စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လေး နာရီကျော်အကြာတွင် အလောင်း လာယူရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အင်းတော်မြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မော်တိတ်ရွာမှ အသက် ၃၈ နှစ်အရွယ် ကိုဇော်ထွေး ကို ထိုနေ့ည ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်ခိုးမှုတစ်ခု၏ အမှုတွဲအနေဖြင့် စစ်ဆေးရန်ရှိသည် ဟု ဆိုကာ ပကဖအဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မော်တိတ်ရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ရွာသာယာကျေးရွာကို ခေါ်ဆောင်သွားကြခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁ နာရီခန့်တွင် ကိုဇော်ထွေးသေဆုံးသွား၍ အလောင်းလာယူရန် ပကဖက အကြောင်းကြားခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဆိုင်ကယ်ခိုးမှုသံသယနဲ့ ဆိုပြီးတော့ အမျိုးသားတစ်ယောက်ကို ဖမ်းသွားတာပေါ့လေ ဖမ်းပြီးတော့မှ မိသားစုကို သေပြီဆိုပြီး အကြောင်းကြားခဲ့တာ နာရီပိုင်းအတွင်းပေါ့” ဟု ထိုသူက ဆိုသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် မိသားစုဝင်များနှင့် ရွာခံများက အလောင်းသွားယူခဲ့ရာ တစ်ကိုယ်လုံးနီးပါး ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
“အလောင်းကို စစ်ကြည့်တော့ တစ်ကိုယ်လုံးညိုမဲနေတယ် ခေါင်းမှာ ဒဏ်ရာ ကြီးကြီးမားမား တစ်ချက်ရှိတယ်။ နောက်က အဆုတ်တည့်တည့်မှာ သေနတ်ပြောင်းနဲ့ ထိုးထားသလို ဒဏ်ရာသုံးချက်တွေ့ရတယ်။ နောက်တစ်ခါ မျက်နှာတစ်ပြင်လုံးလည်း ညိုမဲနေတယ်” ဟု မိသားစုဝင်များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။

ဒဏ်ရာဒဏ်ချက် အများအပြားနှင့် သေဆုံးသွားသော ကိုဇော်ထွေးသည် ဆိုင်ကယ်ခိုးမှုနှင့် သက်ဆိုင်မှုမရှိဘဲ သံသယဖြင့်သာ ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်ကြောင်း၊ သေဆုံးမှုအတွက် ပကဖအဖွဲ့က တာဝန်ယူမှု မရှိကြောင်း ဒေသခံများက ဆိုကြသည်။
ကိုဇော်ထွေးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီး ၎င်းတွင် ဇနီး၊ အသက် ငါး နှစ်နှင့် ရှစ် နှစ်အရွယ် ကလေးနှစ်ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်နည်းတူ အရပ်သားများကို ဖမ်းဆီးပြီး နာရီပိုင်းအတွင်း အလောင်းလာယူခိုင်းသည့် အင်းတော် ပကဖအဖွဲ့၏ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချသည်ဟု ဒေသခံအချို့က ဆိုသည်။
အထက်ပါစွပ်စွဲချက်နှင့် ပတ်သက်ပြီး အင်းတော် ပကဖအဖွဲ့ ကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များနှင့် မဟာမိတ်တပ်များက သိမ်းယူခဲ့ပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ရဲတပ်ဖွဲ့အဖြစ်ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)အဖွဲ့ တို့က အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်နေသည်။
လက်ရှိတွင် အင်းတော်မြို့နှင့် အနီးအနားနယ်များတွင် NUG လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ၏ လက်ချက်ဖြင့် အချုပ်သားများ သေဆုံးမှု မကြာခဏဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ အထက်ပါ အမျိုးသားက ပြောသည်။
၂၀၂၃ ခုနှစ်က တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုတွင် အချုပ်ကျနေသည့် အရပ်သား တစ်ဦးသည် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ရဲတစ်ဦး၏ ကန်ကျောက်မှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ် တစ်ခုနှင့် မူးယစ်မှုဖြင့် အချုပ်ကျနေသည့် အချုပ်သားတစ်ဦးကို ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု အထက်ပါ အမျိုးသားက ထုတ်ဖော်ပြောဆိုသည်။
“အောက်တိုဘာလထဲမှာ မူးယစ်မှုနဲ့ ဖမ်းခံရတဲ့ အချုပ်သားတစ်ယောက်က ထွက်ပြေးလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ အဲဒါ မော်လူးထဲကပဲ အဲဒီအချုပ်သားက” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး နှင့် ဗန်းမောက်မြို့များကို NUG သိမ်းပိုက်ထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။
(အရပ်သားသေဆုံးမှုနဲ့ ပတ်သက်ပြီး အင်းတော်ပကဖ ဒုတာဝန်ခံကို ဖမ်းဆီးထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က Myanmar Now ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြန်လည်ဖြေကြားချက်ကို ဖြည့်စွက်ထားပါသည်။
“တာဝန်ရှိတဲ့ ပကဖကို ကျွန်တော်တို့ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်ဗျ။ ပြီးရင် ပေါ်ပေါက်မှုအပေါ် မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျ” ဟု ဦးနေဘုန်းလတ်က ပြောသည်။)



