အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG ထိန်းချုပ်သည့် တကောင်းမြို့ကို စစ်တပ်ဗုံးကြဲ၊ ပြည်သူလေးဦး သေဆုံး

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲနှင့် မိုင် ၃၀ ကျော် ဝေးကွာသည့်နေရာကို လေတပ်က ဗုံးကြဲသဖြင့် သေဆုံးရသူများထဲတွင် ဆယ်နှစ်အောက်ကလေးတစ်ဦး ပါဝင်သည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို အာဏာသိမ်းတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်  ဗုံးကြဲသဖြင့်  ဆယ်နှစ်အောက် ကလေးအပါအဝင် ပြည်သူလေးဦးသေဆုံးခဲ့ပြီး၊ ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည် ဟု သိရှိရသည်။

ယင်းနေ့ ည ၈ နာရီခွဲခန့်က    လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲသဖြင့် သေဆုံးဒဏ်ရာရကြခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရပ်သားတွေအိမ်ပေါ်ကိုချတာ။ ကလေးတစ်ယောက် အပါအဝင် လေးယောက် သေသွားတယ် ။ ထိခိုက်ဒဏ်ရာရသူတွေ ပြင်းထန်တဲ့သူတွေလည်း ရှိတယ်”ဟု ယင်းအမျိုးသားက ဆိုသည်။

 တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တကောင်းမြို့ကိုယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ပြီး ၊ အဆိုပါတိုက်ခိုက်ခံရသည့်နေရာသည် လတ်တလောတွင် တိုက်ပွဲဖြစ်ပွားနေသည့် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးရှိ အမှတ် (၁၃) တပ်မတော်လေ့ကျင့်ရေးကျောင်း (တတက-၁၃)နှင့်ဆိုလျှင် မိုင် ၃၀ ခန့် ဝေးကြောင်း ၎င်းက ဆက်ပြောသည်။

ဗုံးထိမှန်သည့်ဒဏ်ရာရသူများ ဆေးကုသမှုခံယူနေရသည်ဟုကြားသိရပြီး အသေးစိတ်ကို မသိရပေ။

“မြန်မာအစ တကောင်းက”ဟု ဆိုရိုးစကားရှိခဲ့သည့် တကောင်းမြို့သည် မန္တလေးတိုင်း ၊ သပိတ်ကျင်း ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင်ပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင် ကွာဝေးသည်။

ဧရာဝတီမြစ်၏အရှေ့ဖက် မြစ်ကမ်းနဖူးတွင်ရှိသော တကောင်းမြို့သည် စိုက်ပျိုးရေး၊မွေးမြူရေးဖြင့် အသက်မွေးကြသော အေးချမ်းသည့် မြို့တစ်မြို့ဖြစ်ပြီး ရှေးခေတ် မြို့ရိုးဟောင်းများ ၊ စေတီဟောင်း များနှင့် ရှေးဟောင်းသမိုင်းကြောင်းများကြောင့်ထင်ရှားသည့်မြို့တစ်မြို့ဖြစ်သည်။

မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော် လမ်းပေါ်တွင်ရှိသည့် ရှေးဟောင်းအမွေအနှစ်များဖြင့် ကျော် ကြားသည့် အဆိုပါ “တကောင်း”မြို့ကို ယခင်အစိုးရအဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော်လည်း ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် တကောင်းမြို့အများပြည်သူ့ဆိုင်ရာ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ ကျောင်းများတွင် တပ်စွဲခဲ့သည်။

တကောင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များက ယမန်နှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နှစ်ကျော်အကြာ လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ၎င်း၏ တောင်ဘက်တွင် သပိတ်ကျင်းမြို့နယ်ရှိသည်။ 

လက်ရှိတွင် သပိတ်ကျင်းမြို့နယ်အတွင်း တွင်းငယ်ကျေးရွာအနီး တတတက-၁၃ ၊ ၊အမှတ်(၂)စစ်အခြေခံ လေ့ကျင့်ရေးတပ်ရှိသည့် ၇ မိုင်ကျေးရွာ၊ သပိတ်ကျင်း-မိုးကုတ်လမ်းပေါ်ရှိ ဖော့တောလမ်းဆုံစသည့် နေရာ တို့တွင် စစ်ကော်မရှင်တပ်များနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဆက်ရှိနေသည်။

စစ်ကော်မရှင်သည် ယခုလများအတွင်း မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း စိုးမိုးမှုရရှိရေး ဒရုန်း၊ လေကြောင်းပစ်ကူ၊ လူသူအင်အားအဆမတန်သုံးကာ စစ်ကြောင်းထိုးနေပြီး မန္တလေး၏ မြောက်ဘက်မတ္တရာမြို့နယ်တစ်နယ်လုံးကို သိမ်းပိုက်ထားသည်။

ထို့နောက် တော်လှန်ရေးတပ်များ သိမ်းထားသော စဉ့်ကူးမြို့ကို သပိတ်ကျင်းမြို့နယ်နှင့်မတ္တရာမြို့နယ် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးရယူရန်ကြိုးစားနေချိန် တကောင်းမြို့ကိုပါ ဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်သည်။

Related Articles

Back to top button