ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင် တပ်သားများ၏ လက်နက်ကြီးများပစ်ခတ်မှု၊ ဒရုန်းများဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံသုံးဦး ယနေ့နံနက် (ဒီဇင်ဘာလ ၈ ရက်) တွင် သေဆုံးသွားသည်။
ယမန်နေ့ ညဦးပိုင်းမှစတင်ကာ ဖားကန့်မြို့အရှေ့ဘက် ကျေးရွာများသို့ စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို ကျေးရွာအချို့ကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် မှော်စီစာကျေးရွာအုပ်စု မလောင်ရွာအတွင်းသို့ ဗုံးသီးနှင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် မလောင်ရွာရှိ တစ်အိမ်တည်းနေ အဖေ၊ အမေနှင့် အသက် ၁၃ နှစ်ရွယ် သားတစ်ဦးတို့ သေဆုံးခဲ့သည်ဟု ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လင်မယားနှစ်ယောက်ဆုံးတယ်၊ သူတို့သားတစ်ယောက်ဆုံးတယ်။ နောက်ထပ် လသားအရွယ်ကလေးကတော့ မထိခိုက်လိုက်ဘူး လွတ်သွားတယ်၊ လသားအရွယ်ကလေးကိုတော့ အဲဒီကရွာသူရွာသားတွေက အထိအခိုက်မရှိဘဲ ပြန်ရှာတွေ့ခဲ့တယ်” ဟု အဆိုပါ အမျိုးသားကပြောသည်။
သေဆုံးသူများသည် ဦးဇော်လွင်ဦး(၃၇)နှစ်၊ ဒေါ်တင်မိုးလှိုင်(၃၈)နှစ်၊ မောင်ဖြိုးဝေထွန်း(၁၃)နှစ် တို့ဖြစ်သည်။ ၁၆ နှစ်အရွယ်သားတစ်ဦးနှင့် လသားအရွယ် သားတစ်ဦးတို့ အသက်ရှင် ကျန်နေခဲ့သည်ဟု သိရသည်။
ဖားကန့်မြို့အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာတွင်ရှိသည့် အဆိုပါ မလောင်ရွာသည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းကလည်း စစ်တပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဖြစ်သည်။
ယမန်နေ့ညက ဖားကန့်ဗျူဟာကုန်းမှ ဖားကန့်မြို့အရှေ့ဘက်အပြင် ဖားကန့်မြို့ အနောက်တောင်ဘက်ရှိ ကချင်လွတ်လပ်ရေးတပ်(KIA) ထိန်းချုပ်ထားသည့် ဆိုင်းတောင်ရွာကြီးကိုလည်း လက်နက်ကြီးဖြင့် ငါးကြိမ်ထက် မနည်း ပစ်ခတ်ခဲ့ပြီး ပျက်စီးထိခိုက်မှုအခြေအနေများကို မသိရသေးပေ။
လတ်တလောတွင် ဖားကန့်၌ စစ်ရေးတင်းမာမှု မပြင်းထန်သေးသော်လည်း အလစ်အငိုက်ယူကာတိုက်ခိုက်ရန် နှစ်ဖက်တပ်များ အသင့်အနေအထားဖြင့် အပြန်အလှန်စောင့်ကြည့် အခြေအနေတွင် ရှိနေသည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် စစ်တပ်က မလောင်ရွာနှင့် ကုဋေရွာတို့အနီး စစ်ကြောင်းထိုးခဲ့ပြီး KIAပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပြီး အကျအဆုံးများစွာဖြင့် အဆိုပါရွာများမှ ပြန်ဆုတ်ခဲ့ရသည်။
စစ်တပ်က စစ်ကြောင်းထိုးတိုင်း မကြာခဏ ကြားဖြတ် တိုက်ခိုက်ခံနေရသည့်အတွက်စခန်းအတွင်းမှမထွက်ဘဲ လူနေရပ်ကွက်များနှင့် မြို့အနီးဝန်းကျင်ကို လက်နက်ကြီး၊ဒရုန်းများဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု သိရသည်။
“သူ့စခန်းသိမ်း ကိုယ့်စခန်းသိမ်း တိုက်ပွဲကြီးတွေ ဖော်ဆောင်တာတော့ မတွေ့ရသေးဘူး။ပြီးတော့ စစ်ကောင်စီကလည်း စစ်ကြောင်းထိုးပြီးတော့ စခန်းသိမ်းတာမျိုး အင်အားသုံးလာတာမျိုး မတွေ့ရသေးဘူး။ သူတို့စခန်းထဲမှာပဲ နေနေပြီး တစ်ဖက်နဲ့ တစ်ဖက်အမှားစောင့်နေတဲ့ အနေအထားမျိုးမှာပဲရှိတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ယခုနှစ် မေလကုန်ပိုင်းတွင် စစ်တပ်က ဖားကန့်သို့ စစ်ကူအင်အားများ ပေးပို့ခဲ့ပြီးနောက်ဖားကန့်အနောက်ဘက်ရှိ KIA ထိန်းချုပ်ထားသည့် ကျေးရွာများကို ပြန်လည်သိမ်းပိုက်ရန်စစ်တပ်က ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါ စစ်တပ်စစ်ကူအင်အားများရောက်လာပြီးနောက် ဖားကန့်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာခဲ့ပြီး ခြောက်လကျော်ကြာမြင့်လာပြီဖြစ်သည့် စစ်ရေးပဋိပက္ခအတွင်းဖားကန့်ဒေသခံ ၁၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်က စစ်ကောင်စီတပ်က Y 12 လေယာဉ်ဖြင့် ဖားကန့်မြို့ မြောက်ဘက် ကိုး မိုင်ခန့်အကွာရှိ ကထန်ကျေးရွာကို ဗုံးကြဲခဲ့ရာ မိခင်သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ ၂၀ ရက်တွင် ဖားကန့်စစ်တပ်ဗျူဟာကုန်းမှ ဖားကန့်မြို့အနောက်ဘက်ရှိဆိပ်မူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးလေးဦး ဒဏ်ရာရခဲ့သည်။
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှစတင်သည့် KIA ၏ ကချင်ပြည်နယ်ထိုးစစ်အတွင်း စစ်တပ်၏ရာနှင့်ချီသည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် အာဏာသိမ်းစစ်တပ်သည်ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများပြန်လည်ပြုလုပ်လာသည်။ သို့သော် ဆုံးရှုံးလက်လွတ်ခဲ့ရသည့် မြို့နယ်များနှင့် နယ်မြေများ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာပြန်လည်သိမ်းပိုက်နိုင်သည်။



