ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်း စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာမှုကြောင့် ရွာပေါင်း ၂၀ ခန့်ကို အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု သိရသည်။
AA သိမ်းပိုက်မည်ဟု ရည်မှန်းထားသော ကျောက်ဖြူမြို့နယ်ရှိ ထိုကျေးရွာများမှ လူပေါင်း ၂၀၀၀ ကျော်ကို ယခုလဆန်းပိုင်းကပင် စတင်ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
လတ်တလောပြောင်းရွှေ့ထားရခြင်းကြောင့် ထိုစစ်ဘေးရှောင်များအတွက် အမိုးအကာ ၊ အဆောက်အအုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ အနွေးထည်များ လိုအပ်ချက်များရှိနေကြောင်း ဒေသခံအဖွဲ့အစည်း တစ်ခု ဖြစ်သော Triple-T တည်ထောင်သူ ကိုဗစ်တာက ပြောသည်။
“လိုအပ်ချက်တွေအများကြီးပဲ။ အဓိက အစားအသောက်၊ အမိုးအကာ၊ သောက်သုံးရေ၊ အိမ်သာ၊ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးတွေအတွက် လုံခြုံရာ ကစားစရာအပါအဝင် တခြားကာကွယ်ဆေး၊ အားဆေး၊ လသားအရွယ်တွေအတွက် နို့မှုန့်၊ဖြည့်စွက်စာအပါအဝင် ဖိနပ်တွေကပင်အစ အားလုံးလိုအပ်ပါတယ် “ဟု ၎င်းက ပြောပြသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက်အကူအညီ အထောက်အပံ့များနည်းပါးလျက်ရှိသည်။ ထိုသို့ နည်းပါးရခြင်းသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်ထံမှ ခွင့်ပြုချက်တောင်းခံရခြင်းကြောင့် ဟု ကိုဗစ်တာက ပြောသည်။
“နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားလို့ သူတို့(INGO/NGO) အနေနဲ့ မြေပြင်ကို သွားလာလို့မရပါ။ပုံမှန်အားဖြင့်ဆိုရင် သွားလာဖို့အတွက် မြန်မာစစ်တပ်ဆီမှာ ခွင့်ပြုချက် တောင်းရတာရှိတယ်။ ပုံမှန်အားဖြင့် ဒီလိုကိစ္စတွေကို ခွင့်ပြုလေ့ မရှိပါ။ အဲဒါကြောင့် နိုင်ငံတကာအကူအညီတွေ မြေပြင်ကိုရောက်ဖို့ခက်ခဲပါတယ် “ဟု ၎င်းက ဆက်ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသဖြင့် ကုန်စည် စီးဆင်းမှုမရှိသဖြင့် လိုအပ်သည့် လူသုံးကုန်ပစ္စည်းများ မရရှိနိုင်ဟု ကိုဗစ်တာက ပြောသည်။
“ကျွန်တော်တို့ပိုက်ဆံရှိရင်တောင် တချို့ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူလို့မရပါ”ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူတိုက်ပွဲသည် ပြင်းထန်နေပြီး စစ်တပ်ဘက်က အင်အားသုံးတိုက်ခိုက်လာမှုရှိသောကြောင့် ကျေးရွာများ စစ်မြေပြင်ဖြစ်သွားသဖြင့် ရွာသူ၊ ရွာသားများထွက်ပြေးရခြင်းဟု ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့် စာရေးဆရာဝေဟင်အောင်က ပြောသည်။
“စစ်ပွဲက ပြင်းထန်လာတာကြောင့် အဲ့အနီးအနားက လူထုကို ရွှေ့ပြောင်းရတာဖြစ်တယ်။ အဓိကတော့ အဲ့ဘက်မှာ လေကြောင်း၊ဒရုန်းသုံးတယ်။ရေကြောင်းက သင်္ဘောကလည်း တောက်လျှောက်ပစ်တာမို့ စစ်ပွဲဧရိယာတွင်းမှာနေကြတဲ့လူတွေ အသက်လုံခြုံဖို့လိုတဲ့အတွက် ထပ်ရွှေ့တာဖြစ်တယ် “ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် စုစုပေါင်း သုံးသောင်းကျော်ခန့်ရှိပြီး တခြားစစ်ဘေးရှောင် အများအပြားလည်း ရမ်းဗြဲမြို့နယ်သို့ စစ်ဘေးရှောင်နေကြရသည်။

စစ်ဘေးရှောင်များသည် အသက်အန္တရာယ်ဘေး စိုးရိမ်ပူပန်မှုများမြင့်တက်နေကြောင်း ကိုဗစ်တာက ပြောသည်။
“အထူးသဖြင့် အာရက္ခတပ်တော်ဘက်က စစ်သားတွေမရှိရင်တောင် ရွာတွေကို နေဗီကနေ ရမ်းသန်း ပစ်တာ၊ ဒရုန်းတွေနဲ့ပစ်တာရှိတယ်။ စစ်ပွဲနဲ့မဆိုင်တဲ့အရပ်သားတွေကိုပါ ပစ်တဲ့ကိစ္စတွေရှိတာကြောင့် ပြည်သူတွေဟာ ကိုယ့်အသက်ရှင်သန်ဖို့အတွက် အများကြီးစိုးရိမ်ကြောင့်ကြဖြစ်နေကြတာ တွေ့ရပါတယ် “ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင် ရခိုင်ပြည်နယ်၏အကြီးဆုံး ရေတပ်ဌာနချုပ်ဖြစ်သော ဓညဝတီရေတပ် ရှိသလို တရုတ်စီမံကိန်းများနှင့် ကျောက်ဖြူလေဆိပ်လည်းရှိသည်။ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများအရ မြို့ပေါ် ၁၅ ရပ်ကွက်နှင့် လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်သည်။
AA သည် ရခိုင် ၁၄ မြို့နယ်နှင့် ချင်း တစ်မြို့နယ်ကို သိမ်းပိုက်ထားသည်။ သိမ်းပိုက်ရန် ကျန်ရှိသော မြို့နယ်များသည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။
AA သိမ်းပိုက်ရန်ကျန်ရှိနေသည့် ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်လာခြင်းမှာ ရွေးကောက်ပွဲ နီးကပ်လာခြင်းကြောင့်ဖြစ်နိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း AA ၏မဟာမိတ် ကိုးကန့် (MNDAA)နှင့် တအာင်း(TNLA)တို့အပစ်ရပ်ခြင်းကြောင်း ထိုဒေသမှ အာဏာသိမ်းတပ်သားများကို အင်အားဖြည့်တင်းလာမှုကြောင့် ဖြစ်နိုင်သည်ဟု စာရေးဆရာဝေဟင်အောင်က မှတ်ချက်ပြုသည်။
“ဒီနယ်မြေဟာ နိုင်ငံတကာရဲ့မျက်နှာစာဖြစ်တယ်။ တစ်ဖက်က တရုတ်စီးပွားရေးရဲ့ အဓိက မျက်နှာစာ ဖြစ်သောကြောင့် သူတို့(အာဏာသိမ်းစစ်တပ်)ဘက်က အလွယ်တကူလက်လွှတ်ဖို့ မဖြစ်နိုင်။ အဲဒါကြောင့် သူတို့အစွမ်းကုန်ထိန်းသိမ်းတယ်လို့ယူဆတယ် “ဟု ၎င်းက ဆက်ပြောသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာရှိ အာရက္ခတပ်တော်( AA) သိမ်းပိုက်ထားသည့် ရေဒါစခန်း(မိုးလေဝသတိုင်းတာရေးစခန်း)ကို အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သောကြောင့် AA ဘက်က ဆုတ်ခွာခဲ့ရသည်။
ယင်းနောက် AA ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ရေဒါဝင်းအတွင်း အလံများကိုင်ဆောင်ကာ မှတ်တမ်းဓာတ်ပုံ ရိုက်နေသည့် စစ်သားများ သေဆုံးသွားကြသည်။ ထို့နောက် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာနေသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်က တောင်ငူနှင့် အလယ်ရွာသစ်ကို ဗုံးကြဲရာ အမျိုးသမီးသုံးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရသွားသည်။
ကျောက်ဖြူမြို့ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်အား ပိုမိုသတိထားရန် AA က ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်နေ့) က ထပ်မံအသိပေးထား သည်။
လက်ရှိတွင် AA သည် ရခိုင်-ပဲခူးတိုင်း၊ ရခိုင်-မကွေးတိုင်းနယ်စပ်နှင့် ရခိုင်-ဧရာဝတီတိုင်းနယ်စပ်တို့တွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။



