တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် မြို့များကို ပစ်မှတ်ထားနေသည့် စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် အတွင်းမှ မိုင်းလုံမြို့၊ မိုင်းငေါ့မြို့များအား နှစ်ရက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်နှစ်သား ကလေး အပါအဝင် ၁၂ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၇ ရက်နေ့) မွန်းတည့်ချိန်တွင် မိုင်းလုံမြို့နယ်၊ မန်ဟုန်ကျေးရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့သည်ဟု ဆိုကြသည်။
“မိုင်းလုံမှာက သီတင်းကျွတ်ပြီးတော့ နောက်ရက်မှာဖြစ်တာ။ သီတင်းကျွတ်အလှူလုပ်တာတွေ မပြီးသေးဘူး။ လူအုံနေတဲ့အချိန် ချသွာတာ” ဟု ဖြစ်စဉ်အခြေအနေသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
အသက် နှစ် နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသား လေးဦး၊ အမျိုးသမီးခြောက်ဦး သေဆုံးပြီး သုံး ဦးခန့် ဒဏ်ရာရသည်ဟု ဟု သိရသည်။
သေဆုံးသူများမှာ အိုက်ဆန်ကြာ (၃၇ နှစ်)၊ ကိုစံပွင့် (၃၅ နှစ်) ၊ စိုင်းအောင်ဆာ (၂၉ နှစ်) ၊ အိုက်ထက် (၂၇ နှစ်) ၊ ဒေါ်အုန်းခင် (၄၅ နှစ်) ၊ မလှစိန် (၂၅ နှစ်) ၊ ဒေါ်အေးမေ (၃၉ နှစ်) ၊ မခင်ပ (၂၉ နှစ်) ၊ မအေးတိတ် (၂၂ နှစ်) နှင့် မောင်အိုက်ဦး (၂ နှစ်) တို့ ဖြစ်ကြသည်။
မိုးကုတ် – ကျောက်မဲလမ်းပေါ်ရှိ မိုင်းလုံမြို့သည် စစ်တပ်က ပြန်သိမ်းထားသည့် ကျောက်မဲမြို့ နှင့် ၅၅ မိုင် ကွာဝေးပြီး မိုးကုတ်မြို့နှင့် မိုင် ၂၀ ကျော်အကွာတွင် တည်ရှိသည်။
ယင်းနေ့ နံနက်က နမ္မတူမြို့လယ်ခေါင်အား ဗုံးကြဲခံရပြီးနောက် နေ့လယ်တွင် မိုင်းလုံမြို့အား ဆက်လက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ယနေ့ (အောက်တိုဘာလ ၈ ရက်နေ့) နံနက် ၁၁ နာရီအချိန်တွင် ကျောက်မဲမြို့နှင့် ၃၁ မိုင်အကွာ မိုင်းငေါ့မြို့ ဗုံးကြဲခံရရာ အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု TNLA က သတင်းထုတ်ပြန်သည်။
မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစခန်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားနေအိမ်များမှ အသက် ၅၀ အရွယ် ဒေါ်လှရီနှင့် အသက် ၅၆ နှစ်အရွယ် ဦးရွှေဟုန် သေဆုံးခဲ့သည်။ ယင်းအပြင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ရှစ် လုံး ပျက်စီးခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်သည် ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ကျောက်မဲမြို့အား ပြန်သိမ်းပိုက်ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ TNLA ထိန်းချုပ်ရာ နမ္မတူ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံမြို့များအား လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲခဲ့သည်.
ထိုတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၂၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရထားသည်။
သေဆုံးသူများတွင် မိုင်းလုံမြို့မှ ကလေး တစ်ဦး အပါအဝင် ၁၀ ဦး၊ နမ္မတူမြို့မှ လေးဦး၊ သီပေါမြို့ ကျင်သီရွာမှ အမျိုးသား နှစ်ဦး၊ နမ့်ဆန်မြို့မှ ကလေးငယ်နှစ်ဦး၊ မိုင်းငေါ့မြို့မှ နှစ်ဦး ဖြစ်သည်။
“၁၀၂၇” စစ်ဆင်ရေးကာလအတွင်း မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် စသော မြို့ပေါင်း ၁၂ မြို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သည်။
သို့ရာတွင် စစ်တပ်က တရုတ်ဖိအားဖြင့် ထိုမြို့များကို တောင်းယူနေပြီး အခြားတစ်ဖက်တွင် ထိုးစစ်အရှိန်မြှင့် သိမ်းပိုက်နေသဖြင့် TNLA က နောင်ချိုနှင့်ကျောက်မဲကို လက်လွှတ်လိုက်ရသည်။ စစ်တပ်က TNLA ကို နမ့်ဆန်နှင့် မန်တုံနှစ်မြို့သာ ပေးမည်ဟု ဆိုသည်။
ထို့နောက် စစ်ကော်မရှင်တပ်သည် မိုးကုတ်ဘက်သို့ ထိုးစစ်ဆင်သလို သီပေါမြို့အား ဆက်ထိုးစစ်ဆင်နေရာ ယခုရက်များအတွင်း သီပေါမြို့နှင့် ၁၅ မိုင်အကွာ လွယ်ခေါ်ကျေးရွာရှိ TNLA တပ်စခန်းများကို တိုက်ခိုက်နေသည်ဟု စစ်တပ်ထောက်ခံသူများက ဆိုသည်။
ထိုတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ TNLA ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ခရိုင်မြို့ကြီးဖြစ်သည့် ကျောက်မဲမြို့နယ်အောက်တွင် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့မြို့များပါဝင်သည်။
နောင်ချိုနှင့် ကျောက်မဲမြို့အား စစ်တပ်က သိမ်းပိုက်ထားပြီး ကျောက်မဲခရိုင်ရှိ TNLA ထိန်းချုပ်ရာ မြို့များအား ထပ်မံထိုးစစ်ဆင်နိုင်သဖြင့် အဆိုပါမြို့များတွင် လေကြောင်း အန္တရာယ်ပိုမို သတိပြုရမည့် အခြေအနေ ရှိနေသည်။
သီပေါနှင့်နမ္မတူဒေသခံအများအပြားလည်း စတင်တိမ်းရှောင်နေကြရပြီးနောက် TNLA ထိန်းချုပ်သည့် အခြား နှစ်မြို့ကိုလည်း လေတပ်က တိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်တပ်က ဒေသခံများ မနေထိုင်ကြစေရန်နှင့် ကြောက်လန့်စေရန် ရည်ရွယ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ အမျိုးသား အခြားတစ်ဦးလည်း ပြောသည်။
“ တအာင်းတပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာရှိတဲ့ ဒေသခံတွေကို စကစထိန်းချုပ်တဲ့ ကျောက်မဲ၊ လားရှိုးဘက် ကို ရှောင်စေချင်တဲ့ အနေအထားပေါ့။ အဲ့လိုမျိုးနဲ့ ဒေသခံတွေကို ဦးတည်ပြီး ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့လည်း ကျွန်တော်မြင်တယ်” ဟု ထိုသူက ဆိုသည်။
စစ်ရေးနှင့်မသက်ဆိုင်သည့်နေရာများကို ဗုံးကြဲခြင်းဖြစ်သောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေပြီး အများစုမှာ ကိုးကန့်တပ်ထိန်းချုပ်ထားနေရာများနှင့် စစ်တပ် ထိန်းချုပ်သည့် လားရှိုးမြို့သို့ တိမ်းရှောင် ကြကြောင်း ၎င်းက ဆက်ပြောသည်။
“ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ သူတို့နယ်မြေတွေ၊ သူတို့ထိန်းချုပ်တဲ့နယ်မြေတွေကို ရှောင်ကြ တာရှိပါတယ်။ သူတို့ ရွေးကောက်ပွဲလုပ်ချိန်မှာ မဲများများရနိုင်မယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။



