အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့်  PPP အမတ်လောင်း ရွေးကောက်ပွဲပြိုင်မည်

မဲဆွယ်စည်းရုံးရေးကာလရောက်နေပြီဖြစ်သည့်အတွက် လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံရထားရသည့် ၎င်းတို့၏ အမတ်လောင်းနေရာတွင် အခြားသူတစ်ဦးအစားထိုးမရတော့ဟု ဟု PPP ပါတီဘက်က ဆိုသည်။

လူသတ်မှုသံသယဖြင့် စစ်ကော်မရှင်က ဖမ်းဆီးထားသည့် တောင်ကြီးမြို့မှ ၎င်းတို့၏ အမတ်လောင်းသည် ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက အတည်ပြုသည်။ 

လာမည့်ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အတွက် ဝင်အရွေးခံမည့် အသက် ၅၂ အရွယ် PPP အမတ်လောင်း ဦးစိုင်းရွှေထီးကို လူသတ်မှုသံသယဖြင့် စစ်ကော်မရှင်က  ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူသည် တန်ဆောင်မုန်းလပြည့်ည (နိုဝင်ဘာလ ၄ ရက်၊ သန်းခေါင်ယံအလွန်၊ နိုဝင်ဘာလ ၅ ရက်) နံနက် ၂ နာရီခန့်တွင် အိမ်နီးချင်းတစ်ဦးကို ကြက်ခိုးသည်ဟုစွပ်စွဲပြီး ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် သတင်းဌာနများက ရေးသားကြသည်။

၎င်းတို့နှစ်ဦးကို စစ်ကော်မရှင်ရဲတပ်ဖွဲ့က တောင်ကြီးမြို့ အေးသာယာရဲစခန်းတွင် ချုပ်နှောင်ထားပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိချနိုင်သည့် လူသတ်မှု၊ လူသတ်မှုကို အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်ထားသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်အချို့က ဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားစဉ်။

ရွေးကောက်ပွဲစရန် လပိုင်းအလိုတွင် ဖမ်းခံခဲ့ရသည့် ၎င်းတို့၏ လွှတ်တော်အမတ်လောင်း နေရာတွင် နောက်ထပ် တစ်ဦး အစားထိုးမည်မဟုတ်ဘဲ၊ ဦးစိုင်းရွှေထီးကို ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်စေမည် ဟု  PPP ပါတီ ဒုတိယဥက္ကဌ ဦးစောဟန်အေးက ပြောသည်။

အမှုနှင့်ပတ်သက်သည့် အသေးစိတ်အခြေအနေကို ပါတီအနေဖြင့် မသိရသေးကြောင်း၊ လက်ရှိတွင် မဲဆွယ်စည်းရုံးရေးကာလရောက်နေပြီဖြစ်ရာ ဦးစိုင်းရွှေထီး၏ နေရာ၌ အစားထိုး မရတော့ဟုလည်း ၎င်းကဆိုသည်။

“ပြစ်ဒဏ်ချမှတ်ခံရလို့ UEC (ရွေးကောက်ပွဲကော်မရှင်) ဥပဒေနဲ့ ငြိရင်တော့ အရေးယူခံရမှာပေါ့။ လောလောဆယ်တော့ ကိုယ်စားလှယ်လောင်းအဖြစ်ရှိတယ်လို့ပဲ ပြောလို့ရသေးတယ်။ အမိန့်မှ မချရသေးတာ။ ရဲစခန်းမှာ အချုပ်ထဲမှာပဲရှိသေးတယ်”ဟု ဦးစောဟန်အေးက ပြောသည်။ 

စစ်ကောင်စီ၏ ရွေးကောက်ပွဲဥပဒေအရ ထောင်ကျနေသူများကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားသော်လည်း အမှုရင်ဆိုင်နေရသူများအနေဖြင့်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။ သို့သော်ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်အမတ်ဖြစ်လာသူသည် ထောင်ကျပါက အမတ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်သည်။ 

“ သူ့ကို စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ အမိန့်ချတာတွေ မလုပ်ရသေးဘူး။ ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာတော့ ကော်မရှင်က ဆုံးဖြတ်မှာပေါ့နော်”ဟု ဦးစောဟန်အေးက ပြောသည်။

Myanmar Now အနေဖြင့် စစ်တပ် ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။​

ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ခွဲထွက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်က ဦးဆောင်သည်။ တပ်မတော်အရာရှိကြီးဟောင်းများဖြစ်သည့် ဦးကျော်ဇေယျနှင့် ဦးမြင့်မောင်ထွန်းတို့က ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် PPP ပါတီသည် ကိုယ်စားလှယ်လောင်း ၂၄၀ ကျော်ဖြင့် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိသည့် ကိုယ်စားလှယ် တစ်ဦးမျှ မရှိခဲ့ပေ။

NLD ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည် ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုရှိသည်ဟု စွပ်စွဲ၍ စစ်တပ်ကို အာဏာသိမ်းရန် သွားရောက်တိုင်ကြားခဲ့သည့် နိုင်ငံရေးပါတီ  ၃၄ ပါတီထဲတွင် PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) လည်း ပါဝင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးဆောင်ခဲ့သည့် ထိုအစည်းအဝေးတွင် ဒေါ်သက်သက်ခိုင် ပါဝင်တက်ရောက်ခဲ့သည်။  

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီခန့် အစိုးရအဖွဲ့တွင် ဒေါ်သက်သက်ခိုင်သည် လူကယ်ပြန်ဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ယင်းနောက် စစ်တပ်က ၎င်းအား တာဝန်မှ အနားယူခွင့်ပြုကြောင်း ကြေညာသည်။

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် စစ်တပ်ရွေးကောက်ပွဲတွင် PPP ပါတီသည် ကိုယ်စားလှယ်လောင်း ၅၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ပါတီဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်အား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ကြောင်း စစ်တပ်ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလကုန်ပိုင်းတွင် ကြေညာသည်။

Related Articles

Back to top button