ကချင်ပြည်နယ် မိုးကောင်းမြို့အနီး စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်နှင့်KIA ပူးပေါင်းတပ်တို့ ဒီဇင်ဘာလ ၁၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကူရောက်လာသည့်မိုးကောင်းပြည်သူ့စစ် ဒုတိယခေါင်းဆောင် တိုက်ပွဲအတွင်း သေဆုံးသွားသည်ဟု သိရသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် မိုးကောင်းမြို့အနောက်ဘက် ကိုးမိုင်ခန့်အကွာ မီးသွေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲကို မိုးကောင်းမြို့အထွက် နှစ်မိုင်တွင် လုံခြုံရေးယူထားသည့် ပြည်သူ့စစ်ဒုတိယခေါင်းဆောင်မြင့်ဦးနှင့် အဖွဲ့က သွားရောက်စစ်ကူပေးခဲ့ရာ တိုက်ပွဲအတွင်း KIA ၏ဒရုန်းတိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်ဒုတိယခေါင်းဆောင် မြင့်ဦးသေဆုံးခဲ့သည်ဟု မိုးကောင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စစ်ကူသွားတော့ တိုက်ပွဲနေရာရောက်တဲ့နေရာမှာပဲ ဒရုန်းထိတာ။ ချက်ခြင်းသေတာတော့ မဟုတ်ဘူး။ ဒဏ်ရာနဲ့ မိုးကောင်းဆေးရုံရောက်ပြီးမှ သေတာ။ စစ်တပ်ရော သူတို့(ပြည်သူ့စစ်)ရော သေတာများတယ် အတိအကျတော့ မပြောနိုင်သေးဘူး” ဟုအထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြည်သူ့စစ် ဒုခေါင်းဆောင်မြင့်ဦးသည် မိုးကောင်းမြို့အထွက် နှစ်မိုင်ဂိတ်၏ စစ်ဆေးရေးတာဝန်ခံရာထူးကိုလည်း ယူထားသည်။ မြင့်ဦးသည် ခရီးသွားများကို ခြိမ်းခြောက်ငွေညှစ်တတ်သူအဖြစ်နာမည်ဆိုးနှင့် ကျော်ကြားသည်ဟုလည်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲအတွင်း ပြည်သူ့စစ် ဒုခေါင်းဆောင် မြင့်ဦးအပြင် စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်းများပြားကြောင်း KIAနှင့် နီးစပ်သည့်ကချင်ဒေသခံ အမျိုးသားတစ်ဦးကလည်း အတည်ပြုသည်။
“အကျအဆုံးရှိတယ်။ ပြည်သူ့စစ် ဒုခေါင်းဆောင် ဟုတ်တယ်။ ဘယ်နှယောက်ကျလဲမေးမရဖြစ်နေတာ။ လိုင်းခက်ခဲနေတာ။ သေဆုံးတာတော့ အတည်ပြုပြီးပြီ” ဟု ပြောသည်။မိုးကောင်းမြို့သည် ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် မိုင် ၄၀ ခန့်သာဝေးပြီး ရွှေဘို- မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် အချက်အချာကျသည့် မြို့ဖြစ်သည်။
မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၃)တပ် ထိုင်ထားပြီး စကခ(၃)လက်အောက်ခံ ခမရ(၃၈၁)နှင့် ခမရ(၃၈၂)၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၇၄) အပြင် မိုးကောင်းမြို့နှင့် ၁၁ မိုင်ခန့် အကွာရှိ ဆားမှော်ရွာတွင် ခမရ(၃၈၃)နှင့် ခမရ(၃၈၄) တပ်တို့ အခြေစိုက်ထားသည်။
တိုက်ပွဲဖြစ်ပွားသည့် မီးသွေးကုန်းရွာနှင့် ဆားမှော်ရွာရှိ ခမရ(၃၈၃)နှင့် (၃၈၄) တပ်တို့သည် ငါးမိုင်ခန့်သာ ကွာဝေးသည့်အတွက် တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရန် စစ်တပ်ကပြင်ဆင်နေသည်ဟု သိရသည်။
တိုက်ပွဲဖြစ်သည့်နေရာသည် ဒေသအခေါ် ရှစ်မိုင်ဟုခေါ်သည့် လမ်းဆုံအနီးတွင်ဖြစ်ပြီး အဆိုပါလမ်းဆုံမှ မိုးကောင်း၊ မိုးညှင်းမြို့များနှင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တို့ကို သွားနိုင်သည့်အချက်အချာကျသည့် လမ်းဆုံဖြစ်သည်။
စစ်တပ်နှင့် ပြည်သူ့စစ်များက တိုက်ပွဲဖြစ်ပွားခဲ့သည့် မီးသွေးကုန်းရွာနှင့် အဆိုပါ လမ်းဆုံအနီးစစ်ကြောင်းထိုးရန် ပြင်နေသောကြောင့် အနီးအနားကျေးရွာတို့ရှိ ပြည်သူများသည် စစ်ကြောင်းသတင်းနားစွင့်၍ သတိဖြင့် နေထိုင်ကြရန် ဒေသခံအချင်းချင်း သတိပေးထားကြသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ တိုက်နေသည့် KIA ကိုလည်း အပစ်ရပ်ရန် တရုတ်က တွန်းအားပေးထားသည်။
ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသတို့တွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြှင့် ဆက်တိုက်နေဆဲဖြစ်သည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်းKIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။



