အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါက်တွင် စစ်ကော်မရှင် စစ်ကြောင်းထိုး၊ ဒေသခံ နှစ်သောင်းနီးပါး တိမ်းရှောင်နေရ

မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ရာနှင့်ချီသောအင်အားဖြင့် စစ်ကော်မရှင်တပ်က စစ်ကြောင်း ထိုးနေခြင်းကြောင့် ကျေးရွာ၂၀ ထက်မနည်းမှ ဒေသခံ တစ်သောင်းရှစ်ထောင်ခန့် စစ်ဘေးရှောင်နေရသည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် အညာမြေတပ်ပေါင်းစု တာဝန်ရှိသူနှင့် ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)မှ စစ်ကေော်မရှင်တပ်သားများသည် ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု အညာမြေတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောသည်။

“စစ်ကြောင်းက မွစတွေကြဲနေတာ၊ စစ်ကြောင်းတွေက ခဏနေဝင်သွားလိုက် ခဏနေထွက်လာလိုက်၊ခဏနေ နှစ်ရာ ဖြစ်လာလိုက်၊ ခဏနေ တစ်ရာနဲ့ တစ်ကြောင်းထွက်လာလိုက်၊ နှစ်ရာနဲ့ ထွက်လာလိုက်နဲ့ခုကြုံနေရပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျေးရွာ ၁၉ ရွာ၊ ၂၂ ရွာထက်မနည်း တိမ်းရှောင်နေကြရတယ်၊ အရပ်သားပြည်သူပေါင်းခန့်မှန်းတာကတော့ တစ်သောင်းခွဲနဲ့ တစ်သောင်းရှစ်ထောင် စစ်ဘေးရှောင်နေကြရတယ်” ဟုလည်းကိုဘိုဘိုသန့်ဇင်က ဆက်ပြောသည်။

စစ်ကြောင်းထိုးလာမှုကြောင့် စစ်ရှောင်နေကြရသည့် ကျေးရွာများမှာ ပေါက်မြို့နယ်အနောက်တောင်ပိုင်းရှိ သီးချောက်ကျေးရွာ၊ သရဖီကျေးရွာ၊ သပြေအေးကျေးရွာ၊ရွာသာအေးကျေးရွာနှင့် အလယ်လမ်းကျေးရွာ၊ ဇင်ရွေးခုံကျေးရွာများ ပါဝင်သည်။

မြေပြင်စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများ၏ စားသောက်ရေး အပါအဝင် နေထိုင်ရေးအတွက် အခက်ခဲများစွာကြုံနေရသည်ဟုလည်း စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 “စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့တယ်၊ မီးမရှို့ခင် အိမ်ထဲက တန်ဖိုးရှိတဲ့ပစ္စည်း၊ စားစရာအဝတ်အစား အကုန်ယူသွားကြတာ” ဟု သူက ဆိုသည်။

ထိုစစ်ကြောင်းသည် ဒေသခံပျူစောထီးအဖွဲ့များနှင့်ပူးပေါင်း၍ ကျေးရွာများရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး နေသည်ဟုသိရသည်။ နိုဝင်ဘာလ ၆ရက် နေ့လယ်ပိုင်းမှ စတင်၍ ပေါက်မြို့နယ် တောင်ပိုင်းရှိ သရဖီကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးမှုအခြေအနေကို မသိရှိရသေးဟုလည်း အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ပခုက္ကူခရိုင် ပေါက်မြို့နယ်သည် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အားကောင်းသည့် ဒေသဖြစ်ပြီး ယခင်ကတည်းက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုများနှင့် ကျေးရွာ မီးရှို့ ဖျက်ဆီးမှုများကို စစ်ကော်မရှင်တပ်သားများက ပြုလုပ်လေ့ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒသမ ၆ သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှု ပိုများပြားလာပြီး ယခင်ကတည်းက အခြေနေဆိုးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုခက်ခဲလာနေသည်ဟုလည်း UNOCHA က ဆိုသည်။


Related Articles

Back to top button