အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်မြို့ လူနေရပ်ကွက်ကို စစ်တပ် လက်နက်ကြီးပစ်၊ နှစ်နှစ်အရွယ် ကလေးငယ်သေဆုံး

ကချင်ပြည်နယ်၊ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ယမန်နေ့ညက လူနေရပ်ကွက်များအတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိပ်မူကျေးရွာကြီးတွင်းရှိ လူနေရပ်ကွက်အချို့တွင် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ကချင်ပြည်နယ်၊ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ယမန်နေ့ညက လူနေရပ်ကွက်များအတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိပ်မူကျေးရွာကြီးအတွင်းရှိ လူနေရပ်ကွက်အချို့တွင် လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယမန်နေ့ည ၁၁ နာရီခန့်တွင် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းနှင့် မရှီကထောင်ရပ်ကွက်ရှိ ရခိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်တပ်က ဖားကန့်မြို့ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဆိပ်မူကျေးရွာကြီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ဆိပ်မူကျေးရွာကြီးရှိ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၃ တို့တွင် လက်နက်ကြီးကျည် ၁၁ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက် ၁ တွင်နေထိုင်သည့်  နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ဝမ်းဗိုက်တွင် လက်နက်ကြီးစထိမှန်သေဆုံးခဲ့သလို မိခင် ဖြစ်သူလည်း ဒဏ်ရာရခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကလေးတစ်ဦးသေဆုံးတယ်၊ မိခင်ဖြစ်သူကတော့ လည်ပင်းကို လက်နက်ကြီးဖောက်ဝင်သွားတယ်၊ အခြေအနေ တော်တော်လေးစိုးရိမ်ရတယ်လို့ သိရတယ်၊​ အဲဒီရပ်ကွက် ၁ မှာ ကလေးငယ်တစ်ဦးသေဆုံးတာအပြင် လေးဦးဒဏ်ရာ ရတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဒဏ်ရာရသူ လေးဦးနှင့် ရပ်ကွက် ၃ တွင်လည်း အမျိုးသားတစ်ဦး ခါးတွင် လက်နက်ကြီးစဖောက်ဝင်သည့် ဒဏ်ရာရထားသဖြင့် ဒဏ်ရာပြင်းထန် စိုးရိမ်ရသူ ငါးဦးရှိသည်ဟု သိရပြီး အသေးစားဒဏ်ရာရသူများလည်း ရှိနေသည်ဟု သိရသည်။

သေဆုံးသူ ကလေးငယ်သည် အသက်နှစ်နှစ်အရွယ် မချိုသံလွင်ဖြစ်ပြီး မိခင်ဖြစ်သူသည် အသက်(၃၅)နှစ်အရွယ် မပြုံးပြုံးဖြစ်သည်။ အခြားဒဏ်ရာရသူများသည် ဒေါ်ညို(၆၂)နှစ်၊ ကိုထွန်းသူ(၃၂)နှစ်နှင့် မဌေးဌေးမာ(၄၅)နှစ်တို့ဖြစ်သည်ဟု သိရသည်။

ဒဏ်ရာရသူ ငါးဦးကို ဖားကန့်ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ထားပြီး လည်ပင်းလက်နက်ကြီးစ ထိမှန်သည့် အမျိုးသမီးသည် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်များအတွင်း ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ဆိပ်မူကျေးရွာတွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

“လတ်တလောက စစ်ရေးတင်းမာတာ မရှိဘူးဗျ၊ မနေ့ညက တိုက်ပွဲဖြစ်နေတာလည်း မရှိဘူး၊ ဆိုင်းတောင် ဆိပ်မူကတော့ KIA, KPDF လက်ရှိအချိန်အထိ ထိန်းချုပ်၊​ စိုးမိုးထားတာပေါ့” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ဖားကန့်မြို့ အနောက်ဘက်ရှိ ဆိုင်းတောင်၊ ဆိပ်မူစသည့် ကျေးရွာကြီးများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် KIA, KPDF ပူးပေါင်းတပ်များကို သိမ်းပိုက် ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှာ ဖားကန့်မြို့ပေါ်နှင့် မြို့အရှေ့ဘက် ကျေးရွာများကို သာ ထိန်းချုပ်နိုင်ခဲ့သည်။

ယခုနှစ် မေလကုန်ပိုင်းတွင် စစ်တပ်က ဖားကန့်သို့ စစ်ကူအင်အားများ ပေးပို့ခဲ့ပြီးနောက် ဖားကန့်အနောက်ဘက်ရှိ KIA ထိန်းချုပ်ထားသည့် ကျေးရွာများကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့သည်။

အဆိုပါ စစ်တပ် စစ်ကူအင်အားများရောက်လာပြီးနောက် ဖားကန့်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး ငါး လကျော်ကြာမြင့်လာပြီဖြစ်သည့် စစ်ရေးပဋိပက္ခအတွင်း ဖားကန့်ဒေသခံ ၁၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်က Y 12 လေယာဉ်ဖြင့် ဖားကန့်မြို့မြောက်ဘက် ကိုးမိုင်ခန့်အကွာရှိ ကထန်ကျေးရွာကို ဗုံးကြဲခဲ့ရာ မိခင်သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

ဖားကန့်နည်းတူ ဆဒုံး၊​ ဆော့လော်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်က ဒရုန်းနှင့် ဂျက်ဖိုက်တာများသုံး၍ မကြာခဏ ဗုံးကြဲနေသည်ဟု KIA ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ ရဲစခန်းတစ်ခုကို KIA, KPDF တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မိုးညှင်းမြို့နယ်တွင်းရှိ KIA တပ်မဟာ(၈)ထိန်းချုပ်ထားသည့် တောတွင်းနေရာများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိဟု သိရသည်။

ဗန်းမော်မြို့တွင်လည်း နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေရာ မြေပြင်ထိုးစစ်တွင် အထိနာနေသည့် စစ်တပ်က ၎င်းတို့အားသာသည့် လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် မတ်လ ၇ ရက်မှစတင်သည့် KIA ၏ ကချင်ပြည်နယ် ထိုးစစ်အတွင်း စစ်တပ်၏ ရာနှင့်ချီသည့် တပ်စခန်းများနှင့် မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် အာဏာသိမ်းစစ်တပ်က ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုးစစ်ဆင်မှုများ ပြန်လည်ပြုလုပ်လာနိုင်သော်လည်း ဆုံးရှုံးလက်လွတ်ခဲ့ရသည့် မြို့နယ်များနှင့် နယ်မြေများ၏ ရာခိုင်နှုန်း အနည်းငယ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်သည်။

Related Articles

Back to top button