အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါက်တောတွင် လူသတ်မှုဖြင့် စစ်ဆေးခံနေရသည့် ULA အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးအမှု ကြန့်ကြာနေ

ဆူပူမှုဖြင့် ဖမ်းဆီးခံထားရသော ‌‌‌ဒေသခံ အမျိုးသားတစ်ဦး ၂၄ နာရီမပြည့်မီ သေဆုံးသွားမှုဖြင့် အုပ်ချုပ်ရေး အဖွဲ့ဝင် သုံးဦးကို အမှုဖွင့်စစ်ဆေးနေမှုသည် တစ်နှစ်နီးပါးကြာမြင့်နေသောကြောင့် အမှုအခြေအနေ ပြောင်းလဲမည်ကို သေသူ၏ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဂန်းကျားကျေးရွာတွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူးနှစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာသော်လည်း အမိန့်ချမှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

၂၀၂၄ ခု၊ မေလ ၃ ရက်နေ့က အသက် ၃၂ နှစ် အရွယ် ကိုသိန်းထွန်းလှိုင်ကို ရပ်ရွာတွင် ဆူပူသောင်းကျန်း နေသည် ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းနှင့်ဆယ်အိမ်မှူးများဖြစ်ကြသည့်  ဦးသန်းထွန်းအောင်၊ ဦးထွန်းအေး‌ငွေတို့က ဖမ်းဆီးပြီး ထိပ်တုံးခတ်ထားလိုက်သည်။

အုပ်ချုပ်ရေးအဖွဲ့သည် နောက်တစ်နေ့ မိုးလင်းအရုဏ်တက်ချိန်တွင် ကိုသိန်းထွန်းလှိုင်၏ အလောင်းကို လှေပေါ်တင်နေသည်ကို လူအများက တွေ့ရှိသွားရာမှ သေဆုံးသွားသည်ကို သိရခြင်းဟု ကိုသိန်းထွန်းလှိုင်၏ အစ်ကို အသက် ၃၅ နှစ်အရွယ် ကိုသန်းထွန်းလှိုင်က ပြောသည်။ 

“အလောင်းဖျောက်ဖို့သွားတာက အဲဒီ(ဂန်းကျား)က ထွက်သွားပြီး ဓာတ်ဆီကုန်သွားလို့ သပြေကန်ရွာမှာ ဓာတ်ဆီ တက်ဝယ်ပါတယ်။ အဲဒီတော့ သပြေကန်ရွာကလူတွေလည်း စက်လှေမှာ လူတစ်ယောက်သေနေပြီ ဘာဖြစ်တာလဲ မေးမှ (ဆက်) မသွားတော့ဘဲ (အလောင်းကို)ပြန်ယူလာတာ  ”ဟု ၎င်းကဆိုသည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ကြိုးဆွဲချ၍သေဆုံးသွားခြင်းဟု သေဆုံးသူ၏ ဇနီးကို ပြောဆိုသော်လည်း သေသူ၏ ခန္ဓာကိုယ်နောက်ကျောဘက်တွင် ညိုမည်းဒဏ်ရာများတွေ့ရသဖြင့် နှိပ်စက်မှုကြောင့် သေဆုံးသွားခြင်းဟု မိသားစုဝင်များက ယုံကြည်ထားကြသည်။

“မသေခင် ညဘက်က အုပ်ချုပ်ရေးမှူး ဦးကျော်သန်းအိမ်က ထိပ်တုံးမှာ နောက်ပြန်ကြိုးတုပ်ရှိနေတာ၊ မနက် မိုးလင်းတာနဲ့ ကြိုးဆွဲချပြီး သေတယ်ဆိုတာက လုံးဝမုသားသုံးစကားပဲဖြစ်တယ်”ဟု သေသူ၏ အစ်ကိုက ပြောသည်။

ထို့ကြောင့် သေဆုံးသူ၏ မိသားစုဝင်များက အထက်ပါအုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦးကို ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ အာရက္ခတပ်တော် (AA) ထံ တိုင်ကြားပြီး လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၃၄ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြသည်။

လက်ရှိတွင် ထိုအမှု၌  စစ်ဆေးရန်အတွက် တရားခံပြသက်သေနှစ်ဦး ကျန်သေးသည်ဟု သိရသည်။

တာဝန်ရှိသူများက အမှုကိုဥပဒေအတိုင်း လုပ်ဆောင်နေကြသည်ဟု နားလည်သော်လည်း အချိန်ကြန့်ကြာနေ၍ အမှုလမ်းကြောင်း လွဲမည်နှင့် အမှုတဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း ကိုသန်းထွန်းလှိုင်က ပြောသည်။

“အဓိက (အမှုဖွင့်တာ) ဘာကြောင့်လဲဆိုတော့ နောက်နောင်မဖြစ်ရအောင်၊ ပြည်သူတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ အသိတရားတွေရရှိလာအောင်၊ ပြဿနာတစ်ခုဖြစ်လာရင် ပြည်သူတွေကလည်း ရဲရဲဝံ့ဝံ့ပြောရဲလာအောင် အတွက်ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က မကြာခဏဗုံးကြဲမှုများရှိသောကြောင့် တရားရုံး ရုံးချိန်းများကိုလည်း ရွှေ့ဆိုင်းလေ့ရှိသည်ကို တွေ့ရသည်။ 

အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး  ရဲဌာန၊ အုပ်ချုပ်ရေးဌာန၊ တရားစီရင်ရေးဌာနစသည့် အစိုးရဌာနများကို ဖွဲ့စည်း၍ အစိုးရယန္တရား လည်ပတ်လျက်ရှိသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ULA/ AA ဘက်က တုံ့ပြန်ချက်မရသေးပေ။ 

တရားစွဲမှုတစ်နှစ်ကျော်အတွင်း တစ်ပတ်နှစ်ကြိမ်နှုန်းဖြင့် ရုံးတက်နေရသည်မှာ ငွေကြေးအလွန်ကုန်ကျမှု ရှိနေသောကြောင့် နစ်နာသူမိသားစုများလည်း စိတ်မချမ်းသာဖြစ်နေရသောကြောင့် သံသယတရားခံများအား အမြန်ဆုံး အမိန့်ချမှတ်လိုသည်ဟု ကိုသန်းထွန်းလှိုင်က တောင်းဆိုသည်။

အသက် ၃၂ နှစ် အရွယ် ကိုသိန်းထွန်းလှိုင်၏ အလောင်းတွင် တွေ့ရသည့် အညိုအမည်းများ။ (ဓာတ်ပုံ-ပေးပို့)

Related Articles

Back to top button