စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြုလုပ်မည့်နယ်မြေများတွင် ပါဝင်နေသော မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တွင် ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗန်းမော်ထိုးစစ်သည် အပြင်းထန်ဆုံးဖြစ်သည်ဟု ဒေသခံများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံက သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ယနေ့အထိ မြို့တွင်းတိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့်ရက်များအတွင်း KIA က စစ်ရေးအရ အရေးမကြီးသည့်နေရာအချို့မှ နောက်ဆုတ်ပေးလိုက်ရသည်ဟု သိရသည်။
ဗန်းမော်မြို့တွင်း အရေးကြီးနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ယခုလအတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းများကို အသုံးပြုပြီး အစွမ်းကုန် ထိုးစစ်ဆင်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့(စစ်တပ်) နယ်မြေတွေကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်ကနေ အစွမ်းကုန်လို့ပြောရမှာပေ့ါ ထိုးစစ်ဆင်တာ တွေ့ရပါတယ်၊ တချို့အရေးမကြီးတဲ့နေရာ၊ တချို့လည်း သူတို့ပြန်ပြီး ထိန်းချုပ်နိုင်တဲ့ အနေအထားလည်းရှိပါတယ်။ တိုက်ပွဲကတော့ ဆက်ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြို့တွင်းရပ်ကွက်အချို့၏ စစ်ရေးအရ အရေးမကြီးသည့် နေရာအချို့မှ နောက်ဆုတ်ပေးလိုက်ရသော်လည်း အခိုင်အမာ တပ်စွဲထားသည့် ခြေကုပ်စခန်းများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။
“တပ်စခန်းတွေ၊ ကျွန်တော်တို့ရဲ့ ခြေကုပ်စခန်းတွေ ဆုတ်သွားတာတော့ မရှိဘူး။ သူတို့ရဲ့စခန်းတွေကို လည်း ထပ်ပြီးမှ ပြန်သိမ်းနိုင်တာတော့ မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တစ်နီးပါး ကြာမြင့်လာသည့် ဗန်းမော်တိုက်ပွဲတွင် ဩဂုတ်လအတွင်း စစ်တပ်က ရေကြောင်းမှ တဆင့် အင်အားထပ်မံဖြည့်နိုင်ပြီးနောက် လက်လွှတ်ခဲ့ရသည့် အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်၊ အမှတ်(၂၃၆)ခြေလျင်တပ်ရင်း တို့ကို စက်တင်ဘာလတွင် ပြန်လည်သိမ်းပိုက်ထားသည်။
အဆိုပါ တပ်ရင်းဌာနများအပါအဝင် ဗန်းမော်တွင် စစ်တပ်တပ်ရင်း၊ တပ်ခွဲဌာနချုပ် ၁၁ ခုရှိပြီး အကုန်လုံးကို စစ်တပ် ထိန်းချုပ်ထားနိုင်သည်။ မြို့ပေါ်ရပ်ကွက်အချို့တွင်သာ KIA က အခိုင်အမာ တပ်စွဲနိုင်တော့သည့် အခြေအနေ ဖြစ်ပေါ်နေသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသ မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များကလည်း အတူပါဝင်တိုက်ခိုက်နေကြသည်။
အဆိုပါတိုက်ပွဲများအတွင်း ယခုနှစ် ဧပြီလမှ စတင်ကာ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၃) တပ်ရင်း ကလည်း ပါဝင်တိုက်ခိုက်ခဲ့သည်။
အောက်တိုဘာလကုန်အထိ ခြောက်လကျော် ကာလအတွင်း ဒုတိယတပ်ရင်းမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံက သိရသည်။

ဝိုင်းမော်နှင့် ဖားကန့် တိုက်ပွဲ
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝိုင်းမော်မြို့နယ်အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာ လမြန်ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု KIA နှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ပြီးနောက် အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်အချို့ လမြန်ရွာနှင့် တဆက်တည်းရှိသည့် ဝူယာန်ရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
“တစ်ယောက်ကတော့ စိုးရိမ်ရတယ်၊ အသက် (၅၀) လောက်ရှိပြီ။ နောက်တစ်ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး။ မြစ်ကြီးနားဆေးရုံပို့လိုက်တယ်။ တိုက်ပွဲဖြစ်တာ ခဏပဲ။ လက်နက်ကြီးနဲ့ ပစ်ကြတာ” ဟု ထိုသူက ဆိုသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားရာ လမြန်ရွာအနီးတဝိုက်ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟု ဆိုသည်။
“ဝိုင်းမော် လမြန်ဘက်မှာလည်း ဒီအတိုင်းပါပဲ မနေ့ကလည်း လက်နက်ကြီးနဲ့ပစ်တာတွေ မြေပြင်က (စစ်ကြောင်း)ထိုးတာတွေ ရှိပါတယ်။ ဒီနေ့မနက်လည်း မြစ်ကြီးနားဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ် တာတွေရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်များနည်းတူ ကျောက်စိမ်းမြို့တော် ဖားကန့်တွင်လည်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေသလို စစ်ကူစစ်ကြောင်းများ ထပ်တိုးထားသည်ဟု ဒေသခံ များထံက သိရသည်။
ယနေ့နံနက် ၁၁ နာရီခန့်တွင် ဖားကန့်မြို့ မရောင်ရွာနှင့် မားဆားကျေးရွာအနီး စစ်တပ်က ဒရုန်းဗုံး ကြဲချခဲ့ ခြင်းကြောင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး အသေးစိတ် မေးမြန်းနေဆဲဖြစ်ကြောင်း KPDF များနှင့် နီးစပ်သည့် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ထို့ပြင် စစ်တပ်က ဖားကန့်မြို့အရှေ့ဘက်ရှိ လုံးခင်းကျေးရွာမှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး နေပြီး ဖားကန့်-ကားမိုင်းလမ်းပိုင်းတွင်လည်း စစ်ရေးတင်းမာနေသည်ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။
ဖားကန့်တွင် လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်နေကြသလို့ ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲမှုရှိသည်ဟု သိရပြီး အသေးစိတ်မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့များသည် လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲစာရင်းတွင် ပါဝင်နေသလို ကချင်ဒေသတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ် က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များအပြင် မြေပြင်စစ်ကြောင်းများပါ ထိုးနေသည်။
အဆိုပါ သုံးမြို့နယ်တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့သည့်တစ်ပတ်အတွင်း တိုက်ပွဲပေါင်း၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနှင့်ပြန်ကြားရေးဌာန၏ နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်လွှင့်သည့် သတင်းရုပ်သံအစီအစဉ်ကနေ တစ်ဆင့် သိရကြောင်း ကချင်သတင်းများ ဖော်ပြနေသော မြစ်ကြီးနားသတင်းဂျာနယ်တွင် ရေးသားထားသည်။
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှ စတင်သည့် ကချင်ပြည်နယ် ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီ သည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို KIA က သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် အာဏာသိမ်းစစ်တပ်က ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုးစစ်ဆင်မှုများပြန်လည်ပြုလုပ်လာပြီး လတ်တလောတွင် ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း တို့တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာနေသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲပြုလုပ်မည်ဖြစ်ရာ စစ်ကော်မရှင် က အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသောနေရာများကို စစ်ကြောင်းထိုးမှုများ ဆက်တိုက် ပြုလုပ်နေသည်။




