သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့ဝင်သုံးဦး အပါအဝင် ၂၉ ဦးကို ရွေးကောက်ပွဲ ပျက်စေရန် ဟန့်တားခြင်း၊ စည်းရုံးခြင်း၊ ဆန္ဒပြဟောပြောခြင်း၊ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခြင်းစသည့် စွပ်စွဲချက်များဖြင့် အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ယနေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) တွင် သတင်းထုတ်ပြန်သည်။
ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင် မမေချီ(ခ)ချီချီ၊ မရွှန်း(ခ) ရွှန်းရွှန်းနှင့် စုစုပေါင်း ၁၀ ဦးတို့သည် ရွေးကောက်ပွဲဆန့်ကျင်သည့် ဆန္ဒပြမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်ဟု စစ်ကော်မရှင်က စွပ်စွဲထားသည်။
ထိုသူတို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် (၆) ရဲစခန်းတွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ထို့အတူ ကချင်လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့ဝင် သုံးဦးသည် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်မြိုင်ကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် မပါဝင်ရန် ခြိမ်းခြောက် တားမြစ်သည်ဆိုကာ ရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄(က)ဖြင့် အမှုဖွင့်ထားသည်။
ထိုသူများကို လက်ရဖမ်းဆီးခြင်းမရှိသေးသော်လည်း စစ်ကော်မရှင်က အမှုဖွင့်ထားခြင်းဖြစ်သည်။
အလားတူ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ ဒေသခံ ၁၆ ဦးကိုလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ရေးသားထားသည့် စာရွက်များကို ဖြန့်ဝေခြင်း၊ ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခြင်း၊ လူမှုကွန်ရက်မှ Live လွှင့် ပြောဆိုခြင်း၊ အုပ်ချုပ်ရေးမှူးများကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မပါဝင်ရန် တားမြစ်ခြင်းတို့ ကြောင့် ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည်ဟုလည်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)
ပါတီမဲဆွယ်ဆိုင်းဘုတ်၊ တစ်သီးပုဂ္ဂလပါတီ မဲဆွယ်ဆိုင်းဘုတ် ကိုးခုသည် မြို့နယ်လေးမြို့နယ်ထက်မနည်းတွင် ဖျက်ဆီးခံရသည်ဟု စစ်ကော်မရှင် ထုတ်ပြန်ချက်က ဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖွင့်ထားသည့် အမှု ၄၀ တွင် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ငါးဦးစုစုပေါင်း ၈၈ ဦး ရှိသည်ဟုလည်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ Myanmar Now က ကောက်ယူထားသည့် စာရင်းအရ နိုဝင်ဘာလ ပထမပတ်အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ ၉၄ ဦး ထက်မနည်းရှိသည်။
ရွေးကောက်ပွဲတွင် ပါတီခြောက်ခုမှ ကိုယ်စားလှယ်လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ် ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း(၂)ကို လာမည့်၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဟုလည်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သို့သော် နှစ်သုတ်ခွဲ ကျင်းပမည့် မြို့နယ် ၂၀၂ မြို့နယ်ထဲမှ ရပ်ကွက်နှင့် ကျေးရွာပေါင်း၂၉၃၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၆ရက်နေ့နှင့် ၇ရက်နေ့တွင်စစ်ကော်မရှင်က ထပ်မံထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တရားမဝင် အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ထားကြောင်း တော်လှန်ရေးအင်အားစုများကကြေညာထားကြသည်။
စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတမည်မဟုတ်ကြောင်း ဥရောပသမဂ္ဂ (EU)ကလည်း ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) တွင် ထုတ်ပြန်ထားသည်။



