စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ပေါင်းစုက ဖမ်းဆီးရမိခဲ့သည့် စစ်တပ်အရာရှိများနှင့် ရဲမှူးတို့ပါဝင်သော သုံ့ပန်း ၁၃ ဦး ထွက်ပြေးသွားသည့်အတွက် လိုက်လံဖမ်းဆီးနေရာ အချို့ကို ပြန်လည်ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုနှစ် ဧပြီလအတွင်း အင်းတော်မြို့ သိမ်းပိုက်စဉ်ကတည်းက ဖမ်းဆီးထားသော စစ်သုံ့ပန်းများအနက် ၁၃ ဦး သည် အချုပ်စောင့်နေသော PDF ရဲဘော်သုံးဦးကို ပြန်လည်ဖမ်းဆီး ကြိုးတုပ်၍ သေနတ်သုံးလက် ယူဆောင်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထွက်ပြေးသွားကြခြင်းဖြစ်သည်။
“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ တချို့လည်း ပြန်လည်း ဖမ်းမိထားပြီလို့တော့ သိရတယ်။ အသေးစိတ်၊ နာမည်တွေနဲ့တော့ မသိရသေးပါဘူး” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။
ထွက်ပြေးသွားသူများမှာ မျိုးမြင့်သူ(တပ်ရင်းမှူး)၊ မြင့်မောင်မောင်စိုး(G2)၊ အောင်ဖြိုးထွန်း (G2)၊ ကျော်စိုးဦး (G3)၊ ဝေဖြိုးဦး (ကွန်မန်ဒိုတပ်စုမှူး)၊ ဝေဖြိုးအောင်(ဆက်သွယ်ရေးတပ်ခွဲမှူး)၊ မျိုးမင်းအောင် (အမြောက်တပ်စုမှူး)၊ ဘုန်းထက်အောင်(တပ်ခွဲမှူး)၊ ကျော်နိုင်စိုး(ဆေးမှူး)၊ ဟန်လင်းထွန်း(G3)၊ ဝေလွင် ဖြိုးမောင် (တပ်စုမှူး)၊ မြို့နယ်မှူး ရဲမှူးမောင်မောင်လှတင့် နှင့် စစ်တပ်သတင်းပေး အောင်မြင့်နိုင် တို့ ဖြစ်ကြသည်ဟု မြို့ခံများနှင့် အင်းတော်(PDF)နှင့် နီးစပ်သူများထံက သိရသည်။
အင်းတော်မြို့အရှေ့ဘက် ၁၇ မိုင်ကျော်အကွာ စစ်တပ် ထိန်းချုပ်ထားသည့် ကသာမြို့ဘက် ထွက်ပြေးခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်တို့တွင် ရဲမှူး မောင်မောင်လှတင့် အပါအဝင် အချို့ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ဟု အင်းတော်(PDF)နှင့် နီးစပ်သူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“အကုန်လုံး ဘယ်သူ ဘယ်ဝါဖမ်းရတယ်ဆိုတာက နာမည်အတိအကျမသိရဘူး၊ မောင်မောင်လှတင့် (ရဲမှူး) ပါတာက သေချာတယ်။ အရာရှိတွေလည်း ပြန်ဖမ်းမိတယ်” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။
“၂၈ ရက်နေ့အထိ ပြန်ဖမ်းမိတာ ထက်ဝက်ကျော်လောက် ဖမ်းမိတယ် အတိအကျတော့ မပြောပေးဘူး၊ တချို့တစ်ဝက်ကိုတော့ အသေရရှိတာပေါ့၊ အကုန်လုံးနီးပါး ပြန်မိပြီလို့ပြောတယ် အရေအတွက်ကိုတော့ မပြောနိုင်သေးဘူးပေါ့” ဟု ထိုသူက ဆိုသည်။
ဖမ်းဆီးစဉ် ၎င်းတို့က ပစ်ခတ်ခုခံသည့်အတွက် ပြန်လည်ပစ်ခတ်ရာ သေဆုံးသူအချို့ရှိသည်ဟု ဆိုကြသော်လည်း ဦးနေဘုန်းလတ်က မသိရှိသေးကြောင်း ပြောသည်။
စစ်သုံ့ပန်းများ ထွက်ပြေးသွားသည့်ဖြစ်စဉ်နှင့် ပြန်လည်ဖမ်းဆီးရမိမှု အခြေအနေအား Myanmar Now က စုံစမ်းမေးမြန်းနေသော်လည်း အသေးစိတ် မသိရသေးပေ။
ရဲမှူးမောင်မောင်လှတင့်သည် အင်းတော်မြို့ကို စစ်တပ်ထိန်းချုပ်ထားစဉ်က မြို့ခံများအပေါ် ကြမ်းတမ်း ရက်စက်ခဲ့သူဖြစ်ကြောင်း၊ အရက်မူးလာလျှင်အကြောင်းမဲ့ သေနတ်ပစ်ဖောက်ကာ လမ်းသွားလမ်းလာများအား ရိုက်နှက်လေ့ရှိကြောင်း၊ အမှုစစ်ဆေးနေစဉ် ၎င်း၏ အကြောင်းမဲ့ ပစ်သတ်မှုကြောင့် သေဆုံးသွားသည့် အချုပ်သားများလည်းရှိကြောင်း မြို့ခံများထံက သိရသည်။
သုံ့ပန်းများထဲမှ တစ်ဦးတည်းသော အရပ်သားဖြစ်သည့် အောင်မြင့်နိုင်သည် မြို့မိမြို့ဖတစ်ဦးဖြစ်ပြီး စစ်တပ်နှင့် ပေါင်းကာ အရပ်သားများအပေါ် အနိုင်ကျင့် နှိပ်စက်ခဲ့သူဖြစ်ကြောင်း PDF နှင့် နီးစပ်သော အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။
“စစ်တပ်ထောက်တိုင် ဒလန်အကြီးစား အောင်မြင့်နိုင်ဆိုတာက မြို့မိ မြို့ဖလို့လည်း ပြောလို့ရတယ်။ မြို့ထဲမှာရှိတဲ့ စစ်တပ်တွေရဲ့ လိုအပ်သမျှတွေကို အကုန်လုံးထောက်လှမ်းပေးတာပေါ့။ မြို့ခံလည်းဖြစ်တော့ ဘယ်သူ ဘာလုပ်တယ်ဆိုတာကို ထောက်လှမ်းပြီးတော့ ဖမ်းဆီးခိုင်းတာပေါ့”
ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် NUG အမှတ် (၁) စစ်ဒေသ လက်အောက်ခံတပ်များနှင့် ကျောင်းသားတပ်မတော် (ABSDF) တပ်များက ရှစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးများရှိကာ ဟောင်ဝစ်ဇာအမြောက်များအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။ တပ်မ(၇၇)၏ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်တပ်အရာရှိအများစု သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည်။
စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး နှင့် ဗန်းမောက်စသော မြို့ ခုနစ်မြို့ကို NUG က သိမ်းပိုက်ထိန်းချုပ်ထားသည်။



