အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမြို့မှ NLD ပါတီဝင် အမျိုးသမီး ၅ ဦးကို  ထောင်ဒဏ် နှစ်ရှည်ချမှတ်

မန္တလေးဒေသခံ NLD ပါတီဝင် အမျိုးသမီး ၅ ဦးကို စစ်ကော်မရှင်လက်အောက်ခံ မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်သည်။

မန္တလေးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် NLD အမျိုးသမီး ငါး ဦးကို စစ်ကော်မရှင်လက်အောက်ခံ မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်) တွင် ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက်သည်ဟု စုံစမ်းသိရသည်။

အမရပူရမြို့နယ် NLD ပါတီအတွင်းရေးမှူး အသက် ၅၂ နှစ်အရွယ် ဥုံဥုံ ခေါ် ဒေါ်ဥမ္မာဝင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မများဖြစ်သည့် ၅၀(က)၊ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခဲ့သည်။

ဒေါ်ဥမ္မာဝင်း၏ သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မဖွေးသန့်ဖြူနှင့် အသက် ၃၉ နှစ်အရွယ် မအိသူအေး(ခ) ယုန်လေးတို့ကို ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် စီ၊ အသက် ၄၈ နှစ် အရွယ် ဒေါ်ခင်ဖြူဖြူအောင်နှင့် ၄၀ ဝန်းကျင် အရွယ် ဒေါ်ရီဝင်းတို့ကို ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၂၂ နှစ် စီ အိုးဘိုထောင်တွင်း တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဥုံဥုံ ခေါ် ဒေါ်ဥမ္မာဝင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်တွင် ကျရောက်သည့် ၃၇ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အောက်မေ့ဖွယ် အိုးဘိုထောင်တွင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် တိုက်ပိတ်ခံထားရသည် ဟုလည်း မိသားစုနှင့်ရင်းနှီးသည့် NLD ပါတီဝင် တစ်ဦးက Myanmar Now ကို ပြောသည်။

“ဥုံဥုံနဲ့ နောက်တစ်ဦးက ထောင်ထဲမှာ တိုက်ပိတ်ခံထားရတာ။ သူ့ကိုတော့ မျက်ကွယ်အမိန့်ချတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ 

ဒေါ်ဥမ္မာဝင်းသည် ကျီးပေါင်းရောဂါကြောင့် ဆေးစွဲသောက်နေရပြီး တိုက်ပိတ်ပစ်ဒဏ်ပါ ချမှတ်ခံထားရခြင်းကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“စရောက်တုန်းက အမိန့်မချရသေးတော့ ဆေးကုခွင့်မရဘူး အခုက တိုက်ပိတ်ထားတော့အခြေအနေတွေ ဘာမှမသိရဘူး။ လေးလ တိုက်ပိတ်ခံထားရတာ ရက်မပြည့်သေးတော့ ထောင်ဝင်စာလည်း ပို့မရဘူး” ဟု ပြောသည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူများအနက် ဒေါ်ဥမ္မာဝင်း(ပန်းပန်ထားသူ) နှင့် ဒေါ်ခင်ဖြူဖြူအောင်တို့ကို တွေ့ရပုံ။

ထိုအမျိုးသမီး ငါး ဦးသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကိုယ်ပိုင်ကားတစ်စီးဖြင့်ခရီးသွားရာ စစ်ကိုင်း-မုံရွာ ကားလမ်းမပေါ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့နောက် ငါး လအကြာ ဩဂုတ်လတွင် အိုးဘိုထောင်သို့ ရောက်ရှိနေကြောင်း မိသားစုများက သိရှိခဲ့ရသည်။

အိုးဘိုထောင်သို့ရောက်အပြီး မိသားစုနှင့် အဆက်အသွယ်ရချိန်တွင် ယင်းတို့ကို စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း နှင့် နုံးရွာအကြား စစ်တပ်ဂိတ်တစ်ခုတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းမြို့နယ်ရဲစခန်းတွင် ကနဦး ချုပ်နှောင်ခဲ့သည်။

ယင်းနောက် ရက်ပိုင်းအကြာတွင် တပ်မ (၃၃) သို့ ပို့ဆောင်၍ ထပ်မံစစ်ဆေးခဲ့သည်။ ထိုမှတဆင့် လအနည်းငယ် အကြာတွင် မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ဆိုသည်။

“သူတို့က အရင်ကတည်းက ပါတီမှာ လူသိများတဲ့ သူတွေပေါ့နော် ဒါ့ကြောင့်လည်း အာဏာသိမ်းပြီး ကတည်းက ရှောင်တိမ်းနေကြတာ။ အခုက ခရီးသွားလာရင်း ဖြစ်သွားရတာ စိတ်မကောင်းဘူး”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ယင်းတို့ကို ဖမ်းဆီးထိန်းသိမ်းမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်က ယနေ့အချိန်ထိ သတင်းထုတ်ပြန်ခြင်းမရှိပေ။

စစ်ကော်မရှင်သည် NLDပါတီ၏ မန္တလေးတိုင်း အလုပ်မှုဆောင်ကော်မတီဝင်နှင့် ပါတီအောင်နိုင်ရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ပါတီ၏ ဥပဒေအကြံပေးလည်းဖြစ်သည့် လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကိုလည်း အကြမ်းဖက်ပုဒ်မဖြင့် အိုးဘိုထောင်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားသည်။

ဒေါ်ရွက်နုအောင်သည် အာဏာသိမ်းပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် NLD ပါတီ နာယက ဦးဝင်းထိန်၊ NLD ပါတီ ဒုဥက္ကဋ္ဌ(၂) လည်းဖြစ် မန္တလေးတိုင်း ဝန်းကြီးချုပ် ဒေါက်တာဇော်မြင့်မောင်(ကွယ်လွန်) တို့ အပါအဝင် NLD ပါတီဝင်အချို့၏ တရားရုံးချိန်းများကို လိုက်ပါကူညီနေစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁  ရက် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ခံ ရဟန်သံဃာများ၊ ဆရာဝန်၊ အင်ဂျင်နီယာများ၊ NLDပါတီဝင်များ၊ ကျောင်းသားလူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မြို့ခံများကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အများစုကို မန္တလေးအိုးဘိုထောင်တွင် ချုပ်နှောင်ထားသည်။

NLD ပါတီ လူ့အခွင့်အရေးမှတ်တမ်း ကောက်ယူရေးအဖွဲ့၏ ဩဂုတ်လ ၂၅ ရက်က ထုတ်ပြန်သော အစီရင်ခံစာ အရ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး၊ ပါတီဝင် ၂,၈၃၆ ဦးကို စစ်ကော်မရှင်က ဖမ်းဆီးထား သည်ဟု ဆိုသည်။ ထို့ပြင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနှင့် ပါတီဝင် ၂၅၈ ဦး၏ ပိုင်ဆိုင်မှုများလည်း ချိပ်ပိတ်ခံထားရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ NLD ပါတီ၏ ဗဟိုရုံးချုပ်အပါအဝင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးရုံးများလည်း ဖျက်ဆီးခံရပြီး အကြိမ်ရေ ၁၆၇ ကြိမ်ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အလားတူ NLD ပါတီအပါအဝင် ထင်ရှားသည့် အင်အားကြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ကိုလည်း စစ်ကော်မရှင်ထိန်းချုပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လတွင် ဖျက်သိမ်းခဲ့သည်။

Related Articles

Back to top button