မတ္တရာတစ်မြို့နယ်လုံးကို ပြန်လည်သိမ်းယူထားသည့် စစ်ကော်မရှင်တပ်သားများသည် တော်လှန်ရေးတပ်များ ဆက်လက်စိုးမိုးထားသည့် စဉ့်ကူးမြို့နယ်အတွင်းသို့ ထပ်ဆင့်ထိုးဖောက် ဝင်ရောက်လာနေသည်ဟု စဉ့်ကူး ဒေသခံများနှင့် စစ်ရေးရင်းမြစ်များက ပြောသည်။
မန္တလေးမြို့မြောက်ဘက် မိုင်၂၀အကွာရှိ မတ္တရာမြို့နယ်ကို တော်လှန်ရေးတပ်များက တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားသည်။
နယ်မြေစိုးမိုးမှုပြန်လည် ကျယ်ပြန့်လာပြီးနောက် စစ်ကော်မရှင်တပ်သည် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ်ရှိ ပတ်လည်အင်းရွာမှတဆင့် စဉ်ကူးမြို့နယ်ထဲသို့ နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ ထပ်မံထိုးဖောက် ဝင်ရောက်နေခြင်းဖြစ်သည်။
ထို့နောက် တော်လှန်ရေးတပ်များ စိုးမိုးထားသော စဉ့်ကူးမြို့နှင့်၁၂မိုင်အကွာ မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်ရှိ တရော်ပင်ရွာကို ဒီဇင်ဘာလ ၆ ရက်တွင် စစ်ကော်မရှင်တပ်က ပြန်လည် သိမ်းပိုက်သွားခဲ့သည်ဟု စဉ့်ကူးမြို့နယ်နေ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
ထို့နောက် ရှေ့သို့ဆက်တိုးလာရာ ယမန်နေ့ (ဒီဇင်ဘာလ ၈ရက်)တွင် လက်ပံလှကျေးရွာအနီးရှိ ရွှေပြည်ကျေးရွာသို့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုလည်း သူက ဆိုသည်။
စစ်ကော်မရှင်တပ်များသည် မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ ပတ်လည်အင်းရွာမှ ထွက်လာသည့် စစ်ကြောင်း၊ မတ္တရာအနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး စကျင်ကျေးရွာနှင့် မြွေပုံကန်ကျေးရွာတို့မှ ထွက်လာသည့် အင်အားရာနှင့်ချီသော စစ်ကြောင်း နှစ်ကြောင်းဖြင့် စဉ့်ကူးမြို့နယ်အတွင်းသို့ ထိုးဖောက်လာနေခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကော်မရှင်စစ်ကြောင်းများကို စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ၁၂၂၂ တပ်ရင်းနှင့် မြင်းခြံတပ်ရင်း၊ MDY-PDF၏ တပ်စိတ်အချို့မှ တပ်ဖွဲ့ဝင်များက ခုခံကာကွယ်နေသည်ဟုလည်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကော်မရှင်တပ်သားများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့က မတ္တရာမြို့နယ်၏ မြောက်ဘက်၊ စဉ့်ကူးမြို့နယ်အစပ်ရှိ နတ်ကြီးစင်ကျေးရွာ စာသင်ကျောင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စာသင်ကျောင်းနှင့် ကပ်လျက် နေအိမ်ရှိ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ လေးဦးသေဆုံးသွားခဲ့သည်။
ထိုနေ့ညနေပိုင်းတွင်ပင် မတ္တရာမြို့နှင့် စဉ့်ကူးမြို့နယ်အကြား ပတ်လည်အင်းကျေးရွာကို
စစ်ကော်မရှင်တပ်က ထိန်းချုပ်လိုက်ပြီး မတ္တရာတစ်နယ်လုံးနီးပါးကို တော်လှန်ရေးတပ်များ လက်လွှတ်လိုက်ရသည်။
ထို့နောက် ယခုဒီဇင်ဘာလဆန်းတွင် စဉ့်ကူးမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေပြီး ဒေသခံထက်ဝက်ကျော်သည် မြို့မှရှောင်တိမ်းသွားကြသည်ဟု စဉ့်ကူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“လက်နက်ကြီးသံတွေလည်း အဆက်မပြတ်ကြားရတယ် လေကြောင်းကလည်း နေ့တိုင်းလာတိုက်နေတာပဲ ခုတောင်အုန်း(လေကြောင်းမှတိုက်ခိုက်ခြင်း)သွားပြီ မြေတောင်တုန်တယ်” ဟု အထက်ပါ စဉ့်ကူးမြို့ခံ အမျိုးသမီးက ဒီဇင်ဘာလ ၈ ရက် ညပိုင်းက Myanmar Now ကို ပြောသည်။
တိုက်ပွဲများကြောင့် စဉ့်ကူးမြို့အပါအဝင် မတ္တရာ၊ သပိတ်ကျင်းစသည့် နယ်မြေများမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များလည်း မြစ်အနောက်ဘက်ကမ်းမှနေ၍ စစ်ကိုင်းတိုင်းအတွင်း မြို့များ၊ ကျေးရွာများနှင့် နီးစပ်ရာတောတောင်များသို့ ရှောင်တိမ်းနေကြရသည်ဟုလည်း သိရသည်။



