မြန်မာဒုက္ခသည်များအား ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့် ပြုပြီးနောက် သုံးပတ်အကြာ ယခုလ အောက်တိုဘာလ ၁၈ ရက်မှစ၍ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် (TAK) ဒုက္ခသည်စခန်း သုံးခုမှ မြန်မာ ဒုက္ခသည်များ ပထမဆုံးအကြိမ် လုပ်ငန်းခွင်စဝင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အလုပ်လုပ်ခွင့်စတင်ခွင့်ပြုခဲ့ပြီးနောက် တာခ်ခရိုင်ရှိ မယ်လ၊ အုန်းဖြန်နှင့် နို့ဘိုးဒုက္ခသည်စခန်း သုံး ခုကို ထိုင်းအာဏာပိုင်များက ယခုဆန်းတွင် အလုပ်လုပ်ရန် လာရောက်စာရင်းတင်သူ ၁၉,၀၀၀ ကျော်ကို လုပ်ငန်းစဉ်အဆင့်ဆင့် စစ်ဆေးပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့နောက်ပိုင်း လုပ်ငန်းခွင်ဝင်ရန် စီစဉ်နေကြောင်း ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး စောပွယ်ဆေးက Myanmar Now ကို ပြောသည်။
ကျန်းမာရေးဆေးစစ်ခြင်း၊ လုပ်ငန်းခွင်နှင့်ကိုက်ညီမှုရှိမရှိစစ်ဆေးခြင်း၊ အခြားလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်လျှက်ရှိကာ ပထမဆုံးအသုတ်အဖြစ် ကြံလုပ်ငန်း၊ သစ်သီးဝလံလုပ်ငန်း၊ အထည်ချုပ်နှင့် စက်ရုံလုပ်ငန်းများတွင် စတင်အလုပ်လုပ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“Migrant Worker(ရွှေ့ပြောင်းလုပ်သား) လိုပဲပေါ့နော်။ ဖြည့်စွက်ရမယ့် လျှောက်လွှာဖောင်တွေ၊ စာရွက် စာတမ်းတွေသွားယူရမယ်။ ဒုက္ခသည်နဲ့ဆိုင်တဲ့အတွက် ဒုက္ခသည်အာဏာပိုင်တွေကနေပြီး လက်မှတ် ထိုးပေးရမယ်။ ပြီးတော့ အထက်လွှာကို အဆင့်ဆင့်တင်ရမယ်။ နောက်ပြီးတော့ (ထိုင်း) အလုပ်သမားဝန်ကြီးဌာန က အတည်ပြုလက်မှတ်ထိုးပြီးတော့ လုပ်ငန်းခွင်ထဲဆင်းလို့ရပြီးပေါ့” ဟု စောပွယ်ဆေးက ပြောသည်။
ထိုင်းလုပ်ငန်းရှင်များက ဒုက္ခသည်စခန်းများအထိ လာခေါ်ယူရမည်ဖြစ်ကာ အလုပ်သမား အရေအတွက် အတိအကျ မသိရသေးကြောင်း၊ ပထမဆုံးအကြိမ်ဖြစ်၍ သွားရေးလာရေးနှင့် အခြားအခက်အခဲများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရာချ်ဘူရီခရိုင်တို့တွင် မြန်မာဒုက္ခသည်စခန်း ကိုးခုအထိရှိပြီး ဒုက္ခသည်ပေါင်း သိန်းဂဏန်းဝန်းကျင်ရှိကာ ထိုအရေအတွက်မှ ထက်ဝက်ခန့်သည် ဒုက္ခသည်စခန်းတွင်း မွေးဖွားလာသူ များ ဖြစ်သည်။
ထိုင်းအစိုးရ၏ သတ်မှတ်စာရင်းများထဲတွင် အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား အလုပ်လုပ်နိုင်သည့် ဒုက္ခသည်ဦးရေမှာ ၄၀,၀၀၀ ကျော် ရှိနိုင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တစ်နှစ်ကြာအလုပ်လုပ်ခွင့် စတင်ရရှိကြမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဒုက္ခသည်များအလုပ်လုပ်ခွင့် စတင်အသက်ဝင်ပြီ ဖြစ်သော်လည်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း သုံးခုတွင်မူ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်းထိခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ အမည်မဖော်လိုသည့် ကရင်နီဒုက္ခသည် အမျိုးသားတစ်ဦးက ပြောသည်။
ထိုင်းအစိုးရက ထုတ်ပြန်ထားသည်း အလုပ်လုပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအား မြန်မာဘာသာပြန်ဆို၍ ဒုက္ခသည်များကို အသိပေးရန်စီစဉ်နေပြီး လုပ်ငန်းခွင့်ဆိုင်ရာအသိပညာများ ထပ်မံသင်ကြားရဦးမည်ဖြစ်၍ အချိန်ကြာနိုင်သေးကြောင်း ၎င်းက ဆိုသည်။
“ဘာသာပြန်ပြီးမှ အသိပေးမယ်။ အသိပေးပြီးမှ ခုနက အလုပ်သွားလုပ်မယ့်သူတွေကို လိုအပ်တဲ့ အသိတွေကို ထည့်ပေးဖို့က အချိန်က လိုဦးမလားပေါ့နော်။ လိုအပ်လိုရှိရင် ထပ်ကြာဦးမယ်။ ဆိုတော့ အခု နိုဝင်ဘာလကုန် သို့မဟုတ် နှစ်ကုန်လောက်မှ ရယ်ဒီ (အဆင်သင့်) ဖြစ်မလားပေါ့” ဟု ၎င်းက ဆက်ပြောသည်။
တရားဝင်အလုပ်လုပ်နိုင်ရေးအတွက် စခန်းမှ ထွက်ခွာခွင့်ကို ခရိုင်မှူးများထံ တောင်းခံခြင်း၊ ဆေးစစ်၍ ကျန်းမာရေးအာမခံရယူခြင်း၊ အလုပ်လုပ်ခွင့် လျှောက်ထားခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့နောက် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသည့် အလုပ်များမှလွဲ၍ ကျန်အလုပ်အားလုံး လုပ်နိုင်သည့် တစ်နှစ်အလုပ်လုပ်ခွင့် လက်မှတ် ရရှိမည်ဖြစ်သည်။
နယ်စပ်ဒေသတိုက်ပွဲများကြောင့် ကရင်၊ ကရင်နီ (ကယား) နှင့် ဒေသခံတိုင်းရင်းသားများသည် ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နယ်စပ်ရှိ ထိုင်းခရိုင် လေး ခုတွင် ရှိသော ဒုက္ခသည်စခန်း ကိုး ခုတွင် ခိုလှုံလာကြသည်မှာ ရာစုနှစ်ထက်ဝက်ကြာပြီ ဖြစ်သည်။
မြန်မာဒုက္ခသည်များ အလုပ်လုပ်ခွင့်အတွက် ဆယ်စုနှစ်တစ်ခုကြာတောင်းဆိုသော်လည်း ခွင့်မပြုခဲ့ဘဲ ယခုအခါ အမေရိကန်၏ အကူအညီများရပ်ဆိုင်းခြင်းကြောင့် ဒုက္ခသည်စခန်းများ၌ အစားအသောက်၊ ဆေးဝါးများ ပြတ်လပ်လာချိန် ထိုင်းအစိုးရက ခွင့်ပြုခဲ့ကြောင်း သိရသည်။
အခက်အခဲကြုံနေချိန် ထိုင်းအစိုးရ၏ သမိုင်းဝင်ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အခြားသော အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။



