စစ်ကော်မရှင် ဦးစီးကျင်းပမည့် ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်သာ လိုတော့သည့်အချိန်တွင်ပင် ထိုရွေးကောက်ပွဲကို လူထုက လျစ်လျူရှုမျက်ကွယ်ပြုထားသည်။ တနည်းအားဖြင့် စစ်အုပ်စု၏ ရွေးကောက်ပွဲအား လျစ်လျူရှုမျက်ကွယ်ပြုခြင်းဖြင့် လူထုက ၎င်းတို့၏ ဆန့်ကျင်မှုအား ထုတ်ဖော်ပြသခြင်းဖြစ်သည်။
စစ်တပ်အစောင့်အကြပ်အပြည့် ဝန်းရံထားသည့် စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော်၌ပင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုကို အင်တိုက်အားတိုက် မလုပ်နိုင်ပေ။ လူထု၏ လျစ်လျူရှု မျက်ကွယ်ပြုထားမှုကြောင့် ခြောက်ကပ်လွန်းသည့် ရွေးကောက်ပွဲတစ်ခုအဖြစ်သာ ရှုမြင်ရသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခု၊ ပြည်ပရောက်မြန်မာနိုင်ငံသား ၃၇၀၀ ကျော်ကို ပြည်သူ့လှုပ်ရှားမှု ပလက်ဖောင်း (Platform for People Movement)က စစ်တမ်းကောက်ယူရာတွင် ၉၉ ရာခိုင်နှုန်းက တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဟု ဖြေဆိုခဲ့ကြသည်။
အလားတူ စစ်တမ်းဖြေဆိုသူ ၉၉ ရာခိုင်နှုန်းကပင် ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အခက်အခဲကို မဖြေရှင်းနိုင်ဟုလည်း ဖြေဆိုခဲ့ကြသည်ဟု ပြည်သူ့လှုပ်ရှားမှု ပလက်ဖောင်းက ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်ကြီးများကြီးစိုးသည့် နေပြည်တော်ကဲ့သို့ နေရာမျိုးတွင်ပင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်မှုကိုလာ ရောက်နားထောင်ရန် အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများကို ဆင့်ခေါ်ကာ ဖိအားပေး မဲဆွယ်စည်းရုံး နေရသည်ကို တွေ့မြင်ရသည်။
ရွေးကောက်ပွဲကို ပြည်သူများ၏ စိတ်ဝင်စားမှုအလွန်နည်းပါးနေပြီး မဲစာရင်းကြည့်ရန်ပင် စစ်တပ်ထိန်းချုပ်ထားသည့် မီဒီယာများမှတဆင့် လှုံ့ဆော်နေရသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ဒုတိယအကြိမ်ကပ်မည့် မဲစာရင်းများကိုလည်း လာရောက်ကြည့်ရှုရန် စစ်ကော်မရှင်က ဝါဒဖြန့်သတင်းစာများမှ ထပ်မံဖိအားပေးထားသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ရပ်ကွက်အတွင်း အိမ်ထောင်စုဇယားမရှိသူများအား နာမည်စာရင်း လာပေးရန်၊ အိမ်ထောင်စုဇယားရှိသူများ ရပ်ကွက်ရုံးတွင် နာမည်စာရင်း ပါ မပါလာကြည့်ရန် လော်စပီကာဖြင့် လှည့်လည် ဆော်ဩနေကြသည်။စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြု၊ လွတ်လပ်သည့် ရွေးကောက်ပွဲမဟုတ်ဟု ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြချိန်လည်းဖြစ်သည်။ ထိုအခြေအနေတွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲဝေဖန်သူများကို ရွေးကောက်ပွဲဆန့်ကျင်သူဟု သတ်မှတ်ပြီး လူ့သက်တမ်းတစ်ဝက်ကျော်သည့် ထောင်ဒဏ် နှစ် ၅၀ နီးပါး ပြစ်ဒဏ် အပါအဝင် ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်၍ ပြင်းပြင်းထန်ထန်နှိပ်ကွပ်နေသည်။

ထောင်ဒဏ်နှစ်ရှည်ချ အရေးယူမှုများ
ရွေးကောက်ပွဲကို ဆန့်ကျင်မှုဖြင့် ရန်ကုန်မြို့နေ လူငယ် သုံးဦးဖြစ်သည့် အသက် ၂၃နှစ်အရွယ် ကိုရန်နိုင်ကြည်ဝင်း၊ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ထောင် ၄၉ နှစ်၊ အသက် ၁၉ နှစ်အရွယ် မယမင်းထက် ကို ၄၇ နှစ် ထောင်ဒဏ်အသီးသီး ကျခံစေရန် လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်းမြို့နယ် တရားရုံးများက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ထိုလူငယ်များသည် ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်းမြို့နယ်တို့၌ နောက်ခံအနီရောင်တွင် အဝါရောင်စာသားဖြင့် အနက်ရောင် မဲပုံးပေါ်တွင် ကျည်ဆန်ပုံပါရှိသည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတန်းပါ ပိုစတာများ ဖြန့်ဝေခဲ့သည်ဟု စစ်ကော်မရှင်၏ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် ကြေညာချက်တွင် စွပ်စွဲထားသည်။
“တော်တော်များတဲ့ ပြစ်ဒဏ်တွေပါ၊ ဒီလို ပြစ်ဒဏ်တွေကို ချမှတ်တာကို ကြည့်တာနဲ့ ရွေးကောက်ပွဲကစစ်တပ်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ မြင်နိုင်တယ်။ အဖြေထွက်ပြီးသား ရွေးကောက်ပွဲကိုသူတို့အတိမ်းအစောင်းခံမှာမဟုတ်ဘူး” ဟု ရန်ကုန်တိုင်းမှ စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့သည့်အသက် ၃၀ကျော်အရွယ် အမျိူးသားတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၉ရက်နေ့ထိ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူ အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၈၈ဦးကို အရေးယူးထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ ထိုသူများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် မပါရန် သတိပေးပြောဆိုခြင်း၊ မဲမပေးရန် စည်းရုံးခြင်း မဲဆွယ်ဆိုင်းဘုတ်များကို ဖျက်ဆီးခံရခြင်းတို့ကြောင့် အရေးယူခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားခြင်း ဥပဒေဖြင့်အရေးယူ ဖမ်းဆီးခံထားရသူ ၃၂ ဦးကို နာမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်ပြီး အမျိုးသား ၂၉ ဦးနှင့်အမျိုးသမီးသုံးဦး ပါဝင်ကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)က ထုတ်ပြန်ထားသည်။
ထိုဖမ်းဆီးအရေးယူခံထားရသူ ၃၂ ဦးထဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၄ ဦး၊ ကရင်နီပြည်နယ်မှ ငါးဦး၊ရှမ်းပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ နှစ်ဦး၊ကရင်ပြည်နယ်မှ နှစ်ဦး၊ မွန်ပြည်နယ်မှ တစ်ဦးနှင့် မြို့နယ်အတည်မပြုနို်ငသေးသူ ငါးဦးပါဝင်သည်။
ထို ၃၂ ဦးထဲမှ ၁၁ ဦးသည် လူမှုကွန်ရက်မှ တဆင့် အတုအယောင်ရွေးကောက်ပွဲအား ဝေဖန်ပြောဆိုထားသော ပို့စ်များအား တုံ့ပြန်မှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ၃၃ ဒသမ ၄ ရာခိုင်နှုန်းသည်လူမှုကွန်ရက်မှတဆင့် ပြေဆိုဝေဖန်မှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း MIP ထုတ်ပြန်ချက်ကဆိုသည်။
ကိုယ်စားလှယ်များလောင်းများ မဲဆွယ်စည်းရုံးရာတွင် စစ်တပ်မကြိုက်သည့် အသုံးအနှုန်းများ သုံးနှုန်းပါက အန္တရာယ်ရှိနိုင်ကြောင်း ပြည်သူ့ပါတီ(PP)၏ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်၏ ဖြစ်ရပ်က သက်သေပြနေသည်။ ၂၀၂၁ နွေဦးတော်လှန်ရေး၊ ၂၀၂၁ အရေးတော်ပုံဟု သုံးနှုန်းခဲ့သည့် ဦးလွင်မြင့်ကို စစ်တပ်က ခေါ်ယူသတိပေးခဲ့သည်။

တက္ကသိုလ်ကျောင်းသားများကို ကြိုတင်မဲပေးရန် ဖိအားပေး
ရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်သည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်မဲပေးရန်လည်း စစ်ကော်မရှင်က ဖိအားပေးနေသည်။
ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အသက် ၁၈နှစ်ပြည့်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ပါက နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၇ ရက်နေ့ အတွင်း ကြိုတင်မဲပေးနိုင်သည်ဟု သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ညွှန်ကြားချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ကပ်ထားသည်ဟုလည်း သိရသည်။
ကြိုတင်မဲပေးရမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍အတွေ့ကြုံမရှိသူများဖြစ်သည့်အပြင် မဲဆွယ်စည်းရုံးခံရခြင်း၊ မဲပေးသည့်စနစ်၊ ပါတီ၊ကိုယ်စားလှယ်လောင်းများကို မသိသေးကြကြောင်း ယင်းမြို့များမှ တက္ကသိုလ်တက်ရောက်နေသည့်ကျောင်းသူနှစ်ဦးက ပြောသည်။
“ပါတီနဲ့ ကိုယ်စားလှယ်တွေကတော့ ဆိုင်းဘုတ်ထောင်ထားတဲ့သူတော့သိတယ်၊ အကုန်မသိဘူး၊ ဘယ်ကို မဲပေးရမလဲ မစဉ်းစားရသေးဘူး” ဟု ပဲခူးတိုင်းအတွင်းမှ အသက် ၁၈နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ချိန်တွင် ကြိုတင်မဲဆန္ဒပေးသည့်အထောက်အထား ယူဆောင်ရမည်ဟု သတင်းများ ထွက်ပေါ်လာချိန်တွင် ထိုကဲ့သို့ညွှန်ကြားထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်ပသတင်းဌာနတစ်ခုကိုပြန်လည်ဖြေဆိုထားသည်။
သို့သော် နေပြည်တော်ရေဆင်းတက္ကသိုလ်တွင် ပညာသင်ယူနေသည့် အသက် ၁၈ နှစ်ပြည့်ပြီးသည့် သား ဖြစ်သူကို ကြိုတင်မဲထည့်ရန် အုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်ရာရောက် လာရောက်ခေါ်ယူ၍ မဲထည့်ခိုင်းခဲ့သည်ဟု ဖခင်ဖြစ်သူက ဆိုသည်။
“အိမ်မှာ မဲပေးရမယ်ဆိုပြီး နာမည်နဲ့ကို ရုံးကို (မဲပေးဖို့) လာခေါ်သွားတာ၊ ကျောင်းကလည်း မဲမပေးရင်ကျောင်းအပ်မခံဘူး၊ ပြောလွှတ်တော့၊ မဲသွားပေးရတာပဲ၊ ပထမဆုံးမဲပေးတဲ့ ကလေးက ဘာမှ မသိကိုယ်စားလှယ် ၊ ပါတီ ဘာမှမသိဘဲ မဲပေးရတာ” ဟု အထက်ပါ ကျောင်းသား၏ ဖခင်က ဆိုသည်။

အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံရ
ရွေးကောက်ပွဲအတွက် ထောက်တိုင်အဖြစ် မဲဆန္ဒရှင်စာရင်းများကို ကောက်ယူပေးနေသည့် အုပ်ချုပ်ရေးမှူးရုံးလည်း တိုက်ခိုက်ခံရပြီး လုပ်ငန်းစဉ်များတွင် ပါဝင်သူများကို ရွေးကောက်ပွဲတွင်မပါဝင်ကြရန် သတိပေးမှုများလည်းရှိနေသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့၊ ည ၁၀ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို Yangon Army နှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု Yangon Army အဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိ၍ ညတွင်းချင်းယင်းနေရာသို့ စစ်သားများရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြောက်ဥက္ကာလာတွင်နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ သို့သော် နောက်ဆက်တွဲအခြေအနေများကိုမူ မသိရသေးပါ။
နိုဝင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဇရပ်ကွင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား မိုင်းနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု Yangon Army အဖွဲ့က ထပ်မံထုတ်ပြန်သည်။
ဇရပ်ကွင်း အုပ်ချုပ်ရေးမှူးရုံးသည် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး ရန်ကုန်နှင့်ပဲခူးမြို့အစပ်တွင် တည်ရှိသည်။ စစ်ကော်မရှင်နှင့် ပတ်သက်သော ပစ်မှတ်များ၊ ရွေးကောက်ပွဲတွင် ပါဝင်လုပ်ကိုင်နေကြသူများကိုလည်း တိုက်ခိုက်သွားမည်ဟု Yangon Army အဖွဲ့က ဆိုသည်။
ဤအချက်များသည် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ်တုံ့ပြန်မှုနှင့် အများပြည်သူများ၏ ရှုမြင်မှုများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် လွန်စွာကွာခြားသည့် အချက်များဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိမိတို့ အားပေးထောက်ခံသည့် ပါတီအလံများ၊ ဆိုင်းဘုတ်များကို နေအိမ်များတွင် ပြည်သူများက ချိတ်ဆွဲထားခဲ့ကြသည်။ သို့သော် ယခုရွေးကောက်ပွဲတွင် ထိုပုံရိပ်များ ပျောက်ကွယ်နေသည်။ ရွေးကောက်ပွဲဝင်မည့် ပါတီအချို့၏ ရုံးခန်းများအတွင်းတွင်သာ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများကိုသာ စိုက်ထူထားသည်ဟု ပျဉ်းမနားမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။
“အရင် (၂၀၂၀ ရွေးကောက်ပွဲ) တုန်းက ကိုယ့်ပိုက်ဆံကိုယ်အကုန်ခံပြီး အလံတွေ ဗီးနိုင်းတွေလုပ်ပြီး တစ်အိမ်လုံး အနီရောင်တွေ လွှမ်းနေတာ၊ ပါတီကလည်း ဒါငါတို့ကို ထောက်ခံတဲ့ ပါတီဆိုပြီး အိမ်ထဲဝင် မဲဆွယ်ကြ၊ ပျော်စရာချည်းပဲလေ။ အခု အဲဒီအငွေ့အသက်တွေ မမြင်ရတော့ဘူး” ဟု အထက်ပါ ဒေသခံက ဆိုလိုက်သည်။



