဗုံး၊ စကားပြောစက်နှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုလက်အောက်ရှိ အမှတ်(၃၇၀၁) တပ်ရင်း၊တပ်ခွဲ(၃) က ဇန်နဝါရီလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲသည် မိနစ် (၄၀) ခန့်ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေးမှုများလည်းရှိခဲ့ကြောင်း ပါရှိသည်။

“ရွေးကောက်ပွဲကို ဆန္ဒဖော်ထုတ်ချိန်မှာ အဲဒီနဲ့အနီးဆုံး မြို့ပေါ်က စကစစစ်ကြောင်းတစ်ကြောင်းက စစ်ကြောင်းထိုးပြီး ဝင်လာတာကို သတင်းရတော့ ကင်းပုန်းစောင့်ပြီးတော့ တိုက်ခိုက်ခဲ့တဲ့ လုပ်ငန်းစဉ်ပါ”ဟု  ပဲခူးတိုင်းစစ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၌ တိုက်ပွဲများရှိနေပြီး နတ်တလင်းမြို့ပေါ်တွင် မြေပြင်တောင်းဆိုမှုအရ သတင်းများဖော်ပြပြီးနောက်ပိုင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုများရှိခဲ့ပြီး မြေပြင်လုံခြုံရေးနှင့် မလိုအပ်သော ဖိအားများရှိလာနိုင်၍ လုံခြုံရေးအခြေအနေကိုကြည့်၍ သတင်းများကို ထုတ်ပြန်နေရသည့် အခင်းအကျင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိအခြေအနေက ဘာပဲပြောပြောမြို့နားရော၊ အမြန်လမ်းပေါ်ရော ကပ်နေတဲ့အတွက် လုံခြုံရေးအရရော၊ မြေပြင်ဖိအားအခြေအနေအရရော၊ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်အရရော၊ ကျွန်တော်တို့သိုသိုသိပ်သိပ်နဲ့ သွားနေရတဲ့ အခင်းအကျင်းပါ” ဟု ၎င်းက ဆက်ပြောသည်။

ပဲခူးတိုင်း‌ ရေတာရှည် စစ်တောင်းမြစ် စစ်တပ်အထိုင်စခန်းသုံးခုနှင့် စစ်ကြောင်းတစ်ကြောင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု  နေပြည်တော် PDF က ထုတ်ပြန်ထားသည်။

Related Articles

Back to top button