ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ၌ မဲရုံမှူး ဆရာမ တစ်ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက်သတိပေးခဲ့ကြောင်း ဒေသအခြေစိုက် နတ်စစ်သည်ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် မဲရုံမှူးအဖြစ် တာဝန်ယူထားသည့် စစ်ကုန်းကျေးရွာစာသင်ကျောင်းမှ ဆရာမ ဒေါ်မို့မို့ နေအိမ်ကို သတိပေးရန် သွားရောက်စဉ် တံခါးပိတ်ထားပြီး လူသူမရှိကြောင်း၊ ဆက်လက် လုပ်ဆောင်နေပါက နောက်တစ်ကြိမ် လာရောက်မည်ဖြစ်ကြောင်း နတ်စစ်သည်အဖွဲ့ဟု အမည်ပေး ထားသည့် နတ်တလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၃၈၀၁) တပ်ခွဲ (၃) က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကုန်းရွာသည် ကြံ့ခိုင်ရေးပါတီ အားကောင်းသော ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်အကြား ရန်ကုန်- ပြည်လမ်းမ၏ အရှေ့ဘက်၊ ကြို့ပင်ကောက်မြို့၏ အရှေ့မြောက်ဘက် သုံးမိုင်ကျော်အကွာတွင် တည်ရှိသည်။
အလားတူ ယင်းနေ့မှာပင် စစ်ကုန်းကျေးရွာတွင် ယခင်က အုပ်ချုပ်ရေးမှူး လုပ်ခဲ့ပြီး စစ်တပ်သတင်းပေး အမျိုးသားတစ်ဦး၏ နေအိမ်ကို သွားရောက်၍ ၎င်း၏မိဘနှစ်ပါးတို့ကို သွားရောက်သတိပေးခဲ့သည်ဟု ထိုအဖွဲ့က ဆိုသည်။
ထိုအမျိုးသားသည် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပေးနေသည်ကို အတိအကျသိထား၍ သွားရောက်သတိပေးခြင်း ဖြစ်ကြောင်း နတ်စစ်သည်အဖွဲ့မှ တပ်ခွဲမှူး ကိုအောင်က Myanmar Now ကို ပြောသည်။
သတိပေးထားသည့် ဆရာမနှင့် စစ်တပ်သတင်းပေး အမျိုးသားတို့ကို ထောက်လှမ်းရေးနည်းဗျူဟာများ အသုံးပြု၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။
“စစ်ကောင်စီ ရွေးကောက်ပွဲကို အားပေးအားမြှောက်ဘယ်သူလုပ်လုပ်၊ နည်းလမ်းပေါင်းစုံနဲ့၊ ဒါဟန့်တား ဖျက်စီးသွားဖို့ အစီစဉ်ရှိပါတယ်” ဟု နတ်စစ်သည်အဖွဲ့တာဝန်ရှိသူက ဆိုသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို ရသမျှနည်းလမ်းဖြင့် ဟန့်တားသွား မည်ဖြစ်ပြီး လုပ်ငန်းစဉ်များတွင် မပါဝင်ကြရန် ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကလည်း ပြောသည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၎င်းတို့၏ ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟု ယူဆပါက အမြင့်ဆုံးသေဒဏ်အထိ ချနိုင်သော ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူ နေသည်။
အသက်မပြည့်သေးသူများ၊ အနုပညာရှင်များအပါအဝင် ၁၀၀ နီးပါးကို ရွေးကောက်ပွဲ ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်ထားသည်။
ပဲခူးတိုင်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲနှိုက်၍ မဲရုံစောင့်အဖြစ် တာဝန်ထမ်းဆောင်ရမည့် အသက် ၄၀ ကျော်အရွယ် ဆရာမတစ်ဦးကလည်း အကြောက်တရားဖြင့် ပါဝင်နေရကြောင်း ဆိုသည်။
“အစ်မတို့က နှစ်ဖက်ကြားထဲ ညှပ်နေတာ၊ ခုအစိုးရကိုလည်း ကြောက်ရတယ်၊ ဟိုအဖွဲ့(တော်လှန်ရေးတပ်) ကိုလည်း ကြောက်ရတယ်။ ရွေးချယ်လို့မရလို့သာ လုပ်ရမှာ” ဟု ထိုဆရာမ ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားအဖွဲ့များ၊ တော်လှန်ရေးအဖွဲ့များက လည်း စစ်ကော်မရှင်ရွေးကောက်ပွဲကို ရှုတ်ချကြောင်း၊ ဟန်ပြရွေးကောက်ပွဲဖြစ်ကြောင်း၊ တိုက်ခိုက်သွား မည် ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။
ရွေးကောက်ပွဲကို မဲပေးရန်ခြိမ်းခြောက်ပါက NUG ကို တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။
သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဆင်တဲကုန်းကျေးရွာစာကြည့်တိုက်ရှိသော မဲစာရင်းများ အောက်တိုဘာ ၆ ရက်နေ့ညကလည်း မီးရှို့ဖျက်ဆီးခံရသည်။
စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးများကလည်း ယခုကာလအတွင်း စစ်မှုထမ်းစုဆောင်းပေးမှုများ၊ ရွေးကောက်ပွဲအတွက် ဖိအားပေးမှုများ လုပ်နေကြောင်း ညောင်လေးပင် မြို့နယ်တွင် နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်မှုထမ်းပေါ်တာနဲ့ ရွေးကောက်ပွဲ မဲထည့်ဖို့ ဖိအားပေးတာတွေက ခုနောက်ပိုင်း ရွာတွေမှာ အတော် ဆိုးလာကြတယ်၊ အုပ်ကြီးတွေကလည်း ဒီလိုနည်းတွေနဲ့က ပိုက်ဆံရှာလို့ ကောင်းတော့ အသက်ဘေးကို တောင် ဂရုမစိုက်တော့ဘဲ လုပ်နေကြတာ” ဟု ၎င်းကဆိုသည်။
ပဲခူးတိုင်းအတွင်း တော်လှန်ရေးအဖွဲ့များ အားကောင်းသဖြင့် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများ ရှိသလို ပျူစောထီးများ၊ စစ်တပ်သတင်းပေးများကို ပစ်ခတ်သတ်ဖြတ်မှုများရှိနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၆ နာရီခန့်အချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက် – ဂွေးကောင်းပင်ကျေးရွာလမ်းပေါ်တွင် အသက် ၅၁ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဦးဝင်းအောင် ကို မြေအောက်ပြောက်ကျား(အုတ်ဖို)တပ်ဖွဲ့မှ ပစ်သတ်ခဲ့သည်။
ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၈ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် အသက် ၄၅နှစ်အရွယ် ပျူစောထီးခေါင်းဆောင်နှင့်ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သည့် ကိုမင်းမင်းဦးနှင့် တပည့်ဖြစ်သူ မိုးကြိုးငမျိုးတို့အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်းအတွင်း လှုပ်ရှားသည့် 9 star UG အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
သာယာဝတီခရိုင်၌ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ အပါအဝင် စစ်တပ်ထောက်တိုင် ၁၂ဦးကို စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ပဲခူးတိုင်းအနောက်ခြမ်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
ပဲခူးအနောက်ခြမ်းတွင် NUG တပ်များ၊ မြို့ပြပြောက်ကျားအဖွဲ့များ၊ ဒေသခံအဖွဲ့များ၊ မဟာမိတ်အဖွဲ့ များ လှုပ်ရှားသလို ပဲခူးအရှေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များ၊ NUG တပ်များ လှုပ်ရှားနေကြသည်။



