စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် မြို့နယ်အနောက်ဘက်ပိုင်းသို့ စစ်ရှောင်သွားကြသည့် ဒေသခံအချို့ကို ရှမ်းနီအမျိုးသားများတပ်(SNA)က တပ်သားအဖြစ် စုဆောင်းပြီး စစ်သင်တန်းပေးနေသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၀ ရက်က ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်များကသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်နှင့် SNA တပ်များသည် ဗန်းမောက်အနောက်ခြမ်းသို့ဆုတ်ခွာသွားခဲ့ကြသည်။
ဗန်းမောက်မြို့အနောက်ဘက်တွင် တဆက်တည်းရှိနေသည့် စက်တော၊ နားယကာ၊ ကံရွာ၊ သခွတ္တာ၊ ခိုနန်း၊ ခိုပြင်၊ ညောင်သာယာစသည့် ကျေးရွာများမှ ဒေသခံအများစုမှာ SNA ၏ တိုက်တွန်းမှုကြောင့် SNA ထိန်းချုပ်သည့် ဗန်းမောက်မြို့နယ် အနောက်ပိုင်းသို့ အောက်တိုဘာလ လဆန်းပိုင်းတွင် စတင်ပြီး တိမ်းရှောင်ခဲ့ကြသည်။
ထို့နောက် စစ်ရှောင်အမျိုးသားများကို တပ်သားအဖြစ်စုဆောင်းကာ စစ်သင်တန်းပေးခြင်းဖြစ်သည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“ငါတို့ဘက်ကို စစ်ရှောင်လာ ရိက္ခာတွေထောက်ပံ့မယ်ဆိုပြီး ခေါ်သွားတာ။ အဲဒါပြီးတာနဲ့ အဲဒီမှာရှိတဲ့ လူငယ်၊ လူရွယ်တွေ နောက် စစ်သင်တန်းတက်နိုင်တဲ့ အရွယ်မှန်သမျှအကုန် စစ်သင်တန်းတက်ခိုင်းတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်သင်တန်းတက်ကာ စစ်မှုထမ်းနေရသည့် ဒေသခံအရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း ကျေးရွာ အနည်းဆုံး ခုနစ်ရွာမှ လူငယ်၊ လူရွယ်အများစုကို SNA က စစ်သင်တန်းပေးနေသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
“တချို့ကျတော့ ဘယ်ကိုမှမရှောင်ချင်ဘဲ သူတို့ရဲ့ လယ်တောတွေနားမှာပဲ နီးနီးနားနားရှောင်ကြတာ။ SNA က အဲဒီလူတွေကိုဖမ်းပြီး အတင်းအဓမ္မ စစ်ရှောင်ခိုင်းပြီး သူတို့က သူတို့ဆီ စစ်ရှောင်တွေလာကြလို့ ကယ်ထားရတဲ့ ပုံစံမျိုးလုပ်တာ” ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။
စစ်သင်တန်းပေးသည့်နေရာသည် SNA ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အနောက်မြောက်ဘက် ၁၅မိုင်ခန့်အကွာရှိ နန့်နန်းထွန်းရွာဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ အခြေအနေများကို SNA တာဝန်ရှိသူများထံ Myanmar Now ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါ။
ဗန်းမောက်မြို့ကို SNA က ထိန်းချုပ်ထားချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြို့ပေါ်ရှိ ရပ်ကွက် တစ်ခုလျှင် စစ်မှုထမ်း ဦးရေ ၃၀ စီ ပေးရမည်ဟု အမိန့်ထုတ်ခဲ့သည့်အတွက် လူငယ်အများစု မြို့မှတိမ်းရှောင်ခဲ့ကြရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်ကလည်း ဗန်းမောက်မြို့အနောက်ဘက် သုံးမိုင်ခန့်အကွာရှိစက်တောရွာရှိ စစ်မရှောင်နိုင်ဘဲ ကျန်ရစ်ခဲ့သည့် သက်ကြီးရွယ်အိုများနှင့် အိမ်စောင့်ကျန်ရစ်သူလူဦးရေ ၁၀၀ ကျော်အား SNA က မျက်လုံးတွင် အဝတ်စည်း၍ ၎င်းတို့ ထိန်းချုပ်ဒေသသို့ရွှေ့ပြောင်းခိုင်းခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။
လတ်တလောတွင် ဗန်းမောက်မြို့တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြို့ကိုသိမ်းပိုက်ထားသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် SNA ၊ စစ်တပ်ပူးပေါင်းတပ်တို့အကြားဗန်းမောက်အနောက်ဘက် အနီးဝန်းကျင်တွင် စစ်ရေးတင်းမာပြီး စစ်ဆိုင်ထားကြသည်ဟုသိရသည်။
ဗန်းမောက်မြို့ပေါ်နှင့် ဗန်းမောက်မြို့အရှေ့ဘက် အနီးဝန်းကျင်မှ ထောင်နှင့်ချီသည့်ဒေသခံများသည် ဗန်းမောက်မြို့အရှေ့ဘက်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်ကျေးရွာများတွင် စစ်ဘေးရှောင်နေကြရသည်။
SNA သည် စစ်တပ်အာဏာမသိမ်းမီက စစ်တပ်၊ ကချင်လွတ်လပ်ရေးတပ်(KIA)တို့နှင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပိုမိုနီးစပ်လာသည်။ အချို့တိုက်ပွဲများတွင် စစ်တပ်နှင့် ပူးပေါင်းပြီး KIA နှင့်တော်လှန်ရေးတပ်များကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်သည့် ခန္ဓီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့်ဆယ်ဇင်းဒေသတို့တွင် SNA က စစ်တပ်နှင့် ပူးပေါင်းကာစစ်ဆင်ရေးများ ပြုလုပ်နေသည်။



