ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ အပါအဝင် စစ်တပ်ထောက်တိုင် ၁၂ ဦးကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
သတ်ဖြတ်မှု အများဆုံး ဖြစ်ပွားခဲ့သည့် အုတ်ဖိုမြို့နယ်တွင် ၈ ဦး သေဆုံးသည်။
အသတ်ခံရသူတို့မှာ ရှမ်းကုန်းရွာ ရာအိမ်မှူး မြင့်အောင်၊ စစ်တောရွာ ရာအိမ်မှူး သန်းစိုး(ခေါ်) ကိုစိုး၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူး ထွန်းသိန်း၊ ပြည်တော်သာရွာနေ ပျူစောထီး ပြည့်စုံ၊ ဖလန်ပင်ရွာနေ စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ မြင့်ရွှေ၊ စဉ့်ကူးရွာနေ ပျူစောထီး မျိုးမင်းသူ၊ အေးမြသာယာမြို့ ပျူစောထီးခေါင်းဆောင် ဝန၊ ငွေဖလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးသောင်း တို့ဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် ဦးအေးသောင်းသည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် နောက်ဆုံးလုပ်ကြံခံခဲ့ရသူ ဖြစ်ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က ၎င်းတို့ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဦးအေးသောင်းသည် ပြည်သူများ ရွေးကောက်ပွဲတွင် မဲပေးရန် စည်းရုံးခဲ့သည်၊ စစ်သားသစ် စုဆောင်းပေးသည့်အပြင် ထိုအစီအစဉ်အတွက် ငွေကောက်ခဲ့သည်ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကြေညာချက်ထုတ်သည့် အခြားအဖွဲ့များထဲတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ-၄၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ- ၅ Black Tiger တို့လည်း ပါဝင်သည်။
နတ်တလင်း မြို့နယ်တွင် အသတ်ခံရသူတို့မှာ ချောင်းကမ်းကြီးရွာနေ ပျူစောထီးမြင့်ဇော်၊ ရှားစီးဘိုအောက်စုရွာ ရာအိမ်မှူး ဖိုးကျော်၊ စန်ကြီးလောင့်ရွာ ရာအိမ်မှူး ဇော်မင်းနိုင်တို့ ဖြစ်သည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း အသတ်ခံရသူမှာ ကြည်စုရွာနေ ပျူစောထီး ဘိုကြီး ဆိုသူဖြစ်သည်။
ထိုလေးဦးမှာ စစ်တပ်၏ရွေးကောက်ပွဲ၊ စစ်သားသစ်စုဆောင်းမှုတို့နှင့် ပတ်သက်ပြီး ပြည်သူများကို ခြိမ်းခြောက်ခဲ့သည်၊ ဖမ်းဆီးခဲ့သည်၊ ငွေကောက်ခဲ့သည်၊ စစ်တပ်စစ်ကြောင်းထိုးရာတွင် လမ်းပြပေးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
သာယာဝတီခရိုင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက အာဏာသိမ်းတပ်ကို မည်သူတို့ ကူညီနေကြောင်း စုံစမ်းနေသည်ဟု ပြောသည်။
“ရွေးကောက်ပွဲကို ကျွန်တော်တို့ရတဲ့နည်းလမ်းနဲ့ ဟန့်တားသွားမှာပါ၊ ဒီလုပ်ငန်းစဉ်မှာ အဓိက ကူညီပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ အုပ်ကြီးတွေကို သေချာစုံစမ်းပြီး သတင်းအတိအကျရမှ ရှင်းလင်းတာပါ”ဟု သူက ပြောသည်။
စက်တင်ဘာ ၁၃ရက်နေ့တွင် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တိုက်ခိုက်ခံရပြီး ရုံးအစောင့်နှင့် စစ်သားအချို့ဒဏ်ရာရရှိခဲ့သည်။
ထိုပါတီကို စစ်တပ်က ထူထောင်ပေးခဲ့ခြင်း ဖြစ်သည်။
သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲရှိ ဆင်တဲကုန်းကျေးရွာစာကြည့်တိုက်တွင် မဲစာရင်းကပ်ထားရာ အောက်တိုဘာလ ၆ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံခဲ့ရသည်။



