အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တစ်လကျော်အတွင်း မြန်မာဒုက္ခသည် ၂၀၀ နီးပါး ထိုင်းတွင် လုပ်ငန်းခွင််ဝင်

စခန်းအပြင်ဘက်ထွက်ခွင့် ရပြီးနောက် ဒုက္ခသည်အများအပြား ဘန်ကောက်နှင့်မြို့ကြီးများသို့ ရွှေ့ပြောင်းပြီး စက်ရုံ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်တို့တွင် လုပ်ကိုင်နေကြသည်။ လာမည့်နှစ်တွင် လုပ်ကိုင်ခွင့်ရသူ ပိုမိုများပြားလာနိုင်သည်။

မြန်မာဒုက္ခသည်များအား ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ပြုပြီး တစ်လကျော်အတွင်း ယခုလ နိုဝင်ဘာလဆန်းအထိ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် ၂၀၀ နီးပါး လုပ်ငန်းခွင့်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရာချ်ဘူရီခရိုင်တို့တွင် မြန်မာဒုက္ခသည်စခန်း ကိုးခုအထိရှိပြီး တာခ်ခရိုင်ရှိ မယ်လ၊ အုန်းဖြန်နှင့် နို့ဘိုးအပါဝင် ဒုက္ခသည်စခန်း ၅ ခုမှ မြန်မာဒုက္ခသည်များ လုပ်ငန်းခွင် ဝင်ရောက်နေခြင်းဖြစ်ကြောင်း ကရင်နှင့် ကရင်နီဒုက္ခသည်ကော်မတီများက Myanmar Now ကို ပြောသည်။

ထိုင်းနိုင်ငံ ဆီဆကက်၊ ဆာကဲ၊ ချန်တပူရီခရိုင်များအပါဝင် ဘန်ကောက်နှင့် အယုဒ္ဓယအနီးတစ်ဝိုက်ရှိ ကြက်မောက်၊ နံနတ်၊ ပီလောပီနံ၊ လိမ္မော် စသည့် ရာသီပေါ်ဥယျာဉ်ခြံလုပ်ငန်းများတွင် အဓိက သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး စောပွယ်ဆေးက ပြောသည်။

“ဒီအလုပ်တွေကို လုပ်နိုင်မယ်ဆိုရင် ကိုယ်လုပ်နိုင်ရင် ကိုယ့်အတွက်ပဲပေါ့။ မလုပ်နိုင်တဲ့သူ မသွားချင်တဲ့သူကို အတင်းအဓမ္မမသွားခိုင်းပါဘူး။ ခန်းမှန်းရတာတော့ ၂၀၂၆ မှာဆိုရင် လုပ်သားဦးရေက ကျွန်တော်ထင်တယ်။ သောင်းနဲ့ချီပြီး ထွက်ပြီးတော့ အလုပ်အလုပ်နိုင်မယ့်အနေအထားမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

“အခု ဒုက္ခသည်စခန်းထဲမှာဆိုလို့ရှိရင် အလှူရှင်တွေရဲ့အားက နည်းသွားပြီ။ ကူညီပံ့ပိုးမှုတွေကလည်း လျော့နည်းလာတော့ အလုပ်ကို ထွက်လုပ်ရမှာပဲလို့ ကျွန်တော်တို့က ခန့်မှန်းတယ်”

ဒုက္ခသည်များကို တစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ပြီးလုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် ကျန်းမာရေးစစ်ဆေးသည်၊ လုပ်ငန်းခွင်နှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးသည်၊ အခြားလုပ်ငန်းစဉ်အဆင့်ဆင့်စိစစ်ဆောင်ရွက်၍ စေလွှတ်နေသည်ဟု ၎င်းက ပြောသည်။

စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းအစိုးရက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ သတင်းအချက်လက်များကို ဖြန့်ဝေ၊ အသိပညာပေးနေကြောင်း သိရသည်။

ကရင်နီ(ကယား)နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် မယ်ဟောင်ဆောင်ခရိုင်ရှိ ဒုက္ခသည်စခန်းနှစ်ခုမှလည်း ဒုက္ခသည်အချို့လုပ်ငန်းခွင် ဝင်ရောက်နေပြီး ယခုသီတင်းပတ်ထဲတွင် ဒုက္ခသည် ၆၀ ကျော်ကို ခေါ်ယူမည်ဟု သိရကြောင်း အမည်မဖော်လိုသည့် ကရင်နီဒုက္ခသည် အမျိုးသားတစ်ဦးက ပြောသည်။

“သူလုပ်ငန်းခွင့်အခြေအနေ ဘယ်လိုရှိလဲဆိုတာ အကုန်လုံး နောကျေဖို့တော့ လိုအပ်တာပေါ့။ အလုပ်သွားလုပ်မယ့်လူထုတွေက အကုန်လုံးကို သိရမယ်။ ဒုက္ခရောက်ရင် ဘယ်နည်းလမ်းနဲ့ ဘယ်လိုနေရာတွေကို အကြောင်းကြားရမလဲ၊ အသိပေးရမလဲ၊ အဲ့ဒါတွေကို လုပ်ပေးဖို့ (အသိပညာပေးဖို့)လည်း ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

သို့သော်လည်း ထိုင်းလုပ်ငန်းရှင်အချို့က အလုပ်လုပ်ခွင့်ကို တစ်နှစ်အပြည့် မချုပ်သလို သတ်မှတ်လုပ်ခလစာမပေးဘဲ ခေါင်းပုံဖြတ်မှုများရှိသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

နယ်စပ်ဒေသတိုက်ပွဲများကြောင့် ကရင်၊ ကရင်နီ ဒေသခံတိုင်းရင်းသားများ ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလာကြသည်မှာ ရာစုနှစ်ထက်ဝက်ကြာပြီ ဖြစ်သည်။

မြန်မာဒုက္ခသည်များ အလုပ်လုပ်ခွင့်အတွက် ဆယ်စုနှစ်တစ်ခုကြာတောင်းဆိုသော်လည်း ခွင့်မပြုခဲ့ဘဲ ယခုအခါ အမေရိကန်၏ အကူအညီများရပ်ဆိုင်းခြင်းကြောင့် ဒုက္ခသည်စခန်းများ၌ အစားအသောက်၊ ဆေးဝါးများ ပြတ်လပ်လာချိန် ထိုင်းအစိုးရက ခွင့်ပြုခဲ့ကြောင်း သိရသည်။

အခက်အခဲကြုံနေချိန် ထိုင်းအစိုးရ၏ သမိုင်းဝင်ဆုံးဖြတ်ချက်ကိုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အခြားသော အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

Related Articles

Back to top button