ရွေးကောက်ပွဲ သီတင်းပတ် သုံးပတ်ခန့်သာ လိုတော့သည့်အချိန်တွင် စစ်ကော်မရှင်က ၎င်းတို့ ကျင်းပနိုင်မည်ဟု ယူဆထားသည့်နယ်မြေများအနက် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါး၌ ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း ယခုလ ၅ ရက်နေ့တွင် ကြေညာလိုက်သည်။
နိုင်ငံတကာထောက်ခံမှုရရှိစေရန် ပြုလုပ်သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး သီတင်းပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ်ဇန်နဝါရီလ မကုန်မီ သုံးပိုင်းလုံးပြီးစီးရန် ရည်ရွယ်ထားသည်။
အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ လည်းကောင်း၊ အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း ကျင်းပသွားမည်ဟု ကြေညာထားရာ လက်ကျန်မြို့နယ်အားလုံးကို အပိုင်း (၃) တွင် ကျင်းပရန် စစ်ကော်မရှင်က လျာထားသည်။
ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ဟု၍ နှစ်သုတ်ခွဲ ကျင်းပမည့် မြို့နယ် ၂၀၂ မြို့နယ်ထဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း တိုင်းနှင့်မြို့နယ်အလိုက် စာရင်းများကို ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် စစ်ကော်မရှင်က ထပ်မံထုတ်ပြန်ခဲ့သည်။
ထိုစာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခု ရှိသည့်အနက် နေပြည်တော်နှင့် ရန်ကုန်တိုင်းမှအပ ကျန်ဒေသများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများ ရှိနေကြသည်။ အချို့မြို့များတွင် မြို့ပေါ်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေရှိပြီး အချို့မြို့များတွင် မြို့ပေါ်ရပ်ကွက်များတွင်ပါ ရွေးကောက်ပွဲ မလုပ်နိုင်သည်ကို တွေ့ရသည်။
NUG စိုးမိုးနယ်မြေရှိသည့် စစ်ကိုင်း
ရွေးကောက်ပွဲ မလုပ်နိုင်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါး (၂၉၃၁ ခု) အနက်ကျေးရွာ အုပ်စု ၂၇၇၀ နှင့် မြို့ပေါ်ရပ်ကွက် ၁၆၁ ခုတို့ပါ ဝင်ကြသည်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအားကောင်းသော စစ်ကိုင်းတိုင်း မြို့နယ် ၂၀ မှ ကျေးရွာအုပ်စုပေါင်း ၈၄၇ အုပ်စုအထိ ပါဝင်နေသည်။
“ဒီစာရင်းကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ကို ပြည်သူက လက်မခံတဲ့ အတိုင်းအတာ ဘယ်လောက်ထိရှိနေတယ်ဆိုတာ သူကိုယ်တိုင် ဝန်ခံလိုက်တာပါပဲ။ ရွေးကောက်ပွဲမကျင်းပနိုင်မယ့် စာရင်းက ဒီလောက်ပဲပေါ့။ တကယ့်တကယ်တမ်းက သူတို့ ကျင်းပနိုင်မယ်ဆိုတဲ့ နေရာတွေကရော တကယ်တမ်း ကျင်းပနိုင်မယ်ဆိုတာ သေချာရဲ့လားပေါ့ဗျာ။ အဲဒါလည်း မေးစရာရှိပါတယ်” ဟု စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေက သုံးသပ်ပြသည်။
စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များတွင်လည်း တိုင်းအစိုးရရုံးစိုက်ရာနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၄ အုပ်စု ရှိသည့်အနက် ၅၂ စုသည် ရွေးကောက်ပွဲ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မုံရွာမြို့ပေါ်နှင့် ကျေးရွာအုပ်စု ၂ စု တို့သာ လုပ်နိုင်မည်ဖြစ်သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) အခြေစိုက်သည့်အပြင် လတ်တလော စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့တွင်လည်း မြို့ပေါ် ရပ်ကွက် ၂၀ ရှိသည့်အနက် ၁၂ ခုသာ ရွေးကောက်ပွဲလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲမလုပ်မည့် ကျန် ၈ ရပ်ကွက်တွင် တိုက်ပွဲများ ကြိုကြား ကြိုကြားဖြစ်နေသည်ဟု ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
မြို့နယ်တွင်းကျေးရွာအုပ်စု ၄၀ အနက် ၃၃ စုသည်လည်း ရွေးကောက်ပွဲမလုပ်နိုင်မည့် စာရင်းတွင်ပါဝင် နေသည်။
“မြို့ရဲ့ ပတ်ချာလည်ရပ်ကွက်တွေမှာ မကြာခဏ ပွဲက ဖြစ်နေတာ။ ဘယ်လိုမှ လုံခြုံရေးစိတ်မချရဘူး။ လက်ရှိမှာတောင် မဲဆွယ်ကောင်းကောင်း မလုပ်ရဲပါဘူး” ဟု အမည်မဖော်လိုသည့် ကလေးမြို့ခံတစ်ဦးက ဆိုသည်။
သင်္ကန်းဝတ် ဝါသဝ ဦးဆောင်သော ပျူစောထီးများအားကောင်းသလို အမှတ် (၆၀၀၆) တင့်ကားတပ်ရှိသော ကန့်ဘလူမြို့နယ်၌ ကျေးရွာအုပ်စု ၈၄ စုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ပေ။
မန္တလေးမြို့ တစ်ဖက်ကမ်း စစ်ကိုင်းနှင့်ဆားတောင် နှစ်မြို့ပါဝင်သော စစ်ကိုင်းမြို့နယ်တွင် ဆားတောင် မြို့ပေါ် ၁၁ ရပ်ကွက်လုံး မလုပ်နိုင်သလို ကျေးရွာအုပ်စု ၇၆ အုပ်စုအနက် ၇၀ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ပေ။
ငလျင်ဒဏ် အကြီးအကျယ်သင့်ထားသော စစ်ကိုင်းမြို့ပေါ် ၂၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆ အုပ်စုတို့တွင်သာ ရွေးကောက်ပွဲ လုပ်နိုင်မည် ဖြစ်သည်။
စစ်ကိုင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ စစ်ဗိုလ်ချုပ်ဟောင်း သက်ပုံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသည့် မြို့သစ်၊ ခါမ်းပါတ် (ခမ်းပတ်) မြို့တို့နှင့်ကျေးရွာအုပ်စု ၂၁ မြို့နယ်တွင်လည်း ရွေးကောက်ပွဲ မလုပ်နိုင်ပေ။ ဟုမ္မလင်းမြို့နယ်ထဲမှ ရွှေပြည်အေးမြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၀ တို့တွင်လည်း အလားတူ မကျင်းပနိုင်ပေ။
စစ်ကော်မရှင်တပ်များအခြေစိုက်မှုအားကောင်းရာ ရွှေဘိုမြို့နယ်အတွင်း ကျောက်မြောင်းနှင့် ရွှေဘို နှစ်မြို့ရှိရာ ရွှေဘိုမြို့ပေါ် ၇ ရပ်ကွက်နှင့် ကျောက်မြောင်းမြို့ပေါ် ၄ ရပ်ကွက်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ကြေညာထားသည်။ ကျေးရွာအုပ်စု ၇၂ အုပ်စုအနက် ကျေးရွာအုပ်စု ၇၀ တွင် မကျင်းပနိုင်ပေ။
အလားတူ ရွေးကောက်ပွဲ မလုပ်နိုင်သည့် နေရာများ၌ မင်းကင်းတွင် ၅၃ အုပ်စု၊ ဘုတလင်တွင် ၅၄ အုပ်စု ၊ ရေဦးတွင် အုပ်စု ၆၀ ၊ မြင်းမူတွင် ၄၈ အုပ်စုထက်မနည်း ပါဝင်ကြသည်ကို တွေ့ရသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲ မလုပ်နိုင်သည့်စာရင်းများအရ စစ်ကိုင်းတိုင်းတွင် မြို့နယ် ၂၀ မှ ရွာ အုပ်စု ၈၀၀ ကျော်၊ မကွေးတိုင်းတွင် ၁၉ မြို့နယ်မှ ၆၆၄ ရွာအုပ်စု နှင့် မန္တလေးတိုင်း ၉ မြို့နယ်တွင် ၂၃၂ ရွာအုပ်စု ဖြင့် အများဆုံးပါဝင်နေရာ ထိုနယ်မြေများအားလုံးတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
မကွေးတိုင်းနှင့်မန္တလေးတိုင်း
ရခိုင်ရိုးမနှင့်ထိစပ်နေသော မကွေးတိုင်းအတွင်း ၁၉ မြို့နယ်မှ ကျေးရွာအုပ်စု ၆၀၀ ကျော်တွင် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ကို မကျင်းပနိုင်တော့ကြောင်း စစ်ကော်မရှင်၏ ဒီဇင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ချောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၅ ခုထက်မနည်း ပါဝင်သလို တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ပခုက္ကူမြို့နယ်အတွင်းမှ ကမ္မ(ကံမ)မြို့ပေါ် ၁၂ ရပ်ကွက်၊ မြစ်ခြေမြို့ပေါ် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတော့ပေ။
နတ်မောက်မြို့နယ်တွင် ၅၄ အုပ်စု၊ စလင်းတွင် ၈၅ အုပ်စု၊ မင်းတုန်းတွင် ၅၉ အုပ်စုတို့ အများဆုံးပါဝင်ကြသည်။
မန္တလေးတိုင်း ၉ မြို့နယ်တွင် ညောင်ဦးမြို့နယ်၌ ငါ့သရောက်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၅ ခုတွင် ရွေးကောက်ပွဲ လုံးလုံး မလုပ်နိုင်သည်ကို တွေ့ရသည်။ ကျောက်ပန်းတောင်း ၅၅ ကျေးရွာအုပ်စု၊ စစ်ကော်မရှင်က အလုံးစုံ ပြန်ထိန်းချုပ်လိုက်သည့် မတ္တရာမြို့နယ်တွင် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၃ ခု ရှိသည့်အနက် ကျေးရွာအုပ်စုပေါင်း ၆၃ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ကြေညာထားရသည်။
တံတားဦးတွင် မြို့ပေါ် ၃ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၆၁ အုပ်စုအနက် ၄၄ အုပ်စုသည် ရွေးကောက်ပွဲ မလုပ်နိုင်သဖြင့် မြို့ပေါ်နှင့် ကျန်ကျေးရွာအုပ်စု ၁၇ စုတွင်သာ လုပ်နိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်။

မြို့ပေါ်တွင်သာ ကွက်၍ လုပ်ရသည့် ရွေးကောက်ပွဲ
တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသည့် ချင်းပြည်နယ်တွင်လည်း တီးတိန်မြို့နယ်၌ တီးတိန်နှင့် ခိုင်ကမ်းမြို့တို့ရှိ မြို့ပေါ် ၄ ရပ်ကွက် စီတွင်သာ ရွေးကောက်ပွဲ လုပ်မည်ဖြစ်ကာ ကျန်ကျေးရွာအုပ်စု ၅၅ အုပ်စု မပါဝင်ပေ။
ဟားခါးမြို့နယ်တွင်း ဟားခါးမြို့ပေါ် ၈ ရပ်ကွက်နှင့် ဆူရ်ခွါးမြို့ပေါ် ၂ ရပ်ကွက်တွင်သာ ရွေးကောက်ပွဲ လုပ်နိုင်မည်ဖြစ်ပြီး ကျန်ကျေးရွာအုပ်စု ၂၉ စုလုံးတွင် ရွေးကောက်ပွဲ အပိုင်း (၁) မပြုလုပ်နိုင်ပေ။
အာရက္ခတပ်တော် (AA) နယ်မြေစိုးမိုးထားသည့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် ကျောက်ဖြူနှင့် စစ်တွေ နှစ်မြို့နယ်တွင် ရွေးကောက်ပွဲ လုပ်မည်ဟု ဆိုထားရာ ကျောက်ဖြူမြို့နယ် စနဲမြို့ပေါ် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈ စုနှင့် စစ်တွေမြို့ပေါ် ၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၇ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်တော့ဟု စစ်ကော်မရှင်ကြေညာချက်က ဆိုသည်။
စစ်တွေမြို့ပေါ် ၃၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇ စုရှိကာ စစ်ကော်မရှင် ရုံးစိုက်သည့် မြို့ ဖြစ်သည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူမြို့နယ်တွင် စနဲနှင့်ကျောက်ဖြူ နှစ်မြို့ရှိကာ ၁၅ ရပ်ကွက်နှင့် ၅၄ ကျေးရွာအုပ်စုရှိသည်။
ရခိုင် ၁၇ မြို့နယ်အနက် AA က ၁၄ မြို့နယ် သိမ်းပိုက်ထားရာ စစ်တွေ ၊ ကျောက်ဖြူ၊ မာန်အောင်တို့သာ စစ်ကော်မရှင်က နယ်မြေစိုးမိုးနိုင်သည်။
စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခု ယှဉ်ပြိုင်မည်ဖြစ်ကာ ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ၅၁ ပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နှင့် ပြည်သူ့ပါတီ တို့ဖြစ်သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် မဲဆွယ်စည်းရုံးခွင့်ကို အောက်တို ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ခွင့်ပြုထားသည်။
စစ်တပ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများက ကန့်ကွက်ထားသလို ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူများကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သပိတ်များအပြင် လွတ်မြောက်နေရာများတွင် လူသွားလူလာများသည့်နေရာများ၌ ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆိုင်းဘုတ်များ စိုက်ထူး၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ် မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာထားကြသည်။
စစ်ကော်မရှင်က မဲပေးနိုင်ရန် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်ကို မကြာသေးမီးက လွှတ်ပေးခဲ့သည်ဟု ဆိုသော်လည်း အခြားတစ်ဖက်တွင် ရွေးကောက်ပွဲနှောင့်ယှက်သည်ဟု ယူဆပါက အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းကာ အရပ်သားများ၊ အနုပညာရှင်များကို ဖမ်းဆီးထောင်ချနေရာ လူ ၁၀၀ နီးပါး ဖမ်းဆီးခံထားရသည်။



