အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကသာတိုက်ပွဲ မြို့ပေါ်ရပ်ကွက်အထိ ရောက်လာ၊စခန်းအချို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်

ကသာမြို့သိမ်းတိုက်ပွဲသည် တတိယနေ့သို့ ရောက်ရှိလာပြီး တော်လှန်ရေး ပူးပေါင်းတပ်များက မြို့မြောက်ဘက်ရှိစခန်းကုန်းနှစ်ခုနှင့် ကားကြီးဝင်းတို့ကို သိမ်းပိုက်ကာ မြို့ပေါ်ရပ်ကွက် (၅) နှင့် (၈) အထိ တိုက်ပွဲများ ရောက်လာသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်များနှင့်မဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက်နေရာ မြို့မြောက်ဘက်ရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းကုန်း နှစ်ခုနှင့် ကသာမြို့ ကားကြီးဝင်းတို့ကို တော်လှန်ရေးတပ်များက ထပ်မံထိန်းချုပ်ထားသည်ဟု သိရသည်။

မြို့မြောက်ဘက်ရှိ စစ်တပ်ကာကင်းစခန်းကုန်း နှစ်ခုဖြစ်သည့် သူတော်တောင်နှင့် ရေကန်တောင်စခန်းကုန်းတို့ကို ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ နံနက်တွင်မူ ကသာမြို့ကားကြီးဝင်းကို တော်လှန်ရေးတပ်များက ထပ်မံထိန်းချုပ်ထားသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“သူတော်တောင်၊ ရေကန်တောင်၊ ကားကြီးကွင်း အကုန်ရပြီ” ဟု အဆိုပါ အမျိုးသားကပြောသည်။

ထိုစခန်းကုန်းနှစ်ခုနှင့် ကားကြီးဝင်းတို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်ပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့ထိတော်လှန်ရေးတပ်များ ရောက်ရှိလာပြီး  ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ်ကွက်အမှတ် (၅) နှင့် (၈) တို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ကသာမြို့ခံ အသက် ၃၀ အရွယ် အမျိုးသားက ပြောသည်။

“အခုထိ မနားသေးဘူး မနက်ကလောက်တော့ အသံမများဘူး ပစ်တော့ပစ်နေတယ်။ ပြောရရင်မြို့ထဲဝင်သလောက်တော့ ဖြစ်နေပြီ။ ရပ်ကွက် (၅) ဘက်ကတောင် တချို့လူတွေကလူငယ်အဖွဲ့တွေ (တော်လှန်ရေးတပ်) ကိုမြင်ကြတယ်” ဟု မွန်းလွဲ ၁ နာရီခန့်တွင် အထက်ပါ ကသာမြို့ခံက Myanmar Now ကို ပြောသည်။

နံနက် ၅ နာရီခန့်မှ စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မွန်းလွဲပိုင်းအထိ ပြင်းထန်နေဆဲဟု သိရသည်။တိုက်ပွဲအပြင်းအထန်ဖြစ်သည့်နေရာများသည် စစ်ကော်မရှင်၏ ခြေမြန်တပ်ရင်း ခမရ(၃၀၉)အခြေစိုက်ရာ ကသာမြို့တောင်ဘက်ပိုင်းနှင့် မြို့မြောက်ဘက်ရှိ ရပ်ကွက် (၈) နှင့် (၅) တို့ဖြစ်သည်ဟုလည်းသိရသည်။

ယနေ့ နံနက် ၇ နာရီခန့်တွင် မြို့မြောက်ဘက်ရှိ တိုက်ပွဲပြင်းထန်ရာ နေရာများသို့ စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယမန်နေ့ညကလည်း မြို့အနောက်ဘက်ရှိ ကျန်တောရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“မနေ့ညက (မြို့)အနောက်ဘက်ကိုကြဲချတာ မနက်ကတော့ ရပ်ကွက် (၈) ဘက်ကို လေးလုံးကြဲသွားတယ်။ လူထိတာတော့ မကြားမိသေးဘူး” ဟု ပြောသည်။ 

ယမန်နေ့ တိုက်ပွဲအတွင်း ကျန်တောရွာမှနေအိမ်အချို့အပြင် စေတီကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ခုလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

အထိနာနေသည့် စစ်တပ်သည် ယနေ့နံနက်တွင် ခမရ(၃၀၉)အတွင်းသို့ လေကြောင်းမှ စစ်ကူအချို့ထပ်မံပို့ဆောင်ခဲ့သလို ခမရ(၃၀၉)နှင့် မြို့တွင်း ဆက်စပ်နေသည့် လမ်းကြောင်းများတွင် အင်အားထပ်တိုးထားသည်ဟုလည်း သိရသည်။

ထို့ပြင် မြို့တွင်းရှိ စစ်ရေးအရ အရေးပါသည့် နေရာများတွင်လည်း စစ်ကော်မရှင်တပ်က တပ်စွဲလာသည်ဟုလည်း သိရသည်။ ထို့ပြင် ယမန်နေ့ညနေတွင် ရပ်ကွက် (၆)၊ တောင်ပေါ်ဘုန်းကြီးကျောင်းရှိ စစ်ရှောင် ၁၀၀၀ ခန့်ကို စစ်တပ်က ဖယ်ရှား၍ ထိုဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်ဟု အသက် ၄၀ ခန့်အရွယ် အခြား ကသာဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

ထိုစစ်ရှောင်များသည် မြို့ပေါ်ရှိ အခြားဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရာရှိခိုးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်ဟုလည်း သိရသည်။

မြို့ခံများကို မြို့ပြင်သို့ စစ်ကော်မရှင်တပ်က ထွက်ခွင့်မပြုခြင်းကြောင့် မြို့ခံအများစုသည် မြို့တွင်း၌ ပိတ်မိနေကြပြီး အချို့သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် စုနေကြသလို ကိုယ့်အိမ်တွင်း၌ပင် နေထိုင်သူများလည်းရှိနေသည်ဟု အထက်ပါ ကသာမြို့ခံအမျိုးသားက ပြောသည်။

“အခုက ရွာဘက်ကတွေရာ သုံးဘော၊ ဝဲကြီး အစရှိတဲ့ရွာဘက်ကလူတွေ ပြီးတော့ တိုက်ပွဲနီးတဲ့ရပ်ကွက်ကလူတွေရောဆိုတော့ ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင်လောက်အနည်းဆုံးရှိတယ်” ဟု ပြောသည်။

ကသာမြို့ရှိ စစ်ကော်မရှင်တပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များနှင့်မဟာမိတ်ပူးပေါင်းတပ်များက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

လတ်တလောတွင် မြို့တွင်းရှိနေသည့် ဒေသခံများထိခိုက်၊ သေဆုံးသည့်သတင်းများ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ သို့သော် မြို့တောင်ဘက်ရှိ ခြေမြန်တပ်ရင်း ခမရ(၃၀၉)မှ မြို့မြောက်ဘက်သို့ အမြောက်များဖြင့် ပစ်ခတ်နေသည်ဟုလည်း အထက်ပါ ဒေသခံက ပြောသည်။

“(အမြောက်ဆန်)မြို့အလယ်ကိုတော့ မကျသေးဘူး။ စိတ်တော့ မချရဘူး။ ခေါင်းပေါ်ကနေအမြောက်ဆန်တွေက ဖြတ်နေတာဆိုတော့။ ဒီကောင်တွေက တစ်ခါတလေ တလွဲကျတယ်” ဟု ပြောသည်။

စစ်ကိုင်း-ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိသည့် ကသာမြို့သည်ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းတို့မှ ဝင်ရောက်နိုင်သည့် စစ်ရေးအရအရေးပါသည့်မြို့ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ကျော်နေထိုင်ကြသည်ဟု သိရသည်။

ဒီဇင်ဘာလ လဆန်းပိုင်းမှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်များက ကသာမြို့ကိုသိမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီး မြို့ခံအချို့သည် ကုန်းကြောင်း၊ရေကြောင်းများမှတဆင့် ကြိုတင်ရှောင်ရှားနိုင်ခဲ့ကြသည်ဟု မြို့ခံအချို့ကပြောသည်။

ကသာမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး ကျေးရွာ ၂၀၀ နီးပါးခန့်ရှိကာ မြို့ပေါ်ရပ်ကွက်များမှလွဲ၍ကျေးရွာအများစုကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်ခန့်တွင် စတင်ထိန်းချုပ်ထားသည်။

ကသာမြို့တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော်(ABSDF)၊ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ကသာမြို့သိမ်းတိုက်ပွဲတတိယနေ့အဖြစ် ဆက်လက်တိုက်ခိုက်နေကြောင်း အတည်ပြုထားသော်လည်းအသေးစိတ်အခြေအနေများကို ပြောဆိုရန် ငြင်းဆိုသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာတွင်လည်း ကသာမြို့တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းအတိအကျ မရသေးဟုသာ အကြောင်းပြန်သည်။

ကသာမြို့သိမ်းသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဒီဇင်ဘာလအတွင်းကသာမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများအပြင် မကြာခဏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်နေ့က ကသာမြို့နယ် နမ့်စမ်းရွာနှင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိကျောက်ထုံးကြီးရွာတို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်ထုံးကြီးရွာမှနေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည်။

အာဏာသိမ်းစစ်တပ်ကို NUG အစိုရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များကမကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်နှင့် ရွှေပြည်အေးမြို့တို့ကိုသိမ်းပိုက်ထားသည်။


Related Articles

Back to top button