အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ပြန်သိမ်းသည့် သီပေါမြို့တွင် အရပ်သား ၅ ဦးထက်မနည်း အဖမ်းခံရ

TNLA ဆုတ်ခွာသွားသည့် သီပေါမြို့တွင် ဖမ်းဆီးခံနေရသူများ ရှိနေပြီး ကိုယ်ပိုင်စာသင်ကျောင်း အပါအဝင် နေအိမ် ၁၀ လုံးကျော် ချိပ်ပိတ်ခံရသည်ဟု ဒေသခံတို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ပြန်ထိန်းချုပ်လိုက်သည့် အာဏာသိမ်းတပ်က အရပ်သားတချို့ကို  တအာင်းတပ် (TNLA) နှင့် ဆက်စပ်မှု စွဲချက်ဖြင့် မကြာသေးခင်က တိတ်တဆိတ် ဖမ်းဆီး၊ နေအိမ်များ ချိပ်ပိတ်နေသည်ဟု မြို့ခံများထံက သိရသည်။​

အဖမ်းခံရသူများထဲတွင် အသက် ၃၀ နှင့် ၄၀ ဝန်းကျင်ကြားအရွယ်များ ဖြစ်သော သီပေါလူငယ်ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၊ K Pay ငွေအသွင်းအထုတ် ဝန်ဆောင်မှုပေးသည့်ဆိုင်ရှင်တို့ ပါဝင်သည်ဟု   သီပေါမြို့ခံတစ်ဦးက ပြောသည်။

“အဖမ်းခံရတဲ့အထဲမှာ ပရဟိတအဖွဲ့က တစ်ယောက်ပါတယ်။ ပြီးတော့ K Pay ဆိုင်က လင်မယားနှစ်ယောက် ပါတယ်။ အားလုံးဆိုရင် အဖမ်းခံရတာ ငါးယောက်ကျော်ရှိပြီ” ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

အုတ်ကျင်း၊ ပန်းတိမ်တောင်၊ တောင်မြို့၊ မြို့လယ်ရပ်နှင့် ဇာတ်စု ရပ်ကွက်မှ ဒေသခံများ အဖမ်းခံရခြင်း ဖြစ်သည်ဟု   သိရသည်။

တိုက်ပွဲကာလအတွင်း စစ်တပ်ဗုံးကြဲမှု၊ တော်လှန်ရေးအဖွဲ့များ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သဖြင့်  ပြန်လည်ပြင်ဆင်ထားသည့် သီပေါရဲစခန်းနှင့် အကျဉ်းထောင်များတွင် ချုပ်နှောင် စစ်ဆေးနေသည်ဟု မြို့ခံများက ဆိုကြသည်။

“TNLA နဲ့ ဆက်စပ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာပဲ။ တိုင်တဲ့သူလည်းရှိတာကို။ ပုဂ္ဂိုလ်ရေး အဆင်မပြေလို့ တိုင်ရင်လည်း ဖမ်းတာပဲ။ ကိုယ်ပိုင်ကျောင်းနဲ့ အိမ်တွေလည်း ချိပ်ပိတ်တာ အများကြီး” ဟု သီပေါမြို့ခံ နောက်တစ်ဦးက ပြောသည်။

“ဆရာမ ဒေါ်ဌေးဌေးဦးရဲ့ ကိုယ်ပိုင်ကျောင်း ချိပ်ပိတ်ခံရတဲ့အထဲ ပါပါတယ်။ ပြီးတော့ အရင် ပလောင်အဖွဲ့ (TNLA) နဲ့ ဆက်စပ်တယ်လို့ အတိုင်ခံရတဲ့သူတွေရဲ့ အိမ်က ၁၀ လုံးကျော်လောက်ရှိတယ်၊ ချိပ်ပိတ် သွားတာ” ဟု ထိုသူက ဆက်ပြောသည်။

သီပေါမြို့ရှိ နေအိမ်များ ချိပ်ပိတ်မှုနှင့် ဖမ်းဆီးမှုသတင်းများကို စစ်တပ်က ယခင်ကဲ့သို့ ထုတ်ပြန်ခြင်းမရှိပေ။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ၁၂ မြို့မြောက်အဖြစ် သီပေါမြို့ကို TNLA က သိမ်းပိုက် ရယူနိုင်ခဲ့ပြီးနောက် တစ်နှစ်အကြာ ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်တပ်က သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ 

သီပေါမြို့သိမ်းတိုက်ပွဲကာလ နှစ်လကျော်အတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ခံ ၃၃ ဦး သေဆုံး၊ ၈၀ ဒဏ်ရာရခဲ့သည်ဟု TNLA က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

TNLA က မြို့ကိုထိန်းချုပ်ထားချိန်ကလည်း စစ်တပ်သတင်းပေးဟု ယူဆသူများကို  ဖမ်းဆီးခဲ့သည်။

ထိုစဉ်ကလည်း စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ ဦး ဝန်းကျင် သေဆုံးခဲ့သည်၊ သီပေါမြို့ရှိ ရဲစခန်း၊ အကျဉ်းထောင်၊ စာသင်ကျောင်း၊ ဟိုတယ်နှင့် နေအိမ်များ ပျက်စီးခဲ့ရသည်။ မြို့ခံအများစုသည် လားရှိုးမြို့၊ နမ့်လန်မြို့နှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ 

ယခုအခါ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံအများစု မြို့သို့ ပြန်လာကြသည်ဟု   သီပေါမြို့ခံများထံက သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ   မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်သည့်  သီပေါတွင် စစ်တပ်က စာသင်ကျောင်း၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ထားသည်။ 

သီပေါမြို့မြေပုံ။ 

မြို့ပေါ်ရပ်ကွက်တို့ကို စစ်တပ်က ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း သီပေါမှ လားရှိုးမြို့အထွက် သီပေါ တံတားအရှေ့ဘက်အခြမ်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည်။

အလားတူ သီပေါ–နမ္မတူလမ်းပိုင်း မိုးတေတံတားအနောက်ဘက်အခြမ်းကို TNLA နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားဆဲဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း   TNLA နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည့် နောင်ချို၊  ကျောက်မဲ၊  သီပေါမြို့တို့ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက်  အရပ်သားတချို့ကို ဖမ်းဆီး၊ ပိုင်ဆိုင်မှုများ ချိပ်ပိတ်နေခြင်း ဖြစ်သည်။ 

နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ချိန်တွင်လည်း အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီ၊ ဂေါ်ရခါးလူမျိုးများ၏ ဓမ္မသာလတည်းခိုရိပ်သာ၊ အရပ်သား နေအိမ် ၂၀ ကျော်ကို ချိပ်ပိတ် ထားခဲ့သည်။

TNLA, PDF, DPLA (ဓနုတပ်) တပ်ဖွဲ့များနှင့် ဆက်စပ်မှု စွဲချက်ဖြင့် အရပ်သား အနည်းဆုံး ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု နောင်ချိုမြို့ခံများက ပြောသည်။

နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ အုမ္မသီကျေးရွာ၊ ဟိုခိုများမှ ရွာသားအချို့ ထပ်မံဖမ်းဆီးခံရပြီး နေအိမ်နှင့် ဈေးဆိုင်များလည်း ချိပ်ပိတ်ခံရသည်ဟု သိရသည်။

“ပလောင်အဖွဲ့က ကားခဏငှားရမယ်ဆိုလို့ ပေးလိုက်ရတဲ့သူတွေ၊ ကြံခုတ်လိုက်ခဲ့ဆိုလို့ လိုက်သွားရတဲ့သူ တွေကိုပါ ‘အဲလို လုပ်ပေးရမလား’ ဆိုပြီး ဒီရက်ပိုင်း ဖမ်းသွားတယ်။ ဘာအမှုနဲ့ ဆွဲမှန်းလည်း မသိရဘူး။ မထင်ရင် မထင်သလို ဖမ်းနေတာ” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင်လည်း စစ်တပ်ပြန်ဝင်ပြီးနောက် ၂၀၁၅ ခုနှစ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ ဦးလှမိုးအပါအဝင် TNLA နှင့် ဆက်စပ်သူဟု ယူဆသူ သုံးဦးထက်မနည်း စစ်ကော်မရှင် ဘက်က ဖမ်းဆီး ထားပြီး ဟိုတယ်အပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံထားရသည်။

  အောက်တိုဘာလ ၂၇ ရက်နှင့်  ၂၈ရက်နေ့ ကူမင်း ဆွေးနွေးပွဲ သဘောတူညီချက်အရ TNLA က   မိုးကုတ်နှင့်မိုးမိတ်မြို့များမှ ဆုတ်ခွာမည်ဖြစ်သည်။

TNLA တပ်ဖွဲ့က ဆက်လက်ထိန်းချုပ်ထားသည့်မြို့များမှာ  မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းတို့ ဖြစ်သည်။

လတ်တလောအပစ်ရပ်ထားမှုများကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ ရှမ်းမြောက်တွင် လေကြောင်းတိုက်ခိုက်မှုနှင့်မြေပြင်ထိုးစစ်များ ရပ်တန့်သွားသည်။ 

အပစ်မရပ်မီ အောက်တိုဘာလအတွင်း TNLA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု ၄၉ ဦးသေဆုံး၊ သံဃာတော်နှင့် ပြည်သူလူထု ၇၁ ဦးထိခိုက်ဒဏ်ရာရကြောင်း TNLA က နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်တပ်က ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိသေးပေ။

Related Articles

Back to top button