ပဲခူးတိုင်း ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်များတွင် စစ်ကော်မရှင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရရာ ခုနစ်ဦး သေဆုံးခဲ့ပြီး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထိုမြို့နယ်များတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေး အမှတ်(၃)ရပ်ကွက်၊ ဇီးကုန်းနှင့် ဝက်ကော်ကျေးရွာကြားရှိ ကောင်းကင်ဘုံ ကေတီဗွီ (HEAVEN KTV) သို့ သီချင်းလာရောက်ဆိုနေသော ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ (ပလကဖ) ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုတွင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ တပ်ခွဲမှူး ကိုအောင်က ပြောသည်။
“ခုနစ်ဦး သေဆုံးပါတယ်၊ ည ၁၁ နာရီခန့်မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူ့စစ်နှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့မှ G3တစ်လက်၊ ကျည်ဘောက် ငါးခု၊ ကျည် ၈၀၊ ဓား သုံးလက်၊ လက်ထိပ် တစ်ခုတို့ သိမ်းဆည်းရမိသည်ဟုလည်း သူက ဆိုသည်။
သေဆုံးသူ အမျိုးသား ငါးဦးသည် ပြည်သူ့စစ်နှင့် လုံခြုံရေးအကြမ်းဖက်နှိမ်နှင်ရေး အဖွဲ့ဝင်များဖြစ်သည့် မြင့်နိုင်ဦး၊ ခိုင်ဇော်မြင့်ဦး၊ မျိုးလွင်၊ မျိုးမင်းအောင်၊ ဇော်ကြီးတို့အပြင် အခြားအမျိုးသမီးနှစ်ဦးလည်း သေဆုံးသွားကြောင်း Myanmar Now က ရရှိထားသည့် ရဲကြေးနန်းတွင် တွေ့ရသည်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးသည် ကေတီဗွီတွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်သည်ဟု ဒေသခံနှင့် တော်လှန်ရေး အဖွဲ့ဝင်များက ဆိုကြသော်လည်း ယင်းအချက်နှင့် ပက်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့)ကလည်း ကြို့ပင်ကောက်မြို့တွင် ကားများကို စစ်ဆေးနေသည့် စစ်ကော်မရှင် တပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း ယင်းနယ်မြေမှ တော်လှန်ရေး ရဲဘော်တစ်ဦးက အတည်ပြုပြောဆိုသည်။
စစ်ကော်မရှင် ရဲကြေးနန်းတွင် စစ်ဆေးနေသည့်နေရာသို့ လက်နက်ကိုင် ၁၅ ဦးခန့် FAW ကားဖြင့် ရောက်လာပြီး တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့ဝင် လေးဦး သေဆုံးသည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဘီအေ၆၃ တစ်လက်၊ ဘီအေ ၆၄ တစ်လက်၊ အမ်အေ၁၃ တစ်လက် ပျောက်ဆုံးသွားသည်ဟု ရဲကြေးနန်းတွင် ပါရှိသည်။
ယင်းတိုက်ပွဲနှင့်ပက်သက်၍ သတင်းဖော်ပြချိန်အထိ တော်လှန်ရေးတပ်ဖွဲ့များမှ တရားဝင် သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။
ထိုတိုက်ခိုက်မှုအပြီး ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများက နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒေသခံများကို စစ်ဆေးနေသည်ဟု ထိုနယ်မြေအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“သူတို့ဘက်က ထိခိုက်သွားပြီ၊ နစ်နာသွားပြီဆိုရင် လုပ်တော့မယ်ပေါ့နော်၊ အပြစ်မဲ့တဲ့ ကျေးရွာတွေ PDF တွေ ဖြတ်သွားဖြတ်လာလို့ သူတို့ဘက်စွပ်စွဲယူဆနိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတာတွေ ဖြစ်လာနိုင်စရာရှိတယ်၊ အခုလောလောဆယ်တော့ အဲဒါမျိုးမရှိသေးဘူး”ဟု ၎င်းက ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များရှိရာ ပဲခူရိုးမတောင်ခြေတွင် စစ်အင်အား ဖြည့်တင်း၍ စစ်ကြောင်းထိုးရန် စီစဉ်နေသည်ဟု သိထားရကြောင်း ဆက်ပြောသည်။ ပဲခူးအနောက်ခြမ်း စစ်ရေးလှုပ်ရှားမှုများ အခြေအနေများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။
နိုဝင်ဘာလအတွင်း ပဲခူးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းတို့တွင် စစ်ကော်မရှင်၏ စစ်ကြောင်းအများအပြား လှုပ်ရှားခဲ့သော်လည်း ထိုစစ်ကြောင်းများ ငြိမ်သက်နေချိန်တွင် စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။



