မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးကျေးရွာမှ ဒေသခံ ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) နံနက် ၅နာရီခွဲခန့်က မြို့သာမြို့မ ရဲစခန်းမှ စစ်ကား နှစ်စီးဖြင့် ထွက်လာသည့် အင်အားတစ်ရာခန့်ပါ စစ်ကြောင်းသည် မြို့သာမြို့မရဲစခန်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ မြို့သာစက်မှုဇုန်အနီး အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်တပ်သား လေးဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရသည်ဟုသိရသည်။
ထိုတိုက်ခိုက်မှုအပြီး အခင်းဖြစ်ရာနေရာနှင့် အနီးဆုံးဖြစ်သည့် ကျွဲဇိမ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“စစ်သားကမျက်မြင် လေးဦးဆုံးတယ်ပြောတယ်။ သူတို့ကားနဲ့ပဲ ပြန်တင်သွားပြီး စစ်ကြောင်းက ရွာကိုမွှေတယ်။ ပြီးတော့ အရပ်သား၁၂ ဦးကို ဖမ်းခေါ်ပြီး သူတို့ ရဲစခန်းဆီ ပြန်ခေါ်သွားတယ်” ဟု မျက်မြင်များကို ကိုးကား၍ ဒေသခံအမျိုးသားကဆိုသည်။
ဖမ်းဆီးခံရသူများသည် ကျွဲဇိမ်ကျေးရွာမှ တောင်ယာလုပ်ကိုင်ကြသည့် သာမန်အရပ်သားများ ဖြစ်ကြသည်။ ယင်းတို့ကို မြို့သာရဲစခန်းသို့ ကနဦးခေါ်ဆောင်သွားသည်ဟု သိရပြီး အဆက်အသွယ်မရသည့်အတွက် မိသားစုများက စိုးရိမ်နေကြသည်ဟုလည်း အထက်ပါ ဒေသခံက ပြောသည်။ ဖမ်းဆီးခံရသူများ၏ အမည်နှင့် အသက်အရွယ်တို့ကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
မိုင်းဆွဲတိုက်ခိုက်မှုကို “Special Task Force NGAZUN” က ပြုလုပ်ခဲ့ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။ အသေးစိတ်အခြေအနေကို မေးမြန်းရန် ထိုအဖွဲ့အား Myanmar Now က ဆက်သွယ်ထားဆဲဖြစ်သည်။
ထိုအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၈ရက်နေ့ကလည်း မန္တလေး- မြင်းခြံလမ်းပေါ်ရှိစစ်တပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ကိုးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ၄၅ မိုင်ကျော်ဝေးသည့် မြို့သာမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များက မြို့ဝန်းကျင်တွင် ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။
မြို့သာမြို့ ပတ်လည်တွင် စစ်ကော်မရှင် တပ်သားများက စစ်ဆေးရေးဂိတ်သုံးခုဖြင့် တပ်စွဲထားပြီး မြို့ခံများကို ငွေညှစ်ခြင်း၊ တော်လှန်ရေးနှင့် ဆက်စပ်သူများကို စစ်ဆေးရှာဖွေဖမ်းဆီးခြင်းတို့ မကြာခဏဆိုသလို လုပ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ငါန်းဇွန်မြို့နယ်မှ သံကုန်း၊ ဆပ်ပြာကျင်း၊ သပြေကန်၊ ခလမ်းရိုး၊ ကုန်းလယ်၊ ငါန်းမြာကြီး၊ မိုးတောင်စသည့်ရွာများမှ ဒေသခံ တစ်သောင်းကျော်မှာလည်း စစ်ရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်ရှောင်တွေက တောထဲမှာနေရတာ ငါးလကျော်ပြီ။ ငါန်းမြာတို့ မိုးတောင်တို့က နဂိုကတည်းက ရေဝင်ရွာတွေ။ ကျွန်းတွေပေါ် စစ်ရှောင်နေရတာ တစ်နှစ်ကျော်ပြီ ရေတက်လာရင် ဒုက္ခတွေ့ကြတယ်”ဟုပြောသည်။
မြို့သာမြို့တွင် ပြောက်ကျားတိုက်ခိုက်မှုများသာရှိတတ်ပြီး ပြင်းထန်သည့်တိုက်ပွဲများနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမရှိသော်လည်း မြို့သာမြို့နှင့်ကပ်လျက် ငါန်းဇွန်မြို့နယ်တွင် တိုက်ပွဲများမကြာခဏ ဖြစ်လေ့ရှိသည်။



