ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများအနီး တိုက်ပွဲများ ဖြစ်ပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ကျေးရွာ ခုနစ် ရွာ ထက်မနည်းမှ ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။
ရေတာရှည်မြို့အရှေ့ဘက် ရွာသစ်ကျေးရွာတွင် အခြေချသည့် စစ်တပ်ကို တော်လှန်ရေးအင်အားစုများက အောက်တိုဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် သေဆုံး၊ ဖမ်းဆီးရမိသည့်ဖြစ်စဉ် ရှိခဲ့သည်။
ယင်းနောက် အောက်တိုဘာလ ၂၁ ရက်နေ့မှ စ၍ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း ဗုံးကြဲမှုများ အဆက်မပြတ် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
“PDF တွေရှိမယ့်နေရာကို မှန်းပြီး ရွာတွေဘက် ပစ်နေတာ။ မနေ့ကဆို ရွာထဲက ဘုန်းကြီးကျောင်းနားကို ဗုံးကျ ခွဲသွားတာ၊ နွားတစ်ကောင်သေသွားတယ်” ဟု စစ်တောင်းမြစ်ကမ်းဘေး ခင်တန်းကျေးရွာမှ ရွာခံ အမျိုးသမီးတစ်ဦးက အောက်တိုဘာလ ၂၃ ရက်နေ့က ပြောသည်။
လက်ရှိတွင် လူသေဆုံးမှုမရှိသော်လည်း နေအိမ်အဆောက်အအုံအချို့နှင့် တိရစ္ဆာန်အချို့သာ ထိခိုက်မှုရှိကြောင်း ဒေသခံများထံက သိရသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ခင်တန်း၊ ကျိတ်ပုတီး၊ ရွာသစ်၊ ဆွာရွာမကြီး၊ ထန်းပင်ကုန်း၊ အိုးမြေတူး ၊ စည်ပိုင်း၊ ရှမ်းစု စသည့် ကျေးရွာမှ ဒေသခံ ၅၀၀ ထက်မနည်း ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရသည်။
“ဒီမှာက စစ်ရှောင်စခန်းလည်းမရှိကြဘူး၊ ဒီရွာဖြစ်ရင် တခြားရွာပြေး၊ ဘုန်းကြီးကျောင်းမှာနေ၊ ဒီလိုနေကြတာပဲ။ အမျိုးရှိတဲ့သူတွေကတော့ မြို့ပေါ်တက်ပြီးနေကြတာပေါ့၊ ပြီးရင် ပြန်လာ၊ တိုက်ပွဲဖြစ်ရင် ပြန်ပြေးနဲ့ပဲ နေကြရတာ” ဟု စစ်ရှောင်နေရသော ရွာသစ်ကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
ရေတာရှည်မြို့ပေါ်နှင့် ငါးမိုင်ကျော်ကွာဝေးပြီး စစ်တောင်းမြစ်ကမ်းဘေးတွင်ရှိသည့် ဆွာရွာမကြီးနှင့်၊ ရွာသစ်ကျေးရွာတို့တွင် စစ်တပ်က အခြေချလှုပ်ရှားသည်။
“စစ်တပ်က ဘယ်အချိန် ဘယ်နေရာကို ပစ်မှန်းမသိတော့ မြို့ပေါ်မသွားနိုင်တဲဒေသခံတွေက ဟိုရွာက လူက ကိုယ့်ရွာရောက်၊ ကိုယ်က သူတို့ရွာရောက်၊ အဲဒီလိုတွေ သံသရာလည်နေကြတာ၊ ညကျရင်တော့ ဘုန်းကြီးကျောင်းမှာ စုအိပ်ကြတာပဲ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

စစ်တောင်းမြစ်အနီး တိုက်ပွဲများနှင့်လေကြောင်းတိုက်ခိုက်မှုများမရှိတော့သည်မှာ ခြောက် လ နီးပါး ကြာမြင့်နေပြီဖြစ်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မစမီ နှစ်လ အလိုတွင် တိုက်ပွဲများ ပြန်လည်ဖြစ် ပွားလာကြောင်း ဆိုသည်။
စစ်တပ် ရွေးကောက်ပွဲကို အသိမှတ်မပြုဘဲ ရသမျှနည်းလမ်းဖြင့် ဟန့်တားသွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်၍ စစ်တပ်ရှိသည့်နေရာများတွင် မနေထိုင်ရန် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် လှုပ်ရှားနေသည့် တပ်ဖွဲ့များက သတိပေးထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ ထိုကျေးရွာများတွင် ပြန်လည်နေထိုင်ရန် စိုးရိမ်စိတ်များ ရှိနေကြောင်း အထက်ပါ ရွာသစ်ရွာခံ အမျိုးသမီးက ဆိုသည်။
တိုက်ပွဲဖြစ်သည့် အောက်တိုဘာလ ၂၀ ရက်နေ့က ရေတာရှည်မြို့နှင့် ဆွာမြို့ပေါ်များသို့ သွားရောက်ရာတွင် ဖြတ်သန်းရမည့် သာဂရမြစ်ကူးတံတား ပိတ်ထားခဲ့ပြီး နောက်ရက်တွင် မှတ်ပုံတင်နှင့် စစ်ဆေးမှုများလုပ်၍ သွားလာခွင့်ပေးကြောင်း ရေတာရှည်မြို့ပေါ်သို့ စစ်ဘေးရှောင်လာသည့် အထက်ပါ ခင်တန်းရွာခံ အမျိုးသမီးက ဆိုသည်။
စစ်တောင်းမြစ်အနီး ရွာများနှင့် မြို့ပေါ်များသို့ သွားရာတွင် အရေးပါသည့် အဆိုပါမြစ်ကူးတံတားတွင် စစ်တပ်က လုံခြုံရေး ယူထားပြီး ဆန်၊ ဆီ၊ ဆားအပါအဝင် ရိက္ခာများကို အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပြုသည်။ သတ်မှတ်ထားသည်ထက် သယ်ဆောင်လိုပါက ငွေကြေးပေးဆောင်ရကြောင်း သိရသည်။
နိုင်ငံအလယ်ပိုင်းပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်း ဒေသသည် သွားလာရေးနှင့် စစ်ရေးအရ အချက်အချာကျသောကြောင့် ထိုဒေသကို ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေသည်။
ထိုဒေသတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် လက်အောက်ခံ တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များက အခြေချလှုပ်ရှားနေကြသည်။



