စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအနီးတွင် စစ်တပ်ကထိုးစစ်ဆင်သဖြင့် ကျေးရွာ ၁၀ ရွာကျော်မှ လူ ၁၀၀၀ ကျော် ထွက်ပြေးနေရသည်ဟု ဒေသခံများကဆိုသည်။
စစ်ကိုင်းမြို့၏မြောက်ဘက်တွင်ရှိသော မင်းကွန်းကျေးရွာ ရဲစခန်းတွင်စခန်းချထားသည့် တပ်မ(၃၃)မှ စစ်သား ၁၀၀ ခန့်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက စတင်ပြီး အနီးအနားကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထိုစစ်တပ်ရန်ကို ကြောက်သည့် ချောင်းမကြီး၊ အုန်းသဇင်၊ ထုံးဖို၊ ကသဲသာ၊ မြေတိုင်း၊ ရွှေခဲပြန်၊ အိုင်ဒိုင်၊ မဲဇလီချောင်း၊ ချောင်းဦး၊ အုတ်ဖို၊ စဉ့်ကိုင်၊ တလိုင်း၊ တပ်ရွာ၊ တာမာကန် စသည့်ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ထောင်နှင့်ချီသည့် ဒေသခံများအပြင် အရှေ့ဘက်မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်များပါ နှစ်ထပ်ကွမ်း စစ်ဘေးဒုက္ခကြုံနေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကိုပြောသည်။
“မင်းကွန်းအနီးကကျေးရွာတွေရော၊ အဲဒီမှာခိုလှုံနေကြတဲ့ ဒီမတ္တရာဘက်ကမ်းက စစ်ရှောင်တွေရောပေါ့။ အကုန်ထပ်ပြီးရှောင်ကြရတာ။ ဒုက္ခတွေ ရောက်လိုက်ကြတာ”ဟု ၎င်းကပြောသည်။
မင်းကွန်းကျေးရွာ၏အရှေဘက်တွင် ဧရာဝတီမြစ်ခြားပြီး မတ္တရာမြို့နယ်တည်ရှိသည်။ စစ်တပ်သည် ထိုမတ္တရာတစ်နယ်လုံးကို ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ပြီး MDY-PDFလက်ထဲမှ ပြန်လည်တိုက်ခိုက် ရယူထားသည်။
ထိုမတ္တရာနယ်မှ စစ်ဘေးရှောင်များသည် ယခင်က မြစ်ကူးကာ အနောက်ဘက်မင်းကွန်းကျေးရွာများဘက်သို့ ရှောင်တိမ်းနေကြခြင်းဖြစ်ပြီး ယခုအခါစစ်တပ်က မင်းကွန်းဘက်ခြမ်းကိုပါ စစ်ကြောင်းထိုးလာ၍ နှစ်ထပ်ကွမ်း စစ်ဘေးဒုက္ခသည်များဖြစ်လာသည်။
ဒီဇင်ဘာလ(၁၀)ရက်နေ့က စတင်၍ ယင်းကဲ့သို့စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ထိုစစ်ကြောင်းကို မင်းကွန်းအခြေစိုက် ဒေသကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများလည်း ပြင်းထန်ခဲ့သည်ဟု အထက်ပါအမျိုးသမီးကဆိုသည်။
ပြီးခဲ့သည့် ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က မင်းကွန်းကျေးရွာရဲစခန်းမှ စတင်ထွက်လာသည့် တပ်မ (၃၃) အခြေစိုက် စစ်တပ်စစ်ကြောင်းကို မြောက်ဘက်ချောင်းမကြီးကျေးရွာအနီးတွင် အသင့်စောင့်ကြို၍ ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် အောက်ခြေအဆင့်စစ်သားများ အထိအခိုက်အသေအဆုံးများရှိခဲ့ကြောင်း မင်းကွန်းဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် No More Dictatorship People Defence Force-NMD အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
ထိုနေ့က အထိနာ၍ မင်းကွန်းကျေးရွာသို့ စစ်ကြောင်းပြန်ဆုတ်သွားသော စစ်ကော်မရှင်တပ်ကို တော်လှန်ရေးအဖွဲ့များက လိုက်လံနယ်မြေရှင်းလင်းရာ ကျည်၊ ဗုံး၊ RPG စသည့် စစ်အသုံးအဆောင်ပစ္စည်းအ များအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ကိုချာလီထံကသိရသည်။
အဆိုပါတိုက်ခိုက်မှုကို No More Dictatorship People Defence Force-NMD ၊ People Servant Force၊ မင်းကွန်းတိုက်နယ်(ပကဖ)၊ ယူနီကွန်းတပ်ဖွဲ့၊ ရတနာပုံတပ်ဦးစသည့် မဟာမိတ်တပ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့နောက် စစ်ကော်မရှင်သည် နှစ်ရက်ခန့်စစ်ရေးလှုပ်ရှားမှုမရှိဘဲ အင်အားဖြည့်တင်းပြီးနောက် ဒီဇင်ဘာလ (၁၂) ရက်နေ့မှ ပြန်လည်စတင်၍ ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်) အထိ လေးရက်ဆက်တိုက် မင်းကွန်းကျေးရွာ မြောက်ဘက်တကြောကို စစ်ကြောင်းထိုးနေသည်။ လက်ရှိတွင် မင်းကွန်း၏မြောက်ဘက် ၁၀ မိုင်အကွာ အုတ်ဖိုရွာသို့ရောက်ရှိနေသည်ဟု မင်းကွန်းဒေသမှစစ်ရေးရင်းမြစ်နောက်တစ်ဦးကလည်း ပြောဆိုသည်။
“ရွာတွေကတော့ မြစ်ရိုးတစ်လျှောက်ရွာတွေအကုန် မွှေနှောက်သောင်းကျန်းနေတယ်။ လက်ရှိတော့ မင်းကွန်းတိုက်နယ် အုတ်ဖိုရွာကိုရောက်နေပါတယ်”ဟု စစ်ရေးရင်းမြစ်အမျိုးသားကဆိုသည်။
စစ်တပ်စစ်ကြောင်းထိုးမှုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမသိရသေးပေ။
ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။
အာဏာသိမ်းပြီး၂၀၂၂ ခုနှစ် နောက်ပိုင်းမှစကာ မင်းကွန်းဒေသ၏နာမည်ကျော် ပုထိုးတော်ကြီးနှင့် မြသိန်းတန်စေတီအနီး တပ်စွဲ၍ ဒေသခံများကို ဖမ်းဆီးနှိပ်စက်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးလေ့ရှိသည့်
စစ်ကော်မရှင်နှင့် တော်လှန်ရေးအဖွဲ့တို့အကြား ထိတွေ့မှုများမကြာခဏရှိနေ၍ မင်းကွန်းဒေသသည် ခရီးသွား ဧည့်များမလာရောက်တော့ဘဲ ဧည့်များကို မှီတင်း၍ စားဝတ်နေရေးဖြေရှင်းရသောဒေသခံတို့သည်လည်း နေရပ်စွန့်ခွာကုန်ကြသည်။
လက်ရှိတွင် စစ်တပ်သည် မင်းကွန်းကျေးရွာ ရဲစခန်းအပါအဝင်နေရာ ငါးနေရာခန့်တွင် တပ်စွဲထားပြီး မင်းကွန်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲရုံများတည်ဆောက်နိုင်ရေးဆောင်ရွက်နေသည်ဟု ဒေသခံ အချို့ထံက သိရှိရသော်လည်း အတည်မပြုနိုင်သေးပေ။



