မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို စစ်တပ်က ယနေ့နံနက်တွင် ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ ဗန်းမောက်မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအပြင် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် စစ်တပ် ပူးပေါင်းတပ်များက ဗန်းမောက်မြို့ကိုအနောက်ဘက်မှ ထိုးစစ်ဆင်နေခဲ့ပြီး တိုက်ပွဲပြင်းထန်နေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နံနက် ၇ နာရီတွင် တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့သလို နံနက် ၉ နာရီကျော်ခန့်တွင်လည်း ဗုံးနှစ်လုံး ထပ်မံကြဲချခဲ့ရာ မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မနက်က တစ်ကြိမ် နှစ်လုံးချတယ်၊ ၇ နာရီလောက်မှာ။ မနက် ၉ နာရီလောက်မှာ နှစ်လုံးထပ်ချသွားပါတယ်။ မြို့မဈေး(စည်ပင်သာယာ) မီးလောင်နေပါတယ်။ ဗန်းမောက်မြို့ထဲ လျှပ်စစ်ဝင်းအနီး၊ စေတီကုန်းဘုရားတောင်ဘက်က မြို့မဈေးပါဗျ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထို့အပြင် ဒုတိယအကြိမ် ဗုံးကြဲမှုတွင် မြို့မဈေးအနီးရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနဝင်းအတွင်းပါ ကျရောက်ခဲ့ပြီး အဆောက်အအုံအချို့ မီးလောင်နေသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
“ဈေးနဲ့ကပ်လျက် တစ်လမ်းခြား ဆောက်လုပ်ရေးဝင်းပါလောင်နေတယ်လို့ သိရပါတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲသံများ ပြန်လည် ငြိမ်သက်သွားပြီး နှစ်ဖက်တပ်များ အပြန်အလှန် စောင့်ကြည့်နေကြသည့် သဘောရှိသည်ဟု မြေပြင်သတင်းရင်းမြစ်ကို ကိုးကား၍ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
SNA နှင့် စစ်တပ်က မြို့အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း(နတလ) ကုန်းနှင့် မြို့အနောက်ဘက် မြို့ပြင်ရှိ နေရာအများစုတွင် ဆက်လက်ထိန်းချုပ်ထားသည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။
“အခုကတော့ ပြန်ငြိမ်သွားပြီတဲ့ အသံတော့ မကြားတော့ဘူးလို့ ပြန်ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး SNA နှင့် စစ်တပ်က မြို့အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် SNA နှင့် စစ်တပ်က အင်အား ပြန်ဖြည့်ပြီး ပြန်တိုက်ခဲ့ရာ ဗန်းမောက်မြို့၏ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ (နတလ)ကုန်းကို နိုဝင်ဘာလ ၁၈ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ထိုမှတဆင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို မကြာခဏ တိုက်ခိုက်နေခြင်းဖြစ်သည်။
SNA သည် စစ်တပ်အာဏာမသိမ်းမီက စစ်တပ်၊ ကချင်လွတ်လပ်ရေးတပ်(KIA)တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပိုမိုနီးစပ်လာသည်။ အချို့တိုက်ပွဲများတွင် စစ်တပ်နှင့် ပူးပေါင်းပြီး KIA နှင့် တော်လှန်ရေးတပ်များကို ပြန်လည် တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့်ဆယ်ဇင်းဒေသတို့တွင် SNA သည် စစ်တပ်နှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ပြုလုပ်နေသည်။
ဒီဇင်ဘာလ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် စစ်တပ်က ဗန်းမောက်မြို့ နားပင်ရွာနှင့် ဗန်းမောက်အနောက်ဘက်ရှိ ကျေးရွာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း တစ်ကျောင်းပျက်စီးခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့ကြသည်။
ဗန်းမောက်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှင့် ဗန်းမောက်မြို့ အရှေ့ဘက် ၂၈ မိုင်အကွာတွင်ရှိသည့် အင်းတော်မြို့ကို ယခုနှစ် ဧပြီလတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
အာဏာသိမ်းစစ်တပ်ကို NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။



