အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG ထိန်းချုပ်ထားသည့် မန္တလေးတိုင်းစဉ့်ကူးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

NUG ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့ကို တစ်နှစ်ကျော်အကြာတွင် စစ်ကော်မရှင်တပ်က ပြန်လည် ထိန်းချုပ်သွားသည်။ စဉ့်ကူးမြို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင် ထိုးဖောက်လာပြီး တစ်လနီးပါးအကြာ ယနေ့နံနက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့ကိုစစ်ကော်မရှင်တပ်က ပြန်လည်ထိုးစစ်ဆင်နေရာ ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သွားသည်ဟု စစ်ရေးရင်းမြစ်များနှင့် ဒေသခံများကပြောသည်။

စဉ့်ကူးမြို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင် ထိုးဖောက်လာပြီး တစ်လနီးပါးအကြာ ယနေ့နံနက်ပိုင်းတွင်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ်သည် စဉ့်ကူးမြို့ကို တောင်ဘက်ရှိ မတ္တရာမြို့နယ်ဘက်မှ  အင်အား ၄၀၀ ကျော် ပါသည့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည် ထိန်းချုပ်သွားခြင်းဖြစ်သည်ဟု စဉ့်ကူးမြေပြင်မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားက Myanmar Now ကို ပြောသည်။

“စဉ့်ကူးမြို့ကိုပေးလိုက်ရပြီ။ မနေ့ညနေပိုင်းကစပြီး မြို့ကိုဝင်တာ အခုမနက် မြို့ထဲအနှံ့ သူတို့နေရာယူထားပြီ” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက စဉ့်ကူးမြို့၏တောင်ဘက် လေးမိုင်အကွာ မန္တလေး- မိုးကုတ် လမ်းမကြီးပေါ်ရှိ ရွာကြီးတစ်ရွာဖြစ်သည့် လက်ပံလှကျေးရွာကို စစ်ကော်မရှင်တပ်က သိမ်းပိုက်အထိုင်ချပြီးနောက် ညနေပိုင်းတွင် မြို့အတွင်း ဆက်လက်ဝင်ရောက်ကာ သိမ်းပိုက်ရယူသွားခြင်းဖြစ်သည်ဟုလည်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်သည် လူသူအင်အား၊ လေကြောင်း၊ ဒရုန်းနှင့်လက်နက်ကြီးတို့ကို အားပြုထိုးစစ်ဆင်လာသည့်အတွက် အင်အားမမျှသဖြင့် တော်လှန်ရေးအဖွဲ့များက မြို့မှဆုတ်ခွာပေးခဲ့ရသည်ဟုဆိုသည်။

လက်ရှိတွင်စဉ့်ကူးမြို့၏ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ အပါအဝင် နေရာတော်တော်များများကိုစစ်တပ်က ဝင်ရောက်အထိုင်ချ နေရာယူနေကြသည်ဟု သိရသည်။

စဉ့်ကူးမြို့သည် နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့၏မြောက်ဘက်  ၅၄ မိုင် အကွာအဝေးတွင်ရှိပြီး စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းများအားလုံးကို MDY-PDF က ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ စဉ့်ကူးမြို့ကို စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ NUG လက်အောက်ခံ ၁၂၂၂ တပ်ရင်းနှင့် မြင်းခြံတပ်ရင်း အချို့က ပူးပေါင်း ကာကွယ်ခဲ့ကြသည်။

သို့သော်တစ်နှစ်ကျော်အကြာ ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းကတည်းက MDY-PDF တပ်ဖွဲ့များကစဉ့်ကူးမြို့မှ ဆုတ်ခွာသွားကြသည်ဟု ဒေသခံနှင့်စစ်ရေးရင်းမြစ်များကဆိုသည်။

စဉ့်ကူးမြို့သည် မန္တလေး-မိုးကုတ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး စိုက်ပျိုးရေးနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများဖြင့် အသက်မွေးကြသည့် ဒေသဖြစ်သည်။ လက်ရှိတွင် စစ်ဒဏ်၊ ဗုံးဒဏ်ကြောင့် မြို့ထက်ဝက်နီးပါး ပျက်စီးနေသည့် စဉ့်ကူးမြို့ကို ဒေသခံများလည်း စွန့်ခွာသွားခဲ့ကြသည်။

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့်ဒေသမှ ထောင်နှင့်ချီသည့် ဒေသခံများသည် မန္တလေးမြို့၊စစ်ကိုင်းတိုင်းအတွင်း မြို့များနှင့် နီးစပ်ရာတောတောင်များသို့ ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်။

စစ်ကော်မရှင်တပ်သည် ယခုလများအတွင်း မန္တလေး-မိုးကုတ်လမ်းမကြီး ပြန်လည်စိုးမိုးနိုင်ရေးထိုးစစ်ဆင်နေရာ လက်ရှိတွင်ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များကို ပြန်လည်သိမ်းပိုက်ရရှိသွားရာ ဆက်လက်ရယူရန် တကောင်းမြို့သာ ကျန်ရှိတော့သည်။

တအာင်းတပ် TNLA ထိန်းချုပ်သည့် ပတ္တမြားမြေမိုးကုတ်ကိုလည်း တရုတ်အကူအညီဖြင့် စစ်တပ်ကပြန်လည်ရရှိထားရာ မန္တလေး-မိုးကုတ်လမ်းပိုင်းပွင့်သွားပါက အညာဒေသဘက်သို့ လက်နက်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုခက်ခဲသွားမည်ဟုတော်လှန်ရေးအဖွဲ့ဝင်များက သုံးသပ်ကြသည်။

လက်ရှိတွင် တကောင်းမြို့ကိုလည်း တိုက်ပွဲများမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသဖြင့် ကလေးငယ်များအပါအဝင် ဒေသခံများ သေဆုံးဒဏ်ရာရခဲ့ကြသည်။

တကောင်းမြို့သည် မန္တလေးတိုင်း သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင် ကွာဝေးသည်။

ဧရာဝတီမြစ်၏ အရှေ့ဘက် မြစ်ကမ်းနဖူးတွင်ရှိသော တကောင်းမြို့သည်စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် အသက်မွေးကြပြီး ရှေးခေတ် မြို့ရိုးဟောင်းများ၊ စေတီဟောင်းများကြောင့် ထင်ရှားသည့်မြို့တစ်မြို့ဖြစ်သည်။

Related Articles

Back to top button