အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူတွင် ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းကို တော်လှန်ရေးအဖွဲ့ ဖမ်းဆီး

ပျူစောထီးများနှင့် ပူးပေါင်းကာ စစ်သားစုဆောင်းရေးတွင် ပါဝင်ဆောင်ရွက်သလို အရပ်သားများကို ခြိမ်းခြောက်သောကြောင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း ပခုက္ကူအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်  ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)  ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးဝေလင်းထက်ကို နိုဝင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်တွင် ပခုက္ကူမြို့နယ် အေးကျွန်းရွာရှိ ၎င်းနေအိမ်တွင် ဖမ်းဆီးခံရပြီး ဆိုင်ကယ် နှစ်စီးဖြင့်လာသော PDF သုံးဦးက ဖမ်းဆီးသွားသည်ဟု စစ်ကော်မရှင်က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ပါတီတံဆိပ်ကို အစွဲပြုပြီး ကျားဖြူပါတီဟု လူသိများသည့် SNDP ပါတီကိုယ်စားလှယ် ဦးဝေလင်းထက် ဖမ်းဆီးခံရကြောင်း၊ သို့ရာတွင် ပါတီဗဟိုသို့ တင်ပြလာခြင်းမရှိသေး၍ အသေးစိတ် မသိရှိရသေးကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က ပြောသည်။

ဦးဝေလင်းထက်သည် ကျားဖြူပါတီ၏ ပခုက္ကူမြို့နယ် ဥက္ကဋ္ဌဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ပခုက္ကူမြို့နယ်အတွင်း ကျားဖြူပါတီ မြို့နယ်ရုံးကို စတင်ဖွင့်လှစ်ခဲ့သည်ကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည်ကို တွေ့မြင်ရသည်။ 

တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ပခုက္ကူနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းများ လှုပ်ရှားမှုကို ဖမ်းဆီးခံရသည့် သတင်းများတက်လာမှသာ ကြားဖူးကြောင်း ပခုက္ကူခရိုင်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူ့(ဦးဝေလင်းထက်) အနေနဲ့ဆိုရင် တော်တော်စွန့်စားရာကျတယ်လို့မြင်တာပေါ့၊ ဒီဇုန်က အနီကြီးစိုးတဲ့ ဇုန်ကို သူတို့အနေနဲ့လာရဲတဲ့သတ္တိ ဘယ်လိုမျိုးတွေနဲ့ လာလဲဆိုတာတော့ မသိဘူးပေါ့”ဟု ၎င်းက ဆိုသည်။

၎င်းဆိုလိုသည့် အနီကြီးစိုးသည့်ဇုန်ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အားကောင်းရာ ဒေသများကို ဆိုလိုခြင်းဖြစ်သည်။ 

ပခုက္ကူမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင်သာ နိုင်ငံရေးပါတီအချို့၏ ရွေးကောက်ပွဲလှုပ်ရှားမှုများသာ တွေ့မြင်ရပြီး ကျေးရွာများဘက်တွင် လှုပ်ရှားနိုင်သည့် အခြေနေများ မရှိနေကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

စစ်ကော်မရှင်က ကိုယ်စားလှယ်လောင်းအား ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဖမ်းဆီးသွားသည့် PDF သုံးဦးကို ပခုက္ကူ မြို့မရဲစခန်းတွင် (ပ)၁၇၂/၂၀၂၅၊ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ၂၄(က)ဖြင့် အမှုဖွင့်ထားကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF များအပါအဝင် ၁၄ ဦးကို အမှုဖွင့်ထားကြောင်း၊ သုံးဦးကို ဖမ်းဆီးရမိထားကြောင်း စစ်ကော်မရှင်က ယင်းနေ့ က ထုတ်ပြန်ထားရာ ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ ယနေ့အထိ စစ်တပ် ဖမ်းဆီးထားသူ ၁၀၀ ထက်မနည်း ရှိနေပြီဖြစ်သည်။ 

ကျားဖြူပါတီမှ ကိုယ်စားလှယ်လောင်းကို ဒေသခံတော်လှန်ရေးအဖွဲ့ (Local) တစ်ခုက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ပခုက္ကူအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက အတည်ပြုသည်။

“ သူ (ဦးဝေလင်းထက်) က နည်းနည်းဆိုးတယ်၊ ပြည်သူအပေါ် အနီးအနားပတ်ဝန်းကျင်ပေါ့၊ စစ်ကောင်စီ ပခ (ပျူစောထီး) )တွေနဲ့ ပေါင်းပြီး ခြိမ်းခြောက်တာမျိုးတွေ ၊ ပေါ်တာဆွဲဖို့ အပြစ်မဲ့ ပြည်သူတွေကို တပ်သားစုဆောင်းရေးတွေ လုပ်သေးတာလို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းကို ပစ်မှတ်ထားဖမ်းဆီးသည်ဆိုသည်ထက် ပြည်သူအား ဒုက္ခပေးနေသည့်အတွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။ 

ဖမ်းဆီးထားသည့် တော်လှန်ရေးအဖွဲ့အစည်းနှင့် ကာယကံရှင်မိသားစုထံ  Myanmar Now က ဆက်သွယ်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မည့် ပါတီခြောက်ခုမှ ကိုယ်စားလှယ်လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

တော်လှန်ရေးအင်အားစုများကလည်း အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလအဖြစ် ကြေညာထားပြီး ရွေးကောက်ပွဲကို ရသမျှနည်းလမ်းဖြင့် ဟန့်တားသွားမည်ဖြစ်ကြောင်း ပြောဆိုထားကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်  ခြိမ်းခြောက်အကျပ်ကိုင်မှုများအား တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ပြီး အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်၊ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပ သွားမည်ဖြစ်ပြီး  အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပ သွားမည်ဖြစ်သည်။

၁၉၈၈ လူထုလှုပ်ရှားမှုအပြီး ပေါ်ပေါက်လာသော  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) သည် ၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၂ဝ ကျော်တွင် အနိုင်ရသည်။ 

ထိုရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လျစ်လျူရှုပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲထပ်မံပြုလုပ်ရန် စီစဉ်ရာ ခေါင်းဆောင်များ ထိန်းသိမ်းခံနေရသဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မပြုခဲ့ရာ ပါတီဝင်အချို့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို တည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ရာမှ ကျားဖြူပါတီ ပေါ်ပေါက်လာခဲ့သည်။

ပါတီတံဆိပ်များကို အစွဲပြုပြီး SNLD ကို ကျားခေါင်းပါတီ၊ SNDP ကို ကျားဖြူပါတီဟုလည်း အများက သတ်မှတ်ခေါ်ဆိုကြသည်။

စစ်ကော်မရှင်၏ လာမည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်  ကျားဖြူပါတီက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အစား  ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ပါတီကို ပြန်မှတ်ပုံတင်ခဲ့သည်။ လက်ရှိပါတီဥက္ကဋ္ဌသည် စိုင်းအိုက်ပေါင်း ဖြစ်သည်။ 

ပခုက္ကူမြို့နယ် ကျားဖြူပါတီရုံးခန်းဖွင့်ပွဲ။ (ဓာတ်ပုံ- Wai Lin Facebook)

Related Articles

Back to top button