
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကသာမြို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တပ်၏ ရွေးကောက်ပွဲပထမပိုင်း စတင်ကျင်းပမည့် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၃ နာရီခန့်မှစတင်ကာ ကသာမြို့တောင်ဘက်အထွက်ရှိ ခြေမြန်တပ်ရင်း ခမရ (၃၀၉) အပါအဝင် မြို့ပြင်နေရာအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း လူအနည်းငယ်သာ မဲပေးနိုင်ခဲ့သည်ဟု သိရသည်။
ယနေ့နံနက် အစောပိုင်းတွင်စတင်၍ မြို့ပြင်ဘက် နေရာအချို့၌ တိုက်ပွဲဖြစ်ပွားသံများ ဆက်လက် ကြားနေရသလို လက်နက်ကြီးသံများလည်း ကြားနေရသည်ဟု ကသာမြို့ခံ အမျိုးသားက ပြောသည်။
“မြို့ပြင်ဘက်ထွက်မရတော့ဘူး အဲဒီဘက်မှာရှိတဲ့ ကျွန်တော့်ဈေးဆိုင်က ကလေးတွေကို အကုန်မြို့ထဲ ပြန်ဝင်ခိုင်းရတယ်။ နှစ်ဖက်လုံးက ပိတ်ထားတယ် အပြင်ထွက်မရဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တိုက်ပွဲအဓိက ဖြစ်သည့်နေရာများသည် ရပ်ကွက် (၈)၊ ရပ်ကွက်(၅) နှင့် မြို့အနောက်ဘက်ရှိ ခမရ(၃၀၉)အနီးတို့၌ဖြစ်ပြီး ယမန်နေ့တိုက်ပွဲတွင် စစ်တပ်က သုံးကြိမ်ခန့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းအပြင် ယမန်နေ့တိုက်ပွဲအတွင်း ခမရ(၃၀၉)အနီးရှိ ကျန်းတောရွာ ဒေသခံနှစ်ဦး ဒဏ်ရာရ ခဲ့ပြီးနောက် ကျန်တောရွာခံ လူဦးရေ ၁၀၀၀ ခန့်သည် ကသာမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရသည်ဟု အသက်(၃၀)ခန့်အရွယ် အခြားမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“အခုကျန်တောဘက်ကတော့ စစ်တပ်က နေရာယူထားပြီဗျ။ တပ်ဦးကျောင်းအနောက်ဘက် ကျန်တောရွာ အနောက်ပိုင်းနဲ့ ကြိုးတံတားဘက်ကိုတော့ တပ်ဘက်က ပိတ်ထားတယ် အဝင်မခံဘူး။ ကျန်တောတံတား စစ်တပ်ဘက်သွားတဲ့ဘက်ကနေ စပိတ်တာ။ လယ်ကွင်းဘက်တွေထဲမှာ ရွာသားတွေကျန်နေသေးတယ်လို့ကြားတယ်။ ထွက်မရဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ယနေ့နံနက်တွင်လည်း ခမရ(၃၀၉)နှင့် ရပ်ကွက်(၈) ဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြို့မြောက်ဘက်ရှိ အစွံလေးရပ်ကွက်ဘက်၌ နေအိမ်အချို့ မီးလောင်နေသည်ဟု သိရသည်။
ယနေ့ နံနက်တွင် စစ်တပ်၏ Y 12 အမျိုးအစား လေယာဉ်တစ်စီးကင်းထောက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်သံများ ခေတ္တရပ်တန့်သွားသော်လည်း မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေသည်ဟု အထက်ပါ ကသာမြို့ခံအမျိုးသားက ပြောသည်။
“တိုက်ပွဲပြန်စနေပြီ စေတီကုန်း ဘုန်းကြီးကျောင်းမီးလောင်သွားပြီ။ ကျန်တောရွာဘက်လည်း မီးခိုးလုံးတွေမြင်ရတယ်၊ အိမ်မီးလောင်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ယခုချိန်အထိ စစ်တပ်က မြို့ခံပြည်သူများကို မြို့ပြင်သို့ ထွက်ခွင့်မပေးသည့်အတွက် မြို့ခံအများစု မြို့တွင်း၌ ပိတ်မိနေကြပြီး အချို့သည် ရပ်ကွက်(၆)ရှိ တောင်ပေါ်ဘုန်းကြီးကျောင်း၌ စုနေကြသလို မိမိနေအိမ်များတွင် နေထိုင်သူများလည်းရှိနေသည်။
မြို့တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခြင်း ဗုံးကြဲတိုက်ခိုက်ခြင်းမရှိသေးသလို ဒေသခံများလည်း ယခုအချိန်အထိ အန္တရာယ်ကင်းနေသေးသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
ကသာမြို့တွင် ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။
ဒီဇင်ဘာလ လဆန်းပိုင်းမှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်များက ကသာမြို့ကို သိမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီး မြို့ခံအချို့သည် ကြိုတင်ရှောင်ရှားနိုင်ခဲ့ကြသည်ဟု မြို့ခံအချို့ကို ကိုးကား၍ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တစ်အိမ်လုံးတော့ မရှောင်ကြဘူး။ အိမ်တိုင်း အိမ်အစောင့်တော့ နေကြသေးတယ်။ သူခိုးရန်ကလည်း ကြောက်ရတော့။ မိန်းမတွေ ကလေးတွေ သက်ကြီးတွေ အတော်များများတော့ ရှောင်ကြတယ်” ဟု ၎င်းက ပြောသည်။
“အဖေတို့တော့ မြို့သိမ်းတာနဲ့ ကမ်းနားမှာ စက်လှေပြင်ထားတယ်ပြောတယ်။ သူ့အဖော်တွေနဲ့ ကျန်တဲ့သူတွေအတွက်။ အိမ်မှာတွေကျ မြေမရှိတော့ မြို့ကပဲထွက်မှရမှာ။ တခြားမြို့လို ကတုတ်ကျင်းတူးလို့မရဘူး။ အသင့်တော့လုပ်ထားကြတယ်။ ကျန်တာလည်း ယောကျ်ားတွေ၊ မိန်းမကြီးတွေလောက်ပဲ” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
ကသာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ကသာမြို့တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း အတည်ပြုသော်လည်း အသေးစိတ်အခြေအနေများကို ပြောဆိုခြင်းမရှိပေ။
၂၀၂၃ ခုနှစ်မှစတင်၍ စစ်တပ်သည် ကသာမြို့ပေါ်ရပ်ကွက်များလောက်သာ စိုးမိုးနိုင်ပြီး ကသာမြို့နယ်တွင်းရှိ ကျေးရွာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားနိုင်သည်။
ကသာမြို့သိမ်းသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ဒီဇင်ဘာလအတွင်း ကသာမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများအပြင် မကြာခဏလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းစစ်တပ်ကို NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားနိုင်သည်။



