အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ရွေးကောက်ပွဲအတွက် အကူအညီပေးနေသူများကို တနင်္သာရီအခြေစိုက် KNUနှင့် NUG ပူးပေါင်းစစ်ကြောင်းသတိပေး

စစ်တပ်သည် ထိုရွေးကောက်ပွဲ အထမြောက်စေရန် အရပ်သားများအား ပစ်မှတ်ထားသော ဝေဟင်နှင့်မြေပြင် ထိုးစစ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည်ဟု KNU နှင့် NUG ပူးပေါင်းစစ်ကြောင်းကဆိုသည်။

စစ်တပ်ကဦးဆောင်မည့်ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ထိုရွေးကောက်ပွဲဖြစ်မြောက်အောင် အကူအညီပေးနေသူများကိုလည်း ခွင့်ပြုမည်မဟုတ်ဟု တနင်္သာရီအခြေစိုက် KNU နှင့် NUG ပူးပေါင်းစစ်ကြောင်း BCT-4 က ယမန်နေ့က ကြေညာချက်ထုတ်ကာ သတိပေးလိုက်သည်။

တပ်မဟာ(၄) ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (Brigade-4 Coordination Team) ဟုခေါ်သည့် BCT-4 သည် နိုင်ငံတောင်ပိုင်း တနင်္သာရီဒေသထဲမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ စုပေါင်းထားသည့် ပူးပေါင်းစစ်ကြောင်းဖြစ်သည်။

၎င်းတို့က စစ်တပ်ဦးဆောင်မည့်ရွေးကောက်ပွဲကို ‘အတုအယောင်’ ဟုရည်ညွှန်းပြီး စစ်တပ်သည် ထိုရွေးကောက်ပွဲ အထမြောက်စေရန် အရပ်သားများအား ပစ်မှတ်ထားသော ဝေဟင်နှင့်မြေပြင်ထိုးစစ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည်ဟုလည်းဆိုသည်။

KNU၊ PDF ပူးပေါင်းအဖွဲ့များက တနင်္သာရီတိုင်းအတွင်းတွင် ခရီးသည်တင်ယာဉ်တစ်စီးကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- ဒုစစ်ဒေသမှူးရုံး)

စစ်ကော်မရှင်တပ်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပရန် စီစဉ်ထားပြီး ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့်မြို့နယ်များထဲတွင် တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့ ပါဝင်သည်။

အဆိုပါမြို့များ၌ ကြံ့ခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ တောင်သူလယ်သမားပါတီ (MFDP) တို့က ဝင်ပြိုင်ကြမည် ဖြစ်သည်။ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၂၄ ဦးက ‌ဝင်ရောက်အရွေးခံကြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအခြေအနေ လေ့လာစောင့်ကြည့်သည့်အဖွဲ့အချို့ထံက သိရသည်။

စစ်ကော်မရှင်တပ် ကျင်းပမည့် ရွေးကောက်ပွဲကျင်းပမည့် ရက်နီးလာနေချိန်တွင် တနင်္သာရီတိုင်း၌ စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား အားပြိုင်မှုပိုမိုပြင်းထန်လာကြောင်း တနင်္သာရီတိုင်း အခြေအနေ လေ့လာစောင့်ကြည့်သူများက ဆိုသည်။

စစ်တပ်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း ရေဖြူမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က မကြာသေးသည့် ဒီဇင်ဘာလ ၁၂ ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ပူးပေါင်းတပ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF၊  ဗျူဟာ(၃၃)ဒေါနစစ်ကြောင်း(၃)/KBDF၊ ဗျူဟာ(၃၃) ဒေါနတပ်ခွဲ-၆(ဝေဟင်တပ်ဖွဲ့)၊ ဗျူဟာ(၃၃)ဒေါနတပ်ခွဲ-၈ (LPF) ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ တို့ပါဝင်သည်။

ပြည်သူ့ဆေးရုံ ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၊ သစ်တောဦးစီးမှူးရုံး ၊ စုပေါင်းဌာနဆိုင်ရာရုံး ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဝန်ထမ်းအိမ်ရာများမီးရှို့ခံရကြောင်း စစ်ကော်မရှင်တပ်က သတင်းထုတ်ပြန်သည်။

ရေဖြူသည် လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပမည့် မြို့ သုံး မြို့ထဲက တစ်မြို့ဖြစ်သည်။ တနင်္သာရီတိုင်းတွင် မြို့နယ် ၁၀ မြို့နယ်ရှိသော်လည်း စစ်ကော်မရှင်သည် ရွေးကောက်ပွဲတစ်ပိုင်းတွင် သုံးမြို့စီခွဲ၍ ကျင်းပရန် စီစဉ်နေပုံရကြောင်း တနင်္သာရီတိုင်း အခြေအနေ လေ့လာစောင့်ကြည့်သူများကဆိုသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) (DDMSC)၏ လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးကလည်း တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကို ကာကွယ်မည်ဟုဆိုကာ စစ်ကြောင်းထိုးနေသလို တော်လှန်ရေးအင်အားစုကလည်း ရွေးကောက်ပွဲမဖြစ်မြောက်ရေး ကြိုးပမ်းနေမှုများ မြင်တွေ့နေရကြောင်းဆိုသည်။

“တော်လှန်ရေးအင်အားစုဘက်က စစ်ကော်မရှင်နဲ့ပတ်သက်တဲ့ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီး ဖောက်ခွဲတာတွေတွေ့ရတယ်။ ပြီးခဲ့တဲ့လက ကျွန်တော်တို့လောင်းလုံမြို့နယ်မှာ USDP ရုံးဖောက်ခွဲခံရတာတွေတွေ့ရတယ်။ ရေဖြူမြို့နယ်မှာဆိုရင် ဌာနဆိုင်ရာရုံးတွေ တော်တော်များများ ဖျက်ဆီးခံရတာတွေတွေ့တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်တွင်ပင် တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာ၌ မဲစာရင်းကိစ္စဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဌဖြစ်သူ ဦးကြည်သန်းကို NUG ၏ PDF မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ပစ်သတ်ခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဦးကြည်သန်းသည် PDF ရဲဘော်များ ဖမ်းဆီးစဉ် သေနတ်လုယူ၍ ပြန်လည်ပစ်ခတ်ရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီဇင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မဲစာရင်းပြုစုရာတွင် ပါဝင်သည့် ကျောက္ကာရွာအုပ်ချုပ်ရေးမှူး ဒေါ်စန်းစန်းမူ၏ လက်ထောက်ဖြစ်သူ မချိုဆိုသည့် အမျိုးသမီးကိုမူ PDF က အရှင်ဖမ်းထားသည်။

စစ်ကော်မရှင်ဘက်ကလည်း စစ်တပ်ဆန့်ကျင်သော ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဒေါင်းနက်အဖွဲ့မှ လူ (၅၀) ကို ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ထံ ခြိမ်းခြောက်စာပို့သည်ဟု ဆိုကာ နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များ စောင့်ကြည့်လေ့လာနေသည့် Fe5 Thanintharyi အဖွဲ့မှ အယ်ဒီတာတစ်ဦးကပြောသည်။

KNU နှင့် NUG ပူးပေါင်းစစ်ကြောင်း၏ အဆိုပါသတိပေးချက်ကို ထောက်ခံကြောင်းလည်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တနင်္သာရီအခြေစိုက် အဖွဲ့အစည်း ၁၅ ဖွဲ့ ကလည်း သဘောတူခဲ့ကြသည်။

”အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေအပါအဝင် တော်လှန်ရေးအစုအဖွဲ့အသီးသီးက လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာကို ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေကိုရော နိုင်ငံတကာမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုရော သတင်းစကားပါးတဲ့ သဘောဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပါဝင်သော နိုင်ငံရေးအဖွဲ့ဖြစ်သည့် ထားဝယ်နိုင်ငံရေး ပလက်ဖောင်းမှဦးဟိန်းထက်ကဆိုသည်။

KNU နှင့် NUG ပူးပေါင်းစစ်ကြောင်း၏ ထုတ်ပြန်ချက်ကို သဘောတူထောက်ခံသောအဖွဲ့များသည်၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တနင်္သာရီ) ၊ NUG လက်အောက်ခံ တနင်္သာရီ တိုင်းစစ်ဌာန၊  တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှု ကွန်ရက်၊ ထားဝယ်ခရိုင်နိုင်ငံရေး ပလက်ဖောင်း၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊  ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု၊ ထားဝယ်အမျိုးသမီး သမဂ္ဂ၊ တနင်္သာရီတိုင်း လူငယ်ကွန်ရက် ၊  ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ၊ ထားဝယ်သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းသားများ သမဂ္ဂ ၊  တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာ ဆရာ ဆရာမများ သမဂ္ဂ ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်ခရိုင်) ၊ ဂိမှာန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကော်မတီ – တနင်္သာရီ ၊ တနောသရီ ကရင်လူမျိုးများ လွတ်မြောက်ရေးနှင့် တန်းတူညီမျှရေးအဖွဲ့ တို့ဖြစ်ကြသည်။





Related Articles

Back to top button