အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေတာရှည်တွင် မဲရုံဖွင့်မည့် အုပ်ချုပ်ရေးမှူးရုံးနှင့်စစ်စခန်းများကို Nay Pyi Taw−PDF တိုက်ခိုက်

စစ်စခန်းများနှင့် မဲရုံထားရှိမည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကို Nay Pyi Taw−PDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်တပ်အထိုင်ချစခန်းများကို ဒီဇင်ဘာ ၂၃ရက် နံနက်ပိုင်းတွင်တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်ဟု နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Nay Pyi Taw−PDF) က ထုတ်ပြန်ထားသည်။

ရေတာရှည်မြို့ အရှေ့ဘက် ငါးမိုင်ကျော်အကွာ ဆွာမကြီးကျေးရွာရှိ စစ်တပ်စခန်း၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အခြားကျေးရွာများရှိ စစ်ကော်မရှင်တပ် အထိုင်စခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Nay Pyi Taw−PDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီတိုက်ပွဲကိုဖော်ဆောင်တာ စခန်းသိမ်းဖို့အဓိကမဟုတ်ဘဲ ရည်ရွယ်ချက်ကတော့ စစ်တပ်ကကျင်းပနေတဲ့ ရွေးကောက်ပွဲကို အဟန့်အတားတစ်ခုအနေနဲ့ အဓိကဖော်ဆောင်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ရေတာရှည်မြို့နယ် အရှေ့ဘက်ရှိ ကျိတ်ပုတီး၊ ခင်တန်း၊ အိုးမြေတူး၊ ရွာသစ်၊ ပိတောက်ကုန်း၊ ဌက်ပျောတောစသည့်ရွာများမှ ဒေသခံများ မဲပေးနိုင်ရန် ဆွာမကြီးကျေးရွာတွင် မဲရုံတည်ဆောက်ရန် ပြင်ဆင်ထားခြင်းကြောင့် ထိုရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး မဲစာရင်များကို ဖျက်ဆီးနိုင်ခဲ့သည်ဟု Nay Pyi Taw−PDF တပ်ရင်း တာဝန်ရှိသူက ဆိုသည်။

“ဆွာမကြီးမှာ တည်ဆောက်ထားတဲ့ မဲရုံနဲ့ပက်သက်တဲ့ လုပ်ထားကိုင်ထားတာတွေ အကုန်လုံးကိုကျတော်တို့ ဖျက်စီးခဲ့တယ်” ဟု ပြောသည်။

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်အသုံးပြုမည်ဖြစ်ရာ ထိုရွာတွင် လျှပ်စစ်မီးမရသည့်အတွက် ဆိုလာဖြင့် လျှပ်စစ်ပေးပြီး ထိုစက်ကို အသုံးပြုမည်ဟု သိရသည်။ သို့သော် ယခု ရွေးကောက်ပွဲကျင်းပရန် နီးလာချိန်အထိ အီလက်ထရောနစ် မဲပေးစက် ထိုရွာသို့ ရောက်မလာသေးဟုလည်း သိရသည်။

ဆွာမကြီးကျေးရွာရှိ စစ်တပ်စခန်းအပြင် ရွာသစ်၊ အိုးမြေတူး၊ ခင်တန်းလေးကျေးရွာများရှိ စစ်ကော်မရှင် တပ်စခန်းများကိုလည်း တိုက်ခိုက်ခဲ့သည်ဟု Nay Pyi Taw−PDF က ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၀ ဦး သေဆုံးသည်ဟု Nay Pyi Taw−PDF တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။ သို့သော် ထိုသေဆုံးအရေအတွက်ကို Myanmar Now က သီးခြားအတည်မပြုနိုင်သော်လည်း သေဆုံးသူများရှိသည်ကိုမူ အတည်ပြုနိုင်သည်ဟု မျက်မြင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆွာမကြီးရွာကို ဝိုင်းပြီး ပတ်ပတ်လည်ကပစ်တာ၊ စစ်သားတွေဆို ကတုတ်ကျင်းထဲ ဝင်ပုန်းကြတာ၊ခုလည်းအလောင်းတွေကို သယ်ပြီး စစ်ကူအင်အားတွေတော့ ပြန်ဖြည့်နေတယ်” ဟု အထက်ပါ မျိုးသားက ပြောသည်။

ဆွာမကြီးကျေးရွာရှိ စစ်တပ်စခန်းကို ဂတုတ်ကျင်းများနှင့် ဘန်ကာများ အခိုင်အမာ တည်ဆောက်ထားပြီး စစ်သားအင်အား ၆၀ ခန့်ရှိသည့် စခန်းဖြစ်သည်ဟုလည်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း မဲရုံများတည်ဆောက်ပြီး ပြည်သူများကို ဖိအားပေးခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Nay Pyi Taw−PDF ၏ ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

ထိုသို့ စစ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသို့ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ကြောင်း မြေပြင်တိုက်ပွဲတွင် ပါဝင်ခဲ့သူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲ အပိုင်း(၁)တွင် ရေတာရှည်မြို့နယ်မှ ကျေးရွာအုပ်စု၁၈အုပ်စုပါဝင်ပြီး တိုက်ပွဲများဖြစ်နေသည့် ဆွာမကြီး၊ ကျိတ်ပတီး၊ စီပိုင်းစသည့်ကျေးရွာများလည်း ပါဝင်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် နေရာများကို ရသမျှနည်းလမ်းဖြင့် ဟန့်တားသွားမည်ဖြစ်ပြီး စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို တားဆီးနိုင်ရန် မဲမထည့်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် Nay Pyi Taw−PDF က တိုက်တွန်းထားသည်။

Related Articles

Back to top button