အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU ဖမ်းထားသည့် PDF ၅၀ ဦး ပြန်လွှတ်ပေးရန် ညှိနှိုင်းနေ

တနင်္သာရီတိုင်းတွင် ဒေသခံတစ်ဦးကိစ္စနှင့်ပတ်သက်၍ KNU နှင့် PDF တပ်ဖွဲ့ဝင်အချို့ အပြန်အလှန် ထိုးကြိတ်ရာမှ PDF ဗျူဟာမှူး အပါအဝင် ရဲဘော် ၅၀ ဦး ထိန်းသိမ်းခံထားရပြီး ပြန်လွှတ်ပေးရန် ညှိနှိုင်းနေကြသည်ဟု ဆိုသည်။

တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာမှူးတစ်ဦး အပါအဝင် လူ ၅၀ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) က ဖမ်းဆီးထားရာ ပြန်လွှတ်ပေးရန် နှစ်ဖက်တာဝန်ရှိသူများ ယနေ့ ဆွေးနွေးနေသည်ဟု စုံစမ်းသိရသည်။ 

NUG အထူးတိုင်းစစ်ဌာနလက်အောက်ခံ PDF နည်းဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုနှင့် PDF ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း တပ်ရင်းမှူး ရဲဘော်မင်းသားကြီးအပါအဝင် လူ ၅၀ တို့ကို ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက် ) နံနက်ပိုင်းတွင် KNU တပ်မဟာ(၄) မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၁၂) တပ်ရင်းက ဖမ်းဆီးထားခြင်းဖြစ်သည်။ 

သရက်ချောင်းမြို့နယ်အခြေစိုက် PDF ရဲဘော်အချို့နှင့် KNU တပ်မဟာ (၄) အမှတ် (၁၂) တပ်ရင်း လက်အောက်ခံ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်အချို့တို့အကြား ပဋိပက္ခဖြစ်ပွားရာမှ ထိုကဲ့သို့ NUG လက်အောက်ခံတပ်ရင်း ရဲဘော်များ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို သိသည့် သတင်းရင်းမြစ်အချို့က Myanmar Now ကို ပြောသည်။

ဖြစ်စဉ်မှာ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှ ဒေသခံအမျိုးသားတစ်ဦးသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ်ကို ကြမ်းတမ်းစွာ မောင်းနှင်သဖြင့် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ ရဲဘော်တစ်ဦးက ခေါ်ယူပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုမှုကို ဆိုင်ကယ်မောင်းနှင်သူက မကျေမနပ်ဖြစ်ကာ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ဝင် ယောက်ဖဖြစ်သူထံ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၁၁ နာရီခွဲတွင် ထိုပြောက်ကျားတပ်ဖွဲ့မှ KNU ရဲဘော် ခြောက်ဦးက ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ ရဲဘော်အချိုထံ လာရောက်ရာမှ နှစ်ဖက် အပြန်အလှန် ထိုးကြိတ်ခဲ့ကြသည်ဟု ဖြစ်စဉ်သိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့နောက် PDF ရဲဘော် ၅၀ နီးပါးကို လာရောက်ဖမ်းဆီးပြီး သရက်ချောင်းမြို့နယ်ထဲရှိ နေရာခြောက်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများ ပြန်လွှတ်ရန် တပ်မဟာ (၄) KNLA တာဝန်ရှိသူများနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တနင်္သာရီတိုင်းကွပ်ကဲရေး အဖွဲ့ဝင် ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ ညှိနှိုင်းနေကြသည် ဟု သိရသည်။

အဖမ်းခံရသူတစ်ဦးဖြစ်သော PDF နည်းဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော် စောဒါးကိုက ၎င်း၏ လူမှုကွန်ရက်တွင် ညှိနှိုင်းမှု အဆင်ပြေသည်။ မကြာခင် တပ်ရင်းဆီ ပြန်ရောက်မည်ဟု ယနေ့ ရေးသားသည်။

 အထူးတိုင်းစစ်ဌာနလက်အောက်ခံ PDF နည်းဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကို။ (ဓာတ်ပုံ-Myat Ko Ko) 

တနင်္သာရီတိုင်း ကွပ်ကဲရေးအဖွဲ့ဝင် ရဲဘော်ဂျိုကာက “ဆွေးနွေးနေတာ အဆင်ပြေပါတယ်။ ရဲဘော်တွေလည်း လုံခြုံပါတယ်။ တချို့ရဲဘော်တွေက ဆက်သွယ်မှုပြတ်တောက်ပြီး စိုးရိမ်လွန်နေကြတာပါ။ ထိန်းထားခံရတယ်ဆိုတဲ့ ရဲဘော်တွေထဲက တချို့နဲ့လည်း အဆက်အသွယ်ရပါပြီ။ ထိန်းထားတဲ့နေရာကို ကျွန်တော်နဲ့အဖွဲ့ သွားနေပါတယ်။ ထိန်းထားတယ်ဆိုတဲ့ တပ်ရင်း (၁၂) တပ်ရင်းမှူးနဲ့လည်း ကျွန်တော်တို့  လာရောက်ဆွေးနွေးဖို့ ပြောဆိုပြီးပါပြီ” ဟု  Myanmar Now ကို ပြောသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် KNU တပ်မဟာ (၄) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန် မွန်းလွဲပိုင်းအထိ အကြောင်းမပြန်ပေ။

နှစ်ဖက်တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ဖြေရှင်းညှိနှိုင်းမည်ဟု ပဒိုစောအယ်နားက  People’s Spring မီဒီယာကို ပြောထားသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ ဖြစ်စဉ်သည် မီဒီယာများက သတင်းဖော်ပြလိုက်သဖြင့် အခြေအနေပိုမိုရှုပ်ထွေးသွားရကြောင်း  ပြောသည်။

“ဖြစ်စဉ်က သရက်ချောင်းမြို့နယ်ထဲမှာ PDF ဂိတ်နဲ့ KNLA ပြဿနာတက်တယ်။ ဒီကိစ္စမတိုင်ခင်ကလည်း ပြဿနာက ရှိထားတယ်။ တအုံနွေးနွေးနဲ့ဖြစ်နေတာ။ အဲဒါ PDF ဂိတ်မှာ ဆိုင်ကယ်လီဘာဖြဲရင်းနဲ့ ပြဿနာတက်တော့ KNLA ရဲဘော် ခေါင်းပေါက်သွားတယ်ကြားတယ်။ အဲဒါနဲ့ KNLA က လာပြီး အဲဒီဂိတ်ကို လက်နက်ဖြုတ်သိမ်းရင်း ကျန်တဲ့ PDF ရဲဘော်တွေကိုပါ လက်နက်ဖြုတ်လိုက်တယ်ပေါ့” ဟုဆိုသည်။

အဆိုပါ ဖြစ်စဉ်ကို မသိသော  ဗျူဟာမှူး ရဲဘော်စောဒါးကိုနှင့် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း၊ တပ်ရင်းမှူး တို့သည် KNLA တပ်ရင်း (၁၂) နယ်မြေသို့သွားစဉ် ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ သိရသည်။

KNU အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်အရ တပ်မဟာ (၄) နယ်မြေ ဖြစ်သော တနင်္သာရီတိုင်းအတွင်း KNLA တပ်ဖွဲ့ဝင်များ၊ မွန်တော်လှန်ရေးတပ်အချို့၊ ကော်သူးလေအာမီတပ် (KTLA)၊ ဒေသကာကွယ်ရေး အဖွဲ့များ (Local PDF) နှင့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ လှုပ်ရှားနေကြသည်။

NUG အနေဖြင့် နိုင်ငံမြောက်ပိုင်းကို အမှတ် (၁) စစ်ဒေသ ၊ နိုင်ငံတောင်ပိုင်းကို အမှတ် (၂) စစ်ဒေသ ဟု သတ်မှတ်ထားရာ အဆိုပါစစ်ဒေသများအောက်တွင် စစ်ဆင်ရေးနယ်မြေများ၊ စစ်ဌာနများ ပါဝင်သည်။

နိုင်ငံတောင်ပိုင်း အမှတ် (၂) စစ်ဒေသအောက်တွင် အမှတ် (၁)၊ (၂) ၊ (၃) စသည်ဖြင့် စစ်ဆင်ရေးနယ်မြေ သုံးခု ဖွဲ့စည်းထားသည်။  

အမှတ် (၁) စစ်ဆင်ရေးနယ်မြေသည် နိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ ပါဝင်ပြီး ပဋိပက္ခဖြစ်သော ဒေသသည် အထူးတိုင်းစစ်ဌာနနှင့် တနင်္သာရီတိုင်းစစ်ဌာန တို့အောက်မှ ဖြစ်သည်။

အလားတူ အမှတ် (၂) စစ်ဆင်ရေးနယ်မြေတွင် ရန်ကုန်အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ထည့်သွင်းထားပြီး ပဲခူးရိုးနှင့်ထိစပ်နေသော မကွေးတိုင်းကို အမှတ် (၃) စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

အဆိုပါပဋိပက္ခနှင့်ပတ်သက်ပြီး KNU ဗဟိုနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ထံမှ သီးခြားတုံ့ပြန်ချက် မရရှိသေးပေ။ 

 ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း တပ်ရင်းမှူး ရဲဘော်မင်းသားကြီး။ (ဓာတ်ပုံ- ပေးပို့)

Related Articles

Back to top button