ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က ယခုလဆန်း ၃ ရက်နေ့မှ စတင် စစ်ကြောင်းထိုးမှုများ ပြန်လုပ်လာရာ တိုက်ပွဲများဖြစ်နေသောကြောင့် ဖရူဆိုနှင့် ဘောလခဲကို ဆက်သွယ် ထားသော လမ်းမကြီးကို သွားလာခွင့်လုံးဝပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံက သိရသည်။
ဖရူဆိုမြို့အရှေ့တောင်ဘက် ခြောက်မိုင်အကွာ မာခရော်ရှေ့ရွာမှ တစ်ဆင့် ထားလဲရွာဘက်သို့ မျက်နှာမူကာ စစ်ကြောင်းထိုးနေသဖြင့် ဖရူဆိုမြို့နယ်တောင်ဘက် ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းကြောင်းကို အများပြည်သူ အသုံးမပြုကြရန် KNDF က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
စစ်တပ် တိုးလာသော ထားလဲကျေးရွာသည် မာခရော်ရှေ့ရွာ၏ တောင်ဘက် လေးမိုင်အကွာတွင် တည်ရှိပြီး နန်းဖဲရွာမြောက်ဘက် ရှစ်မိုင်ကျော်အကွာတွင် ရှိသည်။ နန်းဖဲရွာသည် ဘောလခဲမြို့အနောက်ဘက် ရှစ်မိုင် ကျော်အကွာတွင် တည်ရှိသည်။
“ဖရူဆိုဘက်ကနေ ထွက်လာတဲ့စစ်ကြောင်းက လပိုင်းလောက်အထိ ဆက်မတိုးနိုင်သေးဘဲနဲ့ ရွာတွေဘက်မှာပဲ အခြေပြုနေတာပေါ့။ အဲဒီကနေမှ စစ်ကြောင်းဟာ နိုဝင်ဘာလလောက်မှာ အရှေ့ကို ဆက်တိုးလာတာပေါ့။ တိုးပြီးတော့ လှုပ်ရှားမှုတွေရှိလာတဲ့အခါမှာ ကျွန်တော်တို့တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု KNDF ဗဟို ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
ယခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့ပေါ်ကို သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်သည် ဒီးမော့ဆိုတောင်ဘက် ဖရူဆို၊ ဘောလခဲမြို့ဘက်ကို စစ်ကြောင်းထိုးရန် စတင်ပစ်မှတ်ထားလာခဲ့သည်။ ဘောလခဲမြို့နယ်သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၁) တွင် လျာထားသော နယ်မြေလည်း ဖြစ်သည်။
တပြိုင်နက်တည်းမှာပင် ဒီးမော့ဆိုမြို့ကို ဗဟိုပြုကာ မြို့နယ်အနောက်ဘက်နှင့် စက်တင်ဘာလ လလယ်တွင် မြောက်ဘက်ကိုပါ စစ်ကြောင်းတစ်ကြောင်း ထပ်ထိုးခဲ့သည်။
တောင်ဘက် ဖရူဆိုမြို့နယ်အတွင်းတွင်လည်း ထားလဲရွာဘက်သို့ ဦးတည်၍ စစ်တပ်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခဲ့ပြီး ဖရူဆိုမြို့နယ်ကျေးရွာများအနီး စစ်ကြောင်းထိုးမှုများ ပြီးခဲ့သည့်လများအတွင်း ရပ်တန့် သွားခဲ့သည်။
ထိုစဉ်ကလည်း အရေးပေါ်အခြေအနေများမှအပ အထက်ပါ ဖရူဆိုနှင့် ဘောလခဲ ဆက်သွယ်ထားသော အဆိုပါလမ်းကြောင်းကို ပြည်သူများ အသုံးမပြုရန် KNDF က ကြေညာချက်ထုတ်ခဲ့သည်။
ယခုအခါတွင်မူ အသုံးပြုခွင့် လုံးဝပေးမည်မဟုတ်ကြောင်း KNDF ဗဟို ပြန်ကြားရေးဌာန တာဝန်ရှိသူက ဆိုသည်။
“ဒီတစ်ခေါက်ကတော့ လုံးဝပေးမသွားတော့ဘူးပေါ့။ ဒီလမ်းတွေကလည်း အသုံးပြုလို့မရတော့ဘူး။ ကျွန်တော်တို့ရက်အကန့်အသတ်မရှိ ပိတ်မယ်” ဟု ၎င်းက ဆိုသည်။

ဖရူဆိုမြို့တွင် စစ်တပ်၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း (တကက-၁၄) ၊ ခြေမြန် တပ်ရင်းများဖြစ်သော ခမရ- ၄၂၈ နှင့် ခမရ- ၅၃၁ တပ်တို့ အခြေစိုက်သည်။ ဘောလခဲတွင်လည်း စစ်ဗျူဟာအခြေချ (စဗခ) နှင့် လက်အောက်ခံတပ်ရင်း သုံးရင်း အခြေစိုက်သည်။
လတ်တလောတွင် လွိုင်ကော်အရှေ့ခြမ်း၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖယ်ခုံတို့၌ စစ်တပ်ထိုးစစ် ငါးခုကို ကရင်နီကာကွယ်ရေးတပ်များ တုံ့ပြန်တိုက်ခိုက်နေရသည်ဟု KNDF က အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၁) တွင် ကရင်နီထဲမှ လွိုင်ကော်နှင့် ဘောလခဲမြို့နယ်ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့ပါဝင်သည်။
ကရင်နီဒေသတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည့် မြို့နယ်များတွင် စစ်ကြောင်းထိုး လှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNDF ဗဟို ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။
အလားတူ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းထိစပ်နေသည့် ဖယ်ခုံမြို့နယ်အနောက်ခြမ်းတွင်မူ စစ်ကော်မရှင်တပ်သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်ပူးပေါင်း၍ တော်လှန်ရေးတပ်များကို စစ်ကြောင်းထိုး တိုက်ခိုက်နေသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများသည် တောင်စလုံး ၊ မြောက်စလုံးနှင့် ဘောရန် ရွာများဝန်းကျင်တွင် ဖြစ်ပွားနေကြောင်း ရှမ်းပြည်နယ်သတင်းများ အထူးပြုဖော်ပြသည့် သျှမ်းသံတော်ဆင့်သတင်းဌာနက ရေးသား သည်။
၂၀၂၄ ခုနှစ် မေလမှ စတင်၍ စစ်ကော်မရှင်တပ်သည် ကရင်နီတွင် “ ရန်နိုင်မင်း” အမည်ဖြင့် စစ်ဆင်ရေး လုပ်နေပြီး အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ရေးအရအရေးပါသည့် ရှမ်းတောင်နှင့် ကရင်နီပြည်နယ်တွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ မြို့ လေးမြို့ကို ပြန်လည်သိမ်းပိုက်ထားသည်။
ထို့ပြင် ကရင်နီဒေသ မြို့အချို့ဆက်သွယ်ထားသော ကားလမ်းမကြီးများအား အပြည့်အဝ ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်နီတပ်မတော် (KA) ၊ ကလလတ ဟု ခေါ်သော ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA)၊ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပါဝင်သော ကရင်နီတော်လှန်ရေးတပ်များဘက်ကမူ မော်ချီး ၊ နန်းမယ်ခုံ ၊ ရွာသစ် ၊ ရှားတောနှင့် မယ်စဲ့ မြို့ ငါးမြို့ကို ဆက်လက် ထိန်းချုပ်ထားသည်။



